Now! Fashion Forward

မြို့လယ်မှာ ကွန်ဒိုကျယ်ကျယ် လိုတယ်ဆိုရင်

House Of The Weekဒီတိုက်ခန်းကျယ်က ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိ တဲ့ ဆီးဂရင်းန်တာဝါရဲ့ ဆယ်ထပ် မြောက်မှာတည်ရှိ ပါတယ်။ အထပ်မြင့် မှာဖြစ်တဲ့အတွက် ဗိုလ်အောင်ကျော် လမ်းနဲ့ ကျောက်တံတားမြို့နယ် တစ်ဝိုက်ရဲ့မြင်ကွင်း တွေကို ရှုမြင်နိုင်မယ်၊ လေကောင်းလေသန့်ရရှိနိုင်မယ် စတဲ့ အားသာချက်လေးတွေရှိနေပါတယ်။......

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်) အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

ဆီယမ်ရိက ရွှေမြန်မာတို့ရဲ့ လူမှုဘ၀ပုံရိပ်

အေးစပယ်ဖြူနှင့် ချယ်ရီသိန်း
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၂)

News Pic
ကမ္ဘောဒီးယားနိုင်ငံ အန်ကောဝပ်ဘုရားကျောင်းအနီးတွင် တွေ့ရသော ခရီးသွားတစ်စု။ ဓာတ်ပုံ-အေအက်ဖ်ပီ

ကမ္ဘောဒီးယားနိုင်ငံက ကမ္ဘာကျော် အန်ကောဝပ်ကျောင်းတော်ကြီးရှိရာ ဆီယမ်ရိမြို့လေးကို တစ်ခါတစ်ခေါက် အလည်ရောက်တုန်း မြန်မာ မိသားစု အသိုင်းအ၀ိုင်းရဲ့ လူမှုဘ၀ ပုံရိပ်အချို့ ကိုလည်း အမှတ်တရ လေ့လာခွင့်ရခဲ့ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံဟာ မြန်မာနိုင်ငံ နဲ့ ဘာသာစကား ကွဲပြားတာက လွဲပြီး ရေမြေတောတောင်နဲ့ ဓလေ့စရိုက်တွေ အတော်နီးစပ်ပါတယ်။ ဗုဒ္ဓဘာသာဝင် အများစုရှိတဲ့နိုင်ငံလည်း ဖြစ်ပါတယ်။

ဆီယမ်ရိနယ်အပါအ၀င် ဖနွမ်းပင်နဲ့ တခြားနယ်တွေမှာနေထိုင်တဲ့ မြန်မာ ဦးရေကတော့ ရာကျော်ရှိတယ်လို့ မြန်မာအသိုင်းအ၀ိုင်းက ဆိုပါတယ်။

ဆီယမ်ရိကတော့ နယ်မြို့လေးဖြစ်တာကြောင့် မြန်မာမိသားစုဦးရေက တော့ မြို့တော် ဖနွမ်းပင်ထက်စာရင် အတော်နည်းတယ်လို့ သူတို့က ပြောကြတယ်။

ခရီးသွားလုပ်ငန်းအပေါ် အဓိက အားထားနေတဲ့ ဒီမြို့လေးကို အင်ဂျင်နီယာ၊ ဟိုတယ်လုပ်ငန်းနဲ့ အိုင်တီပညာဆိုင်ရာကျွမ်းကျင်သူ မြန်မာတွေ အများဆုံးလာရောက်ကြတယ်လို့ သိရတယ်။

Siem Reap International School မှာ IT ဆရာအဖြစ် အလုပ် လုပ်နေတာ ငါးလနီးပါးရှိပြီဖြစ်တဲ့ ကိုသန်းထိုက်အောင်က ကမ္ဘောဒီးယားမှာ နေထိုင်ရတာ အေးအေးဆေးဆေး ရှိတဲ့အတွက် နှစ်သက်တယ်လို့ ဆိုပါ တယ်။

"ဒီမှာက အရမ်းအေးဆေးတယ်။ ကျောင်းပိတ်ရက်တွေဆိုလည်း ရန်ကုန် ပြန်လို့ရတယ်။ အနီးအနားက တခြား မြို့တွေ သွားလည် ချင်လည်း ရတယ်။ အရင်က စင်ကာပူမှာ အလုပ်လုပ်ဖူးတယ်။ အရမ်း စိတ်ဖိစီးမှုများတယ်။ အားလုံးက ကိုယ့်အပူနဲ့ကိုယ်ချည်းပဲ။ ဒီမှာက အဲဒီလိုစိတ်ဖိစီးမှုမရှိဘူး၊ အေးဆေးပဲ။ နောက်ပြီး အင်တာနက်နဲ့ IT က အတော်ဖွံ့ဖြိုးနေပြီလေ၊ လုပ်ငန်းမှာ တိုးတက်လာ ဖို့တော့ အများကြီး အထောက်အကူမပြုပေမယ့် နေရထိုင်ရတာတော့ အဆင်ပြေတယ်"လို့ သူက မြန်မာတိုင်း(မ်)နဲ့တွေ့ဆုံစဉ် ပြောပါ တယ်။

ကမ္ဘောဒီးယားရဲ့ မြို့တိုင်းနီးပါး ကြိုးမဲ့အင်တာနက်စနစ် သုံးနိုင်တယ်။ ဒီလိုအချက်ကလည်း ဆက်သွယ်ရေးမှာ အားသာတဲ့အချက်လို့ ဆိုနိုင်ပါတယ်လို့ သူက ပြောပါတယ်။

"ခန့်မှန်းခြေအားဖြင့် သိသလောက်ကတော့ ဆီယမ်ရိမှာ မြန်မာ ၁၅ ဦး လောက်ပဲရှိတယ်။ အများစုကတော့ ပညာရပ်ပိုင်းဆိုင်ရာနဲ့ လာအလုပ်လုပ်တဲ့သူတွေ များတယ်။ ဟိုတယ်လုပ်ငန်း၊ အင်ဂျင်နီယာနဲ့ အိုင်တီပိုင်းတွေမှာ လုပ်ကြတယ်။ လွန်ခဲ့တဲ့နှစ်တွေနဲ့စာရင် မြန်မာအသိုင်းအ၀ိုင်း နည်းသွားတယ်။ ဒါပေမယ့် အားလုံးကတော့ နွေးနွေးထွေးထွေး ရှိကြပါတယ်။ မြန်မာမှန်းသိရင် ရင်းရင်းနှီးနှီး နှုတ်ဆက်ကြတာပဲ"လို့ ဟိုတယ်ကြီးတစ်ခုရဲ့ ဘဏ္ဍာရေး ကဏ္ဍမှာ လုပ်ကိုင်နေတဲ့ ဦးကျော်မြင့် က ပြောပါတယ်။

ဦးကျော်မြင့်က၂၀၀၁ ခုနှစ်လောက် ကတည်းက ဒီမြို့လေးမှာ လာရောက် တာဝန်ထမ်းဆောင်နေတာဖြစ်ပြီး လက်ရှိ လုပ်ငန်းခွင် အခြေအနေကိုလည်း စိတ် ကျေနပ်မှုရှိတယ်လို့ ဆိုပါတယ်။

"သူငယ်ချင်းတစ်ယောက်က အကြောင်းကြားတာနဲ့ ဒီအလုပ်ကို ၀င်ဖြစ်သွားတယ်။ လုပ်ဖော်ကိုင်ဖက်တွေ အားလုံးနဲ့လည်း အဆင် ပြေပါတယ်။နေရထိုင်ရတာလည်း ယဉ်ကျေးမှုချင်းက သိပ်မကွာတော့ ကောင်းပါတယ်။ ဒါနဲ့ပဲ ဒီနေ့ အထိ ဆက်နေဖြစ်သွားတာပေါ့။ ဒီမှာ အားသာချက်တစ်ခုက နိုင်ငံခြားသား တွေနဲ့ အများစုထိတွေ့ဆက်ဆံနေရ တော့ လုပ်ငန်းပိုင်းမှာ သူတို့ဆီက ပညာရတာမျိုး ရှိသလို အင်တာနက် ဆက်သွယ်မှုကလည်း ကောင်းတော့ ကိုယ်အသုံးချတတ်ရင် ကိုယ့်အသက် မွေးဝမ်းကျောင်းအတွက် တိုးတက်ရာ တိုးတက်ကြောင်းကို အများကြီး လေ့လာနိုင်တယ်"လို့ သူ့ရဲ့အတွေ့အကြုံကို ပြောပါတယ်။

မြန်မာမိသားစုအသိုင်းအ၀ိုင်း နည်းသွားတာကြောင့် ဒီနှစ်ပိုင်းတွေမှာ စုပြီး မြန်မာ့ရိုးရာပွဲ ဆင်နွှဲတာမျိုးတွေ သိပ် မလုပ်ဖြစ်တော့ ဘူးလို့ ဆိုပါတယ်။

"အရင်ကတော့ စုပြီး သင်္ကြန်ပွဲလုပ် ဖြစ်တယ်။ နောက်ပိုင်း ဦးဆောင်တဲ့သူ တွေလည်း မရှိ၊ လူကလည်း နည်းသွားတာနဲ့ မလုပ်ဖြစ် တော့ဘူး။ ကမ္ဘောဒီး ယားတွေရဲ့ ယဉ်ကျေးမှုမှာလည်း ကထိန်တို့၊ သီတင်းကျွတ်တို့ ရှိတော့ ကိုယ့်အစီ အစဉ်နဲ့ကိုယ်ပဲ သူတို့အလှူမှာ ထည့် လိုက်တယ်။ မြန်မာတွေချည်း သပ်သပ်စုပြီး လှူတာမျိုးတော့ သိပ်မရှိဘူး"လို့ ဦးကျော်မြင့်က ဆိုပါတယ်။

တွေ့ဆုံဖြစ်ကြတာ နည်းပေမယ့် မြန်မာအသိုင်းအ၀ိုင်းအနေနဲ့ ကူညီ စရာရှိရင်လည်း တစ်ဦးနဲ့တစ်ဦး ညီညီညွတ်ညွတ် ကူညီတတ် လေ့ရှိတယ်လို့ ဆိုသူကတော့ ဆီယမ်ရိမြို့ရဲ့ ကြယ်ငါး ပွင့်အဆင့်ရှိတဲ့ ဟိုတယ်ကြီးတစ်ခုမှာ Room Manager တစ်ဦးအဖြစ် တာဝန် ထမ်းဆောင်နေတဲ့ ဦးမောင်မောင်မျိုးသောင်းပါ။

"ကိုယ့်အလုပ်နဲ့ကိုယ် ပင်ပန်းကြတော့ နားရက်ဆိုလည်းအပြင် သိပ်မထွက်ဖြစ်ကြပါဘူး။ မွေးနေ့တို့၊ အထိမ်းအမှတ်တစ်ခုခုတို့မှာပဲ ဆုံဖြစ် ကြတယ်။ မြန်မာတွေထဲက ဖနွမ်းပင် ပြောင်းကုန်တာနဲ့၊ ကန်ထရိုက်ပြည့်လို့ ပြန်တာနဲ့ အသိထဲကဆို ၂၀ လောက်ပဲ ကျန်တော့တယ်။ ၂၀၀၃ ခုနှစ် ၀န်းကျင် လောက်ကတော့ ၃၀ လောက် ရှိတယ်" လို့ သူက ပြောပါတယ်။

ဦးမောင်မောင်မျိုးသောင်းက ၂၀၀၀ ပြည့်နှစ်ကုန်ပိုင်းလောက် ကတည်းက ဆီယမ်ရိမြို့လေးကို ဟိုတယ်ကျွမ်းကျင် ၀န်ထမ်းတစ်ဦး အနေနဲ့ စတင်ရောက်ရှိ ခဲ့တာဖြစ်ပြီး နဖူးစာရွာလည်လို့ ကမ္ဘော ဒီးယားသူဇနီးသည်နဲ့ အိမ်ထောင်ကျ ကာ 'မန္တလေးအင်း' အမည်နဲ့ ကိုယ်ပိုင် ဧည့်ရိပ်သာလေးတစ်ခုကိုလည်း ဦးစီးလုပ်ကိုင်လျက်ရှိပါတယ်။

"ကျွန်တော့ရဲ့အင်းမှာ မြန်မာစားဖိုမှူးကိုယ်တိုင်ချက်တဲ့ မြန်မာထမင်းဟင်း စစ်စစ်ရနိုင်တဲ့ စားသောက်ဆိုင်လေး လည်းဖွင့်ထားတော့ ကျွန်တော့ရဲ့အိမ် ကတော့ မြန်မာတွေရဲ့စုရပ်လိုဖြစ်နေ တယ်။ မြန်မာထမင်းဟင်းကို လာတည်းတဲ့ တခြားနိုင်ငံခြားသားတွေလည်း စိတ်ဝင်စားကြတယ်"လို့ သူက ရှင်းပြပါတယ်။

ဘ၀ဇာတ်ဆရာအလိုကျ ရေကြည်ရာ မြက်နုရာ ဖွေရှာကြရပေမယ့် ဇာတိမြေကို ချစ်မြတ်နိုးတန်ဖိုးထားစိတ်ကတော့ မြန်မာလူမျိုး တွေအားလုံးရဲ့ ရင်ထဲမှာ ကိန်းအောင်းလို့နေပါတယ်။

"ကျွန်တော့ရဲ့ ဧည့်ရိပ်သာကို မန္တလေးအင်းလို့ ပေးဖြစ်ခဲ့တာလည်း မြန်မာဆိုတဲ့ အစွဲလေးကြောင့်ပါပဲ။ မန္တလေးက မြန်မာ့သမိုင်းမှာ မေ့မရနိုင် တဲ့ အဖြစ်အပျက်တွေရှိခဲ့တဲ့နေရာဖြစ် သလို ကမ္ဘာမှာလည်း လူသိများတဲ့ နေရာတစ်ခုပါပဲ။ ဘယ်နေရာ၊ ဘယ် အချိန်ပဲ ဖြစ်ဖြစ် မြန်မာဆိုတဲ့ပုံရိပ်ကတော့ ကျွန်တော်တို့ရင်ထဲမှာ အမြဲရှိနေမှာပါ"လို့ ဦးမောင်မောင်မျိုးသောင်းက ဆိုပါတယ်။

"နေပျော်တယ်၊ ဓလေ့ချင်းက ဆင်တူတယ်ဆိုပေမယ့်လည်း တစ်ခါ တလေမှာတော့ ကိုယ့်အစားအစာ၊ ယဉ်ကျေးမှု အသိုင်းအ၀ိုင်း ကိုတော့ သတိရတာပဲ။ တစ်နှစ်ကို တစ်ခေါက်လောက်တော့ ရောက်အောင်ပြန်တယ်" လို့လည်း ဦးကျော်မြင့်က ပြောပါတယ်။

အခွင့်အလမ်း အားသာချက်တွေကြောင့် ကမ္ဘောဒီးယားနိုင်ငံကို ရွေးချယ်အလုပ်လာလုပ်တဲ့ မြန်မာဦးရေဟာလည်း လွန်ခဲ့တဲ့ဆယ်စု နှစ်ကထက် စာရင် ပိုများလာတယ်လို့ သိရပါတယ်။