
မြို့လယ်မှာ ကွန်ဒိုကျယ်ကျယ် လိုတယ်ဆိုရင်
ဒီတိုက်ခန်းကျယ်က ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိ တဲ့ ဆီးဂရင်းန်တာဝါရဲ့ ဆယ်ထပ် မြောက်မှာတည်ရှိ ပါတယ်။ အထပ်မြင့် မှာဖြစ်တဲ့အတွက် ဗိုလ်အောင်ကျော် လမ်းနဲ့ ကျောက်တံတားမြို့နယ် တစ်ဝိုက်ရဲ့မြင်ကွင်း တွေကို ရှုမြင်နိုင်မယ်၊ လေကောင်းလေသန့်ရရှိနိုင်မယ် စတဲ့ အားသာချက်လေးတွေရှိနေပါတယ်။......
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
ပရောဂျက် ခြောက်အိပ်မက်
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၂)
"ကျောင်းသားများ၏ ပရောဂျက် အခက်အခဲများကို တာဝန်ယူဖြေရှင်းပေးသည်" တဲ့။
အီလက်ထရွန်းနစ်သင်တန်းကျောင်း တစ်ကျောင်းရှေ့မှာ စာလုံးကြီးကြီးတွေနဲ့ ရေးထားတဲ့ ကြော်ငြာဆိုင်းဘုတ်ကြီးကိုမြင်တော့ ကျွန်မစိတ်ထဲ ရယ်ချင်သလိုလိုဖြစ်လာပါတယ်။ 'ကျောင်းသားများ၏ ပရောဂျက်အခက်အခဲ' တဲ့။
ဟုတ်ပါတယ်။ ဒီကြော်ငြာထဲမှာ ရေးထားသလိုပဲ ပရောဂျက်ဆိုတဲ့ ကိစ္စကြီးက နည်းပညာတက္ကသိုလ်က ကျွန်မလို ကျောင်းသားတွေ အတွက်တော့ အသံကြားလိုက်ရုံနဲ့တင် တီကောင် ဆားတို့ သလို တွန့်ခနဲဖြစ်သွားအောင် ကြောက်ကြတဲ့အရာပါ။
ကျောင်းသားအားလုံးတော့ မဟုတ်ပေမယ့် တော်တော်များများကတော့ ပရောဂျက်လုပ်ရမှာကို ကြောက်နေကြတာအရိုးစွဲနေ သလိုပါပဲ။ ကျွန်မ သန်လျင်နည်းပညာတက္ကသိုလ်မှာ ကျောင်းတက်ခဲ့စဉ်တုန်းက ဒုတိယနှစ်အပြီးမှာ ပရောဂျက်စလုပ်ရပါတယ်။ မှတ်မှတ်ရရ ကျွန်မတို့အဖွဲ့မှာ ယောက်ျားလေးလုံးဝမပါဘဲ မိန်းကလေးချည်းပဲ ၁၃ ယောက်ပါ။
ကျွန်မတို့ လုပ်ရမှာက 'မီးအားမြှင့်စက်ပုံစံငယ်'။ ပရောဂျက်ဆိုတာကလည်း စာမေးပွဲပြီးနောက် တစ်တန်းမတက်ခင် ကျောင်းပိတ်ရက် အတွင်းမှာ အပြီးလုပ်ရပြီး အဲဒီကရတဲ့ အမှတ်တွေကို ကျွန်မတို့ စာမေးပွဲဖြေလို့ရတဲ့ အမှတ်တွေနဲ့ထည့်ပေါင်းတယ်လို့ ဆရာတွေက ပြောကြပါတယ်။ ဒါနဲ့ အမှတ်မရမှာကြောက်တဲ့ ကျွန်မတို့လည်း ပရောဂျက်ဆိုတာကြီးကို စလုပ်ဖို့ပြင်ကြပါတယ်။
လျှပ်စစ်စွမ်းအား ဘာသာရပ်ကို စိတ်မပါလက်မပါနဲ့ ယူဖြစ်ခဲ့တဲ့ ကျွန်မအတွက်ဆိုရင် ဒိုင်အုတ် (Dioade) တောင် အရောင်ကောင်း ကောင်း မခွဲတတ်တဲ့ သူပါ။ ဒီတော့ မီးအားမြှင့်စက်လုပ်ဖို့ဆိုတာက အားလုံးအတွက် ဗြဟ္မာ့ဦးခေါင်းကိုင်ရမယ့် အရေးလိုပဲ သူလုပ် ငါလုပ်နဲ့ ကိုယ့်ဆီက လွတ်ရင်ပြီးရောဆိုသလိုဖြစ်နေပါတယ်။ ပေးရမယ့်ရက်ကလည်း တဖြည်းဖြည်းနီးလာ၊ ကြံရာမရလည်း ဖြစ်နေ တာနဲ့ နောက်ဆုံးတော့ ရင်းနှီးတဲ့ ဆရာတွေဆီပဲ အပူကပ်ရတော့တာပါပဲ။
ဆရာမတစ်ယောက်ရဲ့ အကူအညီနဲ့ အပြင်က အီလက်ထရွန်းနစ်ပညာရှင်တစ်ယောက်ဆီမှာ ကျွန်မတို့ အလုပ်အပ်လိုက်ပါတယ်။ လေးငါးရက်တောင် မကြာပါဘူး။ မီးအားမြှင့်စက် အသေးစားလေးတစ်ခုနဲ့ ပြုလုပ်ပုံ၊ အသုံးချပုံတွေ ကွန်ပျူတာစီထားတဲ့စာအုပ် ရလာ ပါတယ်။ ပစ္စည်းကုန်ကျစရိတ်နဲ့ လက်ခကို သူငယ်ချင်းတွေ အချိုးကျပေး၊ ဆရာတွေဆီ ပစ္စည်းအပ်တဲ့အခါ စာတမ်းဖတ်ပွဲပြုလုပ်ရဦး မှာမို့ လက်ထဲပစ္စည်း ရောက်ပြီဆိုတာတောင် သက်ပြင်းရဲရဲ မချရဲပါဘူး။ စာတမ်းဖတ်ဖို့ဆိုတဲ့ ခေါင်းခဲ စရာပြဿနာက ရှိနေတာကိုး။
ဒါကြောင့် ဒီပစ္စည်းပြုလုပ်ပုံ အဆင့်ဆင့်ကို ရှင်းပြဖို့ ထပ်ပြီးအကြပ်ရိုက်ပြန်ပါတယ်။ ဆရာတွေက ပြုလုပ်ပုံနဲ့ပတ်သက်ပြီး မေးခွန်း တွေမေးကြမှာမို့ ဒီပစ္စည်းကို အဆင့်ဆင့် ဘယ်လိုလုပ်တယ်ဆိုတာ တစ်ခုမှမသိတဲ့ ကျွန်မတို့အတွက် ရမ်းသမ်းဖြီးဖြန်းရမှာက မျက် မမြင်ပုဏ္ဏားတွေဆင်စမ်းပြီး ပြောသလိုပါပဲ။ မဖြစ်မနေဆိုတော့လည်း အပိုင်းတွေခွဲပြီး ကိုယ်ကျတဲ့အပိုင်းကို ပိုင်နိုင်အောင်ပြောနိုင်ဖို့ ပြင်ရတော့တာပါပဲ။ ကျွန်မကတော့ အဖွဲ့ထဲမှာ အညံ့ဆုံးကျောင်းသူပီပီ အလွယ်ဆုံးဖြစ်မှာကိုပဲ ရွေးယူပါတယ်။ ကျွန်မက မိတ်ဆက် ပြောမယ်ပေါ့။
တကယ်တမ်း ဖတ်တဲ့နေ့မှာတော့ ဆရာတွေအားလုံးက ကျွန်မတို့ရှေ့မှာ အပီမေးမယ်ဆိုတဲ့ ပုံစံနဲ့ ထိုင်နေကြတော့ ကိုယ်က ပြောရ မှာတောင် ရွံ့တွန့် တွန့်ပါပဲ။ ဒါပေမယ့်လည်း ကျွန်မက စပြောရမယ့်သူမဟုတ်လား။ ကိုယ်ကမှ အစမကောင်းရင် နောက်လူတွေ အားလျော့မှာစိုးတာနဲ့ အားတင်းပြီး ပြောလိုက်တာ ကရားကို ဇောက်ထိုး ကိုင် ရေလွှတ်သလို အထစ်အငေါ့မရှိ မြန်ဆန်လွန်းတာ ကြောင့် ပြောနေတာ ကျွန်မမှဟုတ်ရဲ့လားလို့တောင် မယုံနိုင်ဖြစ်ရပါသေးတယ်။ စိတ်ထဲမှာလည်း 'တယ်ဟုတ်တဲ့ငါပါလား'လို့ ဖီးလ(feel) တက်နေတုန်း ဆရာတစ်ယောက် မေးခွန်းထမေးတော့မှ ကျွန်မ အပျော်လေး ပျက်သွားရပါတယ်။
ဆရာက နှစ်နှစ်လုံးလုံးသင်လာခဲ့သူမို့ သူ့တပည့် ကျွန်မရဲ့အရည်အချင်းကို ကောင်းကောင်းသိတာပေါ့။ ဒါကြောင့် တမင် မီးအားမြှင့် စက်ကို လက်ညှိုးထိုးပြီး ဒီပစ္စည်းလေးကို ဘယ်လိုခေါ်သလဲ၊ ဘယ်အတွက်သုံးသလဲ၊ ဘယ်အခါမျိုး မှာသုံးရင် ဘယ်လိုဖြစ်မလဲ စုံနေ အောင်မေးတော့ ကျွန်မ အတော့ကို ထူပူသွားပါတယ်။ ကျွန်မက ကိုယ်ပြောထားတဲ့ ခေါင်းစဉ်တွေက လွဲရင်ဘာမှမသိဘူးကိုး။
ဒါနဲ့ဆရာ့ကို အစွမ်းကုန်ပြုံးပြပြီး ' ဟုတ်ကဲ့၊ ဒီအပိုင်းတွေကိုတော့ ကျန်တဲ့သူတွေက ဆက်လက်ရှင်းပြပါ့မယ်ရှင်'ဆိုပြီး ဘေးက သူငယ်ချင်းကို အတင်းထခိုင်းပြီး ဆရာ့ဆီက အကြည့်လွှဲလို့ နေလိုက်ပါတယ်။ အဲဒီနေ့က ကျွန်မကို ကြည့်ပြီး "ကောင်မလေး လူလည်ကျသွားတယ်" ဆိုတဲ့အဓိပ္ပာယ်နဲ့ ပြုံးသွားတဲ့ ဆရာ့အပြုံးတွေကို အခုချိန်ထိ မမေ့သေးပါဘူး။ နောက်နှစ်တွေများမှာတော့ ပရောဂျက်လုပ်တာတွေနဲ့ ကျွန်မ သိပ်အစေးမကပ်တော့ပါဘူး။
ကျွန်မ ကံကောင်းတယ်လို့ ဆိုရမလားပဲ။ နောက်ပိုင်းမှာ အဖွဲ့ခေါင်းဆောင်တွေကပဲ စိတ်ပါလက်ပါနဲ့ အပင်ပန်းခံလုပ်ကြလို့ နဂို ကတည်းက ဘာသိဘာသာနေချင်တဲ့ ကျွန်မကတော့ ဘာမှလုပ်စရာမလိုလို့ အကြိုက်တွေ့ နေတော့တာပါပဲ။ ဒါပေမယ့်လည်း စာမေးပွဲတစ်နှစ်ဖြေပြီးတိုင်း ပရောဂျက်ဆိုတဲ့ အသံကြားရင် အလန့်တကြား မက်ခဲ့ရတဲ့ ခြောက်အိပ်မက်က နည်းပညာဘွဲ့ရမှပဲ လွတ်ခဲ့ရပါတယ်။
တလောကလည်း ကျွန်မမောင်လေး အိမ်မှာ တကုပ်ကုပ်နဲ့ ဆားကစ်ပြားတွေကြားထဲ အလုပ်ရှုပ်၊ ခဲတွေဆော်နဲ့ ကျောင်းမှာ တင်ရမယ့် ပရောဂျက် တစ်ခုအတွက်အလုပ်ရှုပ်နေပုံပါပဲ။ အမေနဲ့ စကားပြောရင်တောင် သူ့ပရောဂျက် ဘယ်လောက် ပြီးနေပြီ၊ ဘယ်က မီး မလင်းသေးလို့၊ ဘယ်ကဲ့သို့ ဘယ်ချမ်းသာပြောနေတာကိုကြည့်ရင်း ဒီခြောက်အိပ်မက်ကို ကျွန်မနောက်က လူတွေ ဆက်မက်တုန်းပဲ လို့ ထင်မိပေမယ့် ခုနကလို 'တာဝန်ယူဖြေရှင်းပေးနေပါသည်' ဆိုတဲ့ ဆိုင်းဘုတ်တင်ထားတဲ့ နေရာတွေဆီ မသွားဘဲ ကိုယ်တိုင် လုပ်ချင်ကိုင်ချင်စိတ်ရှိတာကိုပဲ ချီးကျူးရမှာပါ။
ကျွန်မတို့ရှေ့က စီနီယာတွေနဲ့ ကျွန်မတို့ ကိုယ်တိုင်က ခြောက်အိပ်မက်လို့ ယူဆခဲ့ကြသလို ကျွန်မတို့ နောက်ပိုင်းက ကျောင်းသား တွေကလည်း ယူဆကြဦးမယ်ဆိုတာ ဒီကြော်ငြာဆိုင်းဘုတ်က ညွှန်ပြနေသလိုပါပဲ။ ဒီကိစ္စကို ခြောက်အိပ်မက်အဖြစ် ကျွန်မတို့ ဘယ် အထိများ ဆက်မက်နေကြဦးမလဲနော်။
ဒီခြောက်အိပ်မက်ကနေ ကျွန်မတို့ မနိုးကြသေးတာလား၊ နိုးချင်တယ်ဆိုတဲ့ စိတ်ကူးမျိုးပဲ မပေါ်ကြတာလား ၀ိုးတ၀ါးတွေးမိသလိုလိုနဲ့ ဆိုင်းဘုတ်ကို မြင်လိုက်ရတိုင်းမှာတော့ ရယ်မိနေတာပါပဲ။