Now! Fashion Forward

တောင်ဥက္ကလာပက စိတ်ကြိုက်အိမ်တစ်လုံး

House Of The Weekခြံအကျယ်အ၀န်းစတုရန်းပေ ၃,၅၀၀ (ပေ ၅၀x ပေ ၇၀) တောင် ရှိတဲ့အတွက် မိသားစု အဆင်ပြေပြေနဲ့နေနိုင်မှာပါ။ ခြံထဲမှာ ပန်းခြံအသေးစားနဲ့ မြက်ခင်းပြင်ပြုပြင်ဖန်တီးဖို့နေရာလေးရယ်၊ ကွန်ကရစ် ခင်းမျက်နှာစာရယ်နဲ့ ကျယ်ကျယ်ပြန့်ပြန့်ရှိပါတယ်။ ကားတစ်စီးစာရပ်နားနိုင်ဖို့ ကားဂိုဒေါင် လေးကလည်း အိမ်နဲ့ တွဲလျက်ရှိပါတယ်။ .......

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်) အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

ရိုးရာဓလေ့ကို ဖက်တွယ်ရင်း မွေးရပ်မြေကို လွမ်းဆွတ်ကြသူတွေ

မျိုးမျိုး
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၆)
News Pic
ပါးရဲအပြည့် ရေးထိုးထားသောမျက်နှာနှင့် အသက် ၈၈ နှစ်အရွယ် အဘွား ဒေါ်မလိုင်ကို မြင်တွေ့ရစဉ်။ ဓာတ်ပုံ - ခရစ္စဒေဗီ

အသက် ၈၈နှစ်ရှိပြီး ပါးမှာပါးရဲ ထိုးထားတဲ့ချင်းအမျိုးသမီးတစ်ယောက် ဟာ သူမွေးဖွားကြီးပြင်းရာ မွေးရပ်မြေကို စွန့်ခွာပြီး ရန်ကုန်မြို့ကြီးမှာ အမြဲတမ်းနေထိုင်သွားဖို့မနှစ်က သင်္ကြန်မတိုင်မီကရောက်ရှိလာခဲ့သည်။

ရန်ကုန်မြို့ကိုခြေချတယ် ဆိုလျှင်ဆိုချင်း သူ့ကို လူတွေက ၀ိုင်းပြီးကြည့် ကြတော့သည်။ အံ့ဩမှုတွေနှင့် ဖြစ်သည်။ အကြောင်းမူ မျက်နှာပြင်မှာ အပြည့်ထိုးထားတဲ့ ပါးရဲကြောင့် ဖြစ်လိမ့်မည်ဟု သူက ဆိုသည်။

အခုအခေါက်အံ့ဩမှင်တက်မှုတွေနဲ့ မျက်လုံးအစုံပေါင်းများစွာကသူ့ကို ထူးပြီး မတုန်လှုပ်စေခဲ့ပါ။ ရန်ကုန်မြို့ ကို ရောက်ရှိတာဟာ သူ့အတွက် အခု အကြိမ်ဟာ နှစ်ကြိမ်မြောက် ဖြစ်သည်။

လွန်ခဲ့တဲ့ ၁၀ နှစ်ဝန်းကျင် ရန်ကုန်မြို့ကို လာရောက် လည်ပတ်စဉ်ကတည်းက ဒီလိုအခြေအနေ မျိုးတွေနဲ့ ခံစားမှု မျိုးကို ကြုံခဲ့ဖူးသည်ဟု သူက ဆိုသည်။

ရန်ကုန်မြို့မှာ သူ့လိုပဲ မျက်နှာမှာ ပါးရဲထိုးထားတဲ့ သူ့ရဲ့ သူငယ်ချင်း တွေလည်း ရှိပါသေးသည်ဟု အဘွားဒေါ်မလိုင်ကပြောသည်။
အဘွားတို့ဟာ မျက်နှာမှာ ပါးရဲထိုး တဲ့ဓလေ့ကို ဆက်ခံတဲ့ နောက်ဆုံးမျိုးဆက်ဖြစ်ပြီး သူတို့ရဲ့သားသမီးတွေ ကစပြီး အခုလက်ရှိ မြေးမြစ်တွေအထိ ရိုးရာဓလေ့အတိုင်း ပါးရဲထိုးတာမျိုး မရှိတော့ဘူး ဟု အဘွားက ပြောပြသည်။

အသက် ၅၀ အရွယ်ရှိတဲ့ ချင်းအမျိုးသမီးတစ်ဦးဖြစ်သူ ဒေါ်ခင်ထွေးရဲ့ မိခင်နဲ့ယောက္ခတို့ဟာလည်း ပါးရဲထိုးထားခဲ့ကြပြီး ရန်ကုန်မှာ နှစ် ၂၀ ကျော် အတူနေထိုင်ခဲ့တဲ့ ယောက္ခမဖြစ်သူက တော့ လွန်ခဲ့တဲ့ နှစ်နှစ်ခန့်က ကွယ်လွန် သွားခဲ့သည်ဟု ဒေါ်ခင်ထွေးက ပြော သည်။

"အန်တီတို့အမေလက်ထက်အထိ တော့ ထိုးကြသေးတယ်။ အန်တီတို့ လက်ထက်က စပြီးတော့ ပါးရဲထိုးတဲ့ အလေ့အထကမရှိတော့ ဘူး။ အခု မျက်နှာမှာ ပါးရဲထိုးထားတဲ့သူတွေက အသက်အရွယ်အားဖြင့်လည်း ကြီးလာ ကြပြီ။ နောင်ငါးနှစ် ၁၀ နှစ်အတွင်းမှာ ဆိုရင် တောင် ဒီလို ရိုးရာဓလေ့အရ ပါးရဲထိုးထားတဲ့သူတွေကို တကယ် မြင်တွေ့နိုင်ဖို့ ရှားသွားလိမ့်မယ်။ ဓာတ်ပုံတွေ၊ မှတ်တမ်းတွေအနေ နဲ့ပဲ ကျန်တော့မှာ ဖြစ်တယ်။ ဒါတွေက လည်း ရှားပါးတဲ့အရာတစ်ခုအနေနဲ့ မှတ်တမ်းယူထားသင့်ပါတယ်" လို့ ရန်ကုန်မြို့မှာပဲနေထိုင် တဲ့ ဒေါ်ခင် ထွေးက ပြောသည်။

ချင်းတိုင်းရင်းသားတို့ရဲ့ ရိုးရာမှာ ပါးရဲကို အမျိုးသမီးတွေပဲ အဓိက ထိုးကြပြီး အမျိုးသားတွေကတော့ တစ်ဦးစ နှစ်ဦးစပဲ ထိုးလေ့ရှိ သည်။

ဒါ့ပြင် ပါးမှာ ပါးရဲထိုးပြီး ငွေနား တောင်းအကြီးကြီးများ ၀တ်ဆင်နိုင်ဖို့ အတွက် နားပေါက်တွေကိုလည်း အကြီးကြီး ဖောက်လေ့ရှိပြီး လည်ပင်း မှာ အဆင်တန်ဆာအဖြစ် ငွေနဲ့ ပြုလုပ် ထားတဲ့ လည်ဆွဲတွေ၊ နားကပ်တွေကို အများဆုံး ၀တ်ဆင်ကြသည်။ချင်းပုတီးများ မှာ အဆင်တန်ဆာအဖြစ် ယခုခေတ်လူငယ်များအကြား ရေပန်းစားလျက်ရှိသည်။

အဘွား ဒေါ်မလိုင်က အခုလို မျက်နှာပြင်မှာ ပါးရဲထိုးတဲ့အတွက် ထိုးခအဖြစ် ငွေငါးကျပ်နဲ့ ခေါင်ရည် တစ်အိုးပေးခဲ့ရသည်ဟု ပြောပြ သည်။

နူးညံ့တဲ့မျက်နှာပြင်မှာ ယင်းကဲ့သို့ ပါးရဲထိုးနိုင်ဖို့အတွက် အမျိုးသားသုံးဦး ခန့်က ထိန်းပေးထားရပြီး ပါးရဲထိုးပြီး တဲ့အခါ နာကျင်မှု ဒဏ်ကြောင့် ခုနစ် ရက်ခန့် အစားအသောက် မစားနိုင်ဘူးဟု အဘွားက ပြောသည်။

အဲဒီလို မျက်နှာပြင် ပါးရဲထိုးတဲ့ ဒီဇိုင်းပုံတွေဟာ အများအားဖြင့် တူညီ လေ့မရှိကြဘဲ တချို့က ကျဲကျဲ၊ တချို့က မျက်နှာအပြည့် ခပ် စိပ်စိပ်ထိုး တတ်ကြ သည်။ ဒါ့ပြင် အရောင်အသွေးအနေနဲ့ အစိမ်းရောင်နဲ့ နီညိုရောင်တွေကို အများဆုံး အသုံးပြုကြသည်။

ရန်ကုန်မြို့က လူတွေကအဘွားရဲ့မျက်နှာပြင်က ပါးရဲကိုမြင်တာနဲ့ချင်း အမျိုးသမီးဖြစ်မှန်းတန်းသိကြသလို ဂရုတစိုက်ကြည့်ရှု မေး မြန်းတတ်ကြသည်ဟု အဘွားက ပြောသည်။

ကလေးတွေက တွေ့စမှာ ထိတ်လန့် တာမျိုးရှိပေမယ့် နောက်ပိုင်း ရင်းနှီးသွားတဲ့ကလေးတွေဆိုရင် ရင်ခွင်ထဲတောင် လာထိုင်ကြ သည်ဟု အဘွား က ပြောသည်။

"များသောအားဖြင့်တော့ အဘွားကို လှတယ်လို့ မှတ်ချက်ချကြတယ်"ဟု အဘွားဒေါ်မလိုင်က ကျေနပ်စွာပြောသည်။ တစ်ရပ် တစ်ဒေသမှာ ကိုယ့်ရိုးရာ ဓလေ့ကို ကျင့်သုံးနေထိုင်ဖို့ ဆိုတာ ခက်ခဲတယ်လို့ မဟုတ်ပေမယ့် တော်ရုံ ထိန်းသိမ်းလိုစိတ်နဲ့လည်း မဖြစ်နိုင်ပေ။

ရန်ကုန်မြို့မှာ အခြေချနေထိုင်တဲ့ အဘွားတို့မှာ တူညီကြတဲ့ အချက်က တော့ အကြောင်းအမျိုးမျိုးကြောင့် မွေးရပ်ကို ခွဲခွာခဲ့ပေမယ့် သူတို့ရဲ့ စိတ်ထဲမှာ ရိုးရာဝတ်စုံကို မစွန့်တမ်း ၀တ်ဆင်ထားချင်တဲ့စိတ် ရှိနေတာပဲ ဖြစ်သည်။

ရန်ကုန်မြို့ကို ရောက်ရှိနေတာ နှစ် ပေါင်း ၂၀ ကျော် ကြာပြီဖြစ်တဲ့ အဘွား ဆောင်းနူးဝါဆိုရင် အနက်ရောင် ရိုးရာ သင်တိုင်းကိုပဲ ၀တ်ဆင်လေ့ရှိပြီးအရင်က ကိုယ်တိုင်ရက်ပြီး ၀တ်ဆင်လေ့ရှိပေမယ့် အသက်အရွယ်ရလာတဲ့ အချိန်မှာကိုယ်တိုင် မရက်လုပ်နိုင်တဲ့ အတွက် ရန်ကုန်မြို့မှာရှိတဲ့ အနက် ရောင် ချည်ထည်တွေကိုပဲ သင်တိုင်းပုံချုပ်ပြီး ၀တ်ဆင်ရသည်ဟု ပြောကြသည်။

"ဒီမှာ အနေကြာပေမယ်လို့ ဒီက အမူအကျင့်တွေကို လုပ်လို့မရဘူး။အင်္ကျီကအစ ကိုယ့်ရဲ့ရိုးရာကိုပဲ ၀တ် ဆင်နေတုန်းပဲ" ဟု သူက ပြောသည်။

သူတို့ကို ဗမာအင်္ကျီနဲ့ ထဘီဝတ်ပါလားဟု ပြောဆိုသူတွေ ရှိပေမယ့် ဒီနေ့ အထိ မ၀တ်ဆင်ဘဲ ရိုးရာကို ဆုပ်ကိုင် ထားဆဲ ဖြစ်သည်။
"ရန်ကုန်မှာ နေထိုင်ဖို့ကတော့ အခက်အခဲ မရှိပါဘူး။ အဘွားရဲ့ မွေးရပ်မြေကို ချစ်ပါတယ်။ ဒါပေမယ့် ရန်ကုန်မှာ သားသမီးတွေနဲ့ အတူလိုက် နေဖို့ စိတ်ဆုံးဖြတ်လိုက်ပါတယ်" ဟု ဒေါ်မလိုင်က ပြောသည်။

ချင်းတိုင်းရင်းသားတွေဟာ မြန်မာနိုင်ငံ၊ချင်းပြည်နယ်မှာအများဆုံး နေထိုင်ကြပေမယ့် ချင်းပြည်နယ်နဲ့ နယ်ချင်းထိစပ်နေတဲ့ကမ်းရိုး တန်းဒေသဖြစ်တဲ့ ရခိုင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့မှာလည်း နေထိုင်ကြပါသည်။ အများစုကတော့ ပြည်နယ်ဒေသမှာ နေထိုင်ကြ သည်။

အဘွား ဒေါ်မလိုင်ကတော့ သူ့ရဲ့ ဇာတိဒေသမှာ တောင်တန်းတွေနဲ့ အစိမ်းရောင်မြင်ကွင်းတွေ ပြည့်လို့ နေပြီး အခု သူနေထိုင်ဖို့ ရောက်ရှိနေတဲ့ ရန်ကုန်ကတော့ တစ်မျိုးတစ်ဖုံ ကွဲပြား လို့နေသည်ဟု သူနေထိုင်ရာ ရခိုင် ပြည်နယ်၊ မင်းပြားမြို့နယ်က နတ်ရှင် ချောင်းကျေးရွာကို လွမ်းဆွတ်တဲ့ အကြောင်းလည်း ပြောသည်။

"မြို့ဆိုတဲ့အတိုင်း အဆောက်အအုံမြင့်တွေ၊ လမ်းကျယ်ကြီးတွေ၊ ကားတွေကိုတော့ အများကြီး အမြဲတမ်း တွေ့နေရတာပါပဲ" ဟု သူက ပြောသည်။