
ဆင်ဖြူတော်နှစ်စီး နေပြည်တော်သို့ ထပ်မံရောက်ရှိလာ
အတွဲ ၂၈ ၊ အမှတ် ၅၄၅ ( ၂၅ ၊၁၁ - ၁ ၊၁၂ ၊ ၂၀၁၁)

နေပြည်တော်သို့ ရောက်ရှိလာသော အသက်ငါးနှစ်အရွယ် (ခန့်မှန်း) ဆင်ဖြူတော် ငွေဆဒ္ဒန်အား ဆင်းသက်ရန်အတွက် မင်္ဂလာအချိန်ကို စောင့်စားနေပုံ။
ဓာတ်ပုံ-၀င်းကိုကိုလတ်
မြန်မာနိုင်ငံ၏ ခြောက်စီးနှင့် ခုနစ်စီးမြောက် ဆင်ဖြူတော်အဖြစ် ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ ကြိမ်ချောင်းကျေးရွာ အရှေ့ဘက်မှ ငွေဆဒ္ဒန်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်ခွဲ၊ အလယ်ကျေးရွာ အုပ်စုအနီးမှ ဟေမ၀တီ အမည်ရှိ ဆင်ဖြူနှစ်စီး ယခုလ ၂၀ ရက်က နေပြည်တော်ရှိ ဥပ္ပါတသန္တိ စေတီတော်သို့ ရောက်ရှိလာသည်။
"ဒီဆင်ဖြူနှစ်စီးထဲက ဟေမ၀တီ (ဆင်အမ)က ရှိထားတဲ့ ဆင်ဖြူ ခုနစ်စီးထဲမှာ အထူးခြားဆုံးဖြစ်ပါတယ်" ဟု နေပြည်တော်ကောင်စီ အတွင်းရေးမှူး ဦးအောင်ခင်က ပြောသည်။
၂၀၀၆ ခုနှစ်ကပင် စတင်တွေ့ရှိထားပြီး ဖမ်းဆီးရန်ကြိုးစားစဉ်က မေ့ဆေး သေနတ်ဖြင့် ပစ်ချိန်တွင် သေနတ်မီး မကူးခြင်း၊ ၀ိုင်းဝန်း ဖမ်းဆီးချိန်တွင်လည်း အခြား ဆင်မည်းများက ၎င်းအား ရွှံ့နွံများဖြင့် ၀ိုင်းပတ်၍ ဆင်မည်းသဏ္ဌာန်အဖြစ် ဖန်တီးကာ လွတ်မြောက်စေခြင်း စသည့် ထူးခြားမှုများရှိခဲ့သည်ဟု ၎င်းက ပြောသည်။
"ဖမ်းမိတဲ့နေ့ကတောင် မိုးရွာလို့ ရွှံ့နွံ တွေကွာသွားပြီး ဖမ်းဆီးနိုင်ခဲ့တာ" ဟု ၎င်းက ပြောသည်။
ဆင်ဖြူတော်နှစ်စီးအနက် ငွေဆဒ္ဒန်မှာ အထီးဖြစ်ပြီး အသက် ငါးနှစ် (ခန့်မှန်း)၊ အရပ် ငါးပေ၊ တစ်လက်မ ရှိကာ အသားအရောင်- ဩဇာခွံ(ပန်းနု ရောင်)၊ အစွယ်- သစ်ခွံထိုး၊ မျက်လုံး-ပုလဲရောင်၊ အမွေးအမှင်- အဖြူရောင်၊ ခွာအရောင်- အဖြူ၊ အမြီး-တံခါးစောင်း (အဖြူရောင်၊ မြီးဆံ ကောင်း)၊ နားရွက်-နားလတ်(ကြေးစည်ပုံ)၊ ကျော-ငှက်ပျော ကိုင်းသဏ္ဌာန် ရှိသည်။
ဟေမ၀တီမှာ အမဖြစ်ပြီး အသက် ၁၅ နှစ်ခန့်(ခန့်မှန်း)၊ အရပ် ခြောက်ပေ၊ ၁၀ လက်မရှိပြီး အသားရောင်- ပန်းနုရောင်၊ အစွယ်-သစ်ခွံထိုး၊ မျက်လုံး-ပုလဲ ရောင်၊ အမွေးအမှင်-အဖြူရောင်၊ ခွာအရောင်-အဖြူ၊ အမြီး-တံခါးပိတ် (အဖြူရောင်၊ မြီးဆံကောင်း)၊ နားရွက်-နားလတ်၊ ကျော-ငါးဖယ်ကုန်း သဏ္ဌာန်ရှိသည်။
ပြည်ထောင်စုသမ္မမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ၀န်ကြီးများနှင့် နေပြည်တော်ကောင်စီ ၀င်များက ဆင်ဖြူတော် ကြိုဆိုခြင်း မင်္ဂလာအခမ်းအနားကို တက်ရောက်ခဲ့သည်။
တရုတ်နိုင်ငံမှ ဗုဒ္ဓမြတ်စွယ်တော် ကြွချီလာချိန်နှင့် တိုက်ဆိုင်စွာပင် ပေါ်ထွန်းလာသည့် ဆင်ဖြူများကို ဖမ်းဆီး ရမိသည့်နေ့ရက်ကိုမူ တာဝန်ရှိသူများက ပြောကြားခြင်းမရှိပေ။
မြန်မာနိုင်ငံ၏ ဆင်ဖြူခုနစ်စီးအနက် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ မင်းဓမ္မကုန်းတော်၌ သုံးစီးနှင့် နေပြည်တော်တွင် လေးစီး စံပျော်လျက်ရှိသည်။