Now! Fashion Forward

နေပြည်တော်နယ်မြေတွင် ကားအရောင်းပြခန်းများ ဖွင့်မည်

ဝင်းကိုကိုလတ်
အတွဲ ၂၈ ၊ အမှတ် ၅၄၅ ( ၂၅ ၊၁၁ - ၁ ၊၁၂ ၊ ၂၀၁၁)

ပြန်လည်အပ်နှံမည့် ကားအိုကားဟောင်းများနေရာတွင် အစားထိုးမည့်ယာဉ်များ ရောင်းချမည့် ကားအရောင်းစင်တာများကို နေပြည်တော် ကောင်စီနယ်မြေအတွင်း ဒီဇင်ဘာလအတွင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးက ယခုလ ၁၇ ရက်က မြန်မာတိုင်း(မ်)ကိုပြော ကြားသည်။

"လာမယ့် ဒီဇင်ဘာလမှာ ကားအရောင်းစင်တာတွေ ဖွင့်သွားမယ်။ လျှောက်ထားတဲ့ ကုမ္ပဏီတွေလည်း ရှိပါတယ်" ဟု ၎င်း တာဝန်ရှိသူက ပြောကြားသည်။

ဖွင့်လှစ်ရန်လျှောက်ထားသည့် ကုမ္ပဏီများ၏ သတ်မှတ်စည်းကမ်းများနှင့် ကိုက်ညီမှုပေါ် မူတည်ပြီး ကားအရောင်းပြခန်းများ ဖွင့်ခွင့်ပေးမည်ဖြစ်၍ အရေအတွက် မည်မျှ ရှိမည်ကိုမူ မပြောနိုင်သေးကြောင်း ၎င်းက ပြောကြားသည်။

"အခုလတ်တလောတော့ ဥတ္တရသီရိမြို့မှာ တစ်ခုဖွင့်ဖို့ သေချာတယ်။ နောက်ထပ် ဘယ်နေရာမှာ ဖွင့်မယ်ဆိုတာတော့ မသိသေး ပါဘူး။ သတ်မှတ်စည်းကမ်းနဲ့ ကိုက်ညီ တဲ့ ကုမ္ပဏီတွေကိုတော့ ဖွင့်ခွင့်ပေးသွားပါမယ်"ဟု ၎င်းက ပြောသည်။

နေပြည်တော်ကောင်စီနယ်မြေအတွင်း ကားအရောင်းပြခန်းများ သုံးလေးခုကို ဒီဇင်ဘာလအတွင်း တစ်ပြိုင်တည်း ဖွင့်လှစ်ဖွယ် ရှိကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

ကားအရောင်းပြခန်းဖွင့်လိုသူများသည် စီးပွားရေးအကျိုးဆောင်မှတ်ပုံတင် ရှိရ မည်ဖြစ်သည်။ စီးပွား/ကူးသန်းဝန်ကြီးဌာနတွင် မှတ်ပုံတင်ရမည်ဖြစ်ပြီး အရောင်း ပြခန်းအတွက် အနည်းဆုံးကား အစီးရေ ၅၀ ထားနိုင်သည့်နေရာ၊ ဘဏ်စာရင်းတွင် အမေရိကန် ဒေါ်လာတစ်သိန်း ထားရှိရမည်ဖြစ်ကာ ကားများတင်ဆောင်လာသည့် သင်္ဘောဆိုက်ရောက်ပါက အကောက်ခွန်နှင့် ကုန်သွယ်ခွန် တို့ကို စိုက်ထုတ်ရှင်းလင်း ထားရန်စသည့် စည်းကမ်းများ သတ်မှတ်ထားကြောင်း သိရသည်။

မော်တော်ယာဉ်အမည်ပေါက်ရန်အတွက် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနတွင် မှတ်ပုံတင်ကြေးကိုမူ ၀ယ်သူကသာ ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

"အခုလို ကားအရောင်းပြခန်းတွေ ဖွင့်ရောင်းမယ်ဆိုတော့ ၀ယ်မယ့်သူတွေအတွက် အများကြီး အဆင်ပြေမှာပါ" ဟု နေပြည်တော်တွင် တာဝန်ထမ်းဆောင်နေသော ညွှန်ကြားရေးမှူးအဆင့်ရှိသူတစ်ဦးက ပြောသည်။