
ကျောက်စိမ်းသိုလှောင်ရုံနှင့် အချောထည်စက်ရုံဆောက်ရန် မြေတစ်ဧက ကျပ်သိန်း ၃၂၀ ဖြင့် လျှောက်ထားရန် သက်ဆိုင်ရာမှဖိတ်ခေါ်
အတွဲ ၂၈ ၊ အမှတ် ၅၄၅ ( ၂၅ ၊၁၁ - ၁ ၊၁၂ ၊ ၂၀၁၁)
နေပြည်တော်၌ တည်ဆောက်မည့် ရတနာဈေး၊ ကျောက်စိမ်းသိုလှောင်ရုံနှင့် အချောထည်လုပ်ငန်းစက်ရုံများ တည်ဆောက်ရန် အတွက် လျှောက်လွှာများ ခေါ်ယူလျက်ရှိပြီး သိုလှောင်ရုံနှင့် အချောထည်စက်ရုံများအတွက် မြေ တစ်ဧကလျှင် ကျပ်သိန်း ၃၂၀ ဖြင့် လျှောက်ထားနိုင်ကြောင်း လျှောက်လွှာ တင်ရန်ပြင်ဆင်နေသည့် ကျောက်စိမ်း လုပ်ငန်းရှင်များက ပြောသည်။
"ရတနာဈေးအတွက် ဘယ်လောက် သွင်းရမယ်ဆိုတာ မသိသေးပေမယ့် သိုလှောင်ရုံနဲ့ အချောထည်စက်ရုံ အတွက် မြေတစ်ဧက ကျပ်သိန်းတစ်ရာ၊ မြေကွက်ဖော်ထုတ်တဲ့အခါ လမ်း လုပ်ငန်း၊ ရေ၊ လျှပ်စစ်၊ ဆက်သွယ်ရေး စနစ်တွေလုပ်ဖို့ ကျပ်သိန်း ၂၂၀ စုစုပေါင်း တစ်ဧက သိန်း ၃၂၀ ပေးသွင်းရပါမယ်" ဟု မန္တလေးအခြေစိုက် ကျောက်စိမ်း လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ကျောက်စိမ်း သိုလှောင်ရုံများ၊ ကျောက်ဖြတ်စက်ရုံများ၊ အချောထည် လုပ်ငန်းစက်ရုံများ၊ အုပ်ချုပ်မှု အဆောက်အအုံများကို သတ်မှတ်ချက် များနှင့်အညီ ကုမ္ပဏီက ကျခံဆောက် လုပ်ရမည်ဖြစ်ကြောင်း ၎င်းက ပြော သည်။
မြေနေရာလျှောက်ထားသည့်အခါ လျှောက်လွှာနှင့်အတူ သက်တမ်းရှိ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်၊ ဒါရိုက်တာ အဖွဲ့ဝင်စာရင်းပုံစံ (၆/၂၆) မိတ္တူများ၊ လုပ်ငန်းလိုင်စင်ရရှိထားသော လုပ်ကွက်များ၊ အချောထည်လုပ်ငန်းများနှင့် သက်တမ်းရှိ ဂျီတီစီလုပ်ငန်းလိုင်စင် မိတ္တူ များ၊ လက်ရှိတူးဖော်နေသည့် မှော် အမည်၊ လုပ်ကွက်အမှတ်နှင့် လုပ်ကွက် စာရင်း၊ ကျောက်စိမ်း၊ ကျောက်မျက် အရိုင်း ထုတ်လုပ်မှု၊ ရတနာ အခွန်ပေး ဆောင်မှုစာရင်း၊ ရတနာပြပွဲများအတွင်း ကျောက်စိမ်း၊ ကျောက်မျက်များ တင်ပြ ရောင်းချရမှု စာရင်းများ ပူးတွဲတင်ပြရ မည်ဖြစ်ပြီး မှန်ကန်ကြောင်း အာမခံရ မည်ဖြစ်သည်။
နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၌ ရတနာဈေး၊ ဒက္ခိဏသီရိတိုးချဲ့တွင် ကျောက်စိမ်း သိုလှောင်ရုံနှင့် အချောထည် လုပ်ငန်း အလုပ်ရုံ ဆောက်လုပ်ရန် မြေနေရာများ ကို လျှောက်ထားနိုင်ကြောင်း ကျောက်စိမ်းလုပ်ငန်းရှင်များအား သတ္တု တွင်း ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မြေနေရာရရှိပြီးပါက ကုမ္ပဏီလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ပြီး မြေနေရာ၏ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ၊ တစ်ခုလုံးကို ဖြစ်စေ အခြားသူတစ်ဦးဦးအား ငှားရမ်း ခြင်း၊ ရောင်းချခြင်း၊ လွှဲပြောင်းပေးခြင်း ပြုလုပ်ခွင့်မပြုပါဟု ၀န်ခံကတိပြုရသည် ဟု ၎င်းက ပြောကြားသည်။
ထို့ပြင် မိမိရရှိထားသော ခြံဝင်း အတွင်း၌ဖြစ်စေ၊ စက်ရုံ၊ အလုပ်ရုံ အတွင်း၌ဖြစ်စေ၊ အခြားသောကုမ္ပဏီ၊ သမအသင်း၊ ပုဂ္ဂလိကများ ကျောက်စိမ်း၊ ကျောက်မျက်များနှင့် အခြားပစ္စည်းများ၊ တရားမ၀င်ပစ္စည်းများ ထားရှိသိုလှောင် ခြင်း၊ စက်ရုံ၊ အလုပ်ရုံ၊ ဂိုဒေါင်များကို အခကြေးငွေဖြင့် ငှားရမ်းအသုံးပြုခြင်းကို ခွင့်ပြုမည်မဟုတ်ကြောင်း သတ္တုတွင်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
"တချို့က တကယ်လုပ်ငန်းမလုပ်ဘဲ မြေနေရာဝင်ယူပြီး ဈေးတင်ပြီး ပြန် ရောင်းတာတို့၊ ငှားစားတာတို့ကနေ ကာကွယ်ဖို့ပါ"ဟု ၎င်း တာဝန်ရှိသူက ဖြည့်စွက်ပြောသည်။
စက်သုံးဆီများနှင့် အခြားကန့်သတ် ကုန်ပစ္စည်းများ သိုလှောင်ထိန်းသိမ်းပါ က နိုင်ငံတော်က ထုန်ပြန်ထားသော ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြား ချက်များနှင့်အညီ ခွင့်ပြုချက်ရရှိပြီးမှသာ ထားသိုထိန်းသိမ်းခွင့်ပြုမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
"စည်းကမ်းဖောက်ဖျက်ရင် ထုတ်ပြန်ထားတဲ့ အမိန့်ညွှန်ကြားချက်တွေနဲ့အညီ အရေးယူသွားပါမယ်"ဟု ပြောသည်။
ထို့ပြင် မြေနေရာရရှိပြီးပါက ခြံစည်းရိုး ကာရံခြင်း၊ ကျောက်သိုလှောင်ရုံများ/ ကျောက်ဖြတ်စက်ရုံများ/ အချောထည် လုပ်ငန်းများ၊ အလုပ်ရုံများ တည်ဆောက် သွားမည်ဖြစ်ပြီး ရက်ပေါင်း ၉၀ အတွင်း လုပ်ငန်းစတင်ခြင်းမပြုနိုင်ပါက မြေကွက်ကို ပြန်လည်သိမ်း ယူခြင်းခံရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
စက်တင်ဘာလ ၂ ရက်က ကျင်းပသည့် အမျိုးသားလွှတ်တော်အစည်းအဝေး၌ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၉)မှ ဦးနေ၀င်းထွန်း က ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံအား ကျောက်စိမ်း ကျောက်မျက်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ဖြစ်စေရေး ဆောင်ရွက် ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို တင်သွင်းခဲ့ပြီး အမျိုး သားလွှတ်တော်ကိုယ်စားလှယ်ငါးဦးက ထောက်ခံ ဆွေးနွေးခဲ့ရာမှ ယခုကဲ့သို့ အကောင်အထည်ဖော်ရန်ဖြစ်လာခြင်း ဖြစ်သည်။