Now! Fashion Forward

မြောက်ဥက္ကလာလူသတ်မှုတွင် မသင်္ကာသူခုနစ်ဦးကို ဖမ်းဆီးထား

မင်းသုနောင်
အတွဲ ၂၈ ၊ အမှတ် ၅၄၆ ( ၂ - ၈ ၊ ၁၂ ၊ ၂၀၁၁)

အမှုတွင် သုံးစွဲခဲသည့် ဖုန်းများကို တွေ့ရစဉ်။

၁၇-၁၁-၂၀၁၁ နေ့ညက မြောက်ဥက္ကလာပမြို့နယ် သာကီလမ်းနေ အသက် ၃၂ နှစ်အရွယ်ရှိ ဦးကျော်မင်း ကို အမည်မသိလူများက ဓားများဖြင့် ၀ိုင်းဝန်းခုတ်သတ်ခဲ့မှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူး၏ညွှန်ကြားမှုဖြင့် ရဲတပ်ဖွဲ့ဝင်များက ပူးပေါင်း ကြိုးပမ်းဆောင်ရွက်၍ ၎င်းအမှုနှင့်ပတ်သက်ပြီး မသင်္ကာသူခုနစ်ဦးကို ဖမ်းဆီးထားကြောင်း သိရသည်။

အဆိုပါနေ့ ည ၈ နာရီ ၁၅ မိနစ်ခန့်တွင် မြောက်ဥက္ကလာပမြို့နယ်၊
(က) ရပ်ကွက် နွယ်သာကီ(၆)လမ်းထိပ်ရှိ Six Star အရက်ဆိုင်၌ ဦးကျော်မင်း ဓားများဖြင့် ၀ိုင်းဝန်းခုတ်ခံရ၍ သေဆုံးခဲ့မှုကို ဝေဘာဂီ ရဲစခန်းက (ပ)၅၅၂/ ၂၀၁၁ ပြစ်မှုဆိုင်ရာပုဒ်မ ၃၀၂ အရ အမှုဖွင့် အရေးယူခဲ့သည်။

ယင်းအမှုနှင့်ပတ်သက်၍ အရှေ့ပိုင်း ခရိုင် ရဲတပ်ဖွဲ့မှူး၏ ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး ဒုစရိုက်နှိမ်နင်း ရေး ဌာနစု၊ မှုခင်း အကူဌာနစု၊ အရှေ့ပိုင်း ခရိုင် အထူးမှုခင်းနှိမ်နင်းရေးဌာနစုနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်းစုံစမ်းဖော် ထုတ်ခဲ့သည်ဟု သိရသည်။

သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့၏ စုံစမ်းချက်များအရ နိုဝင်ဘာလ ၂၂ ရက် နေ့တွင် အမှု၌ ပါဝင်သည်ဆိုသူ ကြည့်မြင်တိုင်မြို့နယ်နေ ယာဉ်မောင်း ကျော်လွင် (၄၅ နှစ်)ကို အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့ အထူးမှုခင်းနှိမ်နင်းရေး ဌာနစုမှူး ရဲအုပ်မျိုးအောင်မြင်နှင့်အဖွဲ့က ဖမ်းဆီးရမိခဲ့ပြီး အမှုတွင် ဆက်စပ်ပါဝင်သည်ဆိုသူ မြောက်ဥက္ကလာပမြို့နယ်နေ သက်ဦး (၄၄ နှစ်)၊ သက်ဇော်ထွန်း (၁၉ နှစ်)နှင့် မခင်နှင်းသီတာ (ခ) မခင်သီတာ (၄၃ နှစ်)တို့ကို ဆက်လက် ဖမ်းဆီးခဲ့သည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှုခင်းအကူဌာနစုကလည်း နိုဝင်ဘာလ ၂၅ ရက်နေ့တွင် သင်္ဃန်းကျွန်း မြို့နယ်နေ ထွန်းထွန်းဝင်း (ခ) ရဲအောင် (ခ) ကျွဲကြီး (ခ) ခတ္တာ (၃၈ နှစ်)ကိုလည်း ကောင်း၊ ဒုစရိုက်နှိမ်နင်းရေးဌာနစုက ဒဂုံအရှေ့ပိုင်း မြို့နယ်နေ ဇင်မင်းထက် (ခ) ဒီမိုး (၂၃ နှစ်)ကိုလည်းကောင်း၊ အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့ အထူးမှုခင်း နှိမ်နင်းရေးဌာနစုက မြောက်ဥက္ကလာပ မြို့နယ်နေ ညီညီဦး (ခ) ညီဦး (၃၇ နှစ်)ကိုလည်းကောင်း ဆက်လက်ဖမ်းဆီးခဲ့ သည်ဟု သိရသည်။

အမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာ ရဲတပ်ဖွဲ့က မခင်နှင်းသီတာ(ခ) မခင်သီတာအား စစ်ဆေးရာ အောက်တိုဘာလ ၁၃ ရက်နေ့ ည ၉ နာရီခန့်တွင် ၎င်း၏သားဖြစ်သူ သက်ဇော်ထွန်းကို သေဆုံးသူက ရင်ဘတ်အား ဆောင့်တွန်းသဖြင့် တူဖြစ်သူ မျိုးကြီးက ကားဘီးဖြုတ် တံဖြင့် ၀င်ရိုက်ခဲ့၍ ကျော်မင်းမှာ ခေါင်းကွဲသွားပြီး အီစွတ်၏ မျက်နှာ ဖူးရောင်ခဲ့ကြောင်း အီစွတ်အား ဆေးဖိုးလျော်ကြေးငွေ သုံးသိန်း၊ ကျော်မင်းအား ဆေးဖိုး လေးသိန်း ပေးလျော်ခဲ့ရကြောင်း သိရသည်။

၉-၁၁-၂၀၁၁ နေ့ (၂)နာရီခန့်က မခင်သီတာ နေအိမ်၌ရှိနေစဉ် တူဖြစ်သူ မျိုးကြီး ရောက်လာပြီး သေဆုံးသူ ကျော်မင်းက ထိုးကြိတ် သဖြင့် ဒဏ်ရာရရှိခဲ့ကြောင်း၊ ၁၁-၁၁-၂၀၁၁ နေ့ ည ၈ နာရီခွဲခန့်တွင် နွယ်သာကီရပ်ကွက်ရှိ ကုန်ခြောက်ဆိုင်သို့ ကြာဇံသွားဝယ်စဉ် နွယ်သာကီ(၆)လမ်းထိပ် အရက်ဆိုင်တွင် ကျော်မင်းပါ ငါးဦးခန့် အရက်သောက်နေကြသည်ကို တွေ့မြင်ရပြီး သေဆုံးသူ ကျော်မင်း သည် ၎င်းကို မြင်သောအခါ အရက်ဆိုင်မှထလာပြီး ဓားမြှောင်တစ်ချောင်း ခါးကြားထိုးလျက် ၎င်းနောက်လိုက်လာသဖြင့် ကုန်ခြောက် ဆိုင်အတွင်းသို့ ၀င်ပြေးခဲ့ရသည်ဟု ရဲထံထွက်ဆိုသည်။

၎င်းဝင်ပြေးသည့်ဆိုင်တွင်းမှ ၎င်း၏ခင်ပွန်း သက်ဦးနှင့် မောင်ဖြစ်သူ ညီညီဦး တို့ထံ အဆိုပါအကြောင်းအား ဖုန်းဖြင့် ပြောခဲ့ပြီး နွယ်သာကီ(က)ရပ်ကွက် အုပ်ချုပ်ရေးမှူးထံ ဖြစ်စဉ်အား သွားရောက်အကြောင်းကြားရာ အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ၎င်းအား ဝေဘာဂီလမ်းထိပ်သို့ ပို့ပေးခဲ့ကြောင်း၊ လမ်းထိပ်တွင် ၎င်း၏ခင်ပွန်း ကိုသက်ဦး က ကားဖြင့်စောင့်နေပြီး ခဏအကြာ မောင်ဖြစ်သူ ညီညီဦး တက္ကစီကားဖြင့် ရောက်ရှိလာကြောင်း ထွက်ဆိုသည်။

ထိုညတွင် ညီညီဦးက ကျော်မင်းအား လိုက်လံရှာဖွေသော်လည်း မတွေ့ကြောင်းကို ည ၁၁ နာရီခန့်တွင် ဖုန်းဆက် ပြောကြောင်း မခင်သီတာက ထွက်ဆိုသည်။

နောက်နေ့ ၁၂-၁၁-၂၀၁၁ ရက် နေ့ နံနက် ၉ နာရီခန့်တွင် ညီညီဦး ၎င်းအိမ်သို့ရောက်လာပြီး သေသူ ကျော်မင်းအား ရှင်းပစ်ရန် တိုင်ပင်စီစဉ်ခဲ့ကြောင်း၊ ညီညီဦးက လူတွေရှိကြောင်း၊ ငွေကို စက်ရုံမှ ထုတ်ယူသုံးစွဲမည်ဖြစ်ကြောင်းပြော၍ သဘောတူခွင့်ပြုခဲ့ သည်ဟု ၎င်းက ရဲထံထွက်ဆိုသည်ကို သိရသည်။

အမှုနှင့်ပတ်သက်၍ ဇင်မင်းထက် (ခ) ဒီမိုးနှင့် ထွန်းထွန်းဝင်း (ခ) ရဲအောင် (ခ) ကျွဲကြီး (ခ) ခတ္တာတို့အား စုံစမ်း စစ်ဆေးချက်များ အရ ၁၇-၁၁-၂၀၁၁ ရက်နေ့ ညက မျှားလေး (ခ) ကောင်းမြတ်၊ မှတ်ကြီး၊ ငမျိုး (ခ) ရဲမျိုးသိန်း၊ ၀တုတ် ကျော်ကြီး၊ ကျော်ကြီး (လှိုင်) ပါလေး၊ ဗိုက်ပူတို့နှင့်အတူ လူ ၁၈ ဦးခန့် တင်ဆောင်ထားသည့် ကားနှစ်စီးဖြင့် ထွက်ခဲ့ကြကြောင်း၊ ထီးရှည်များထဲ၌ ဓားများ ၀ှက်၍ ယူလာသည့် လူငယ်ရှစ်ဦးခန့်ပါကြောင်း၊ ၎င်းတို့အနက် ခြောက်ဦးမှာ မျက်နှာကို အ၀တ်ဖြင့်အုပ်ထားသည်ဟု သိရသည်။

မြောက်ဥက္ကလာပ ခြောက်ကွေ့ အကျော်အရောက် ကားနှစ်စီးကိုရပ်၍ ယာဉ်နံပါတ်ပြားများကို တိတ်ဖြင့်ကပ်ခဲ့ကြောင်း၊ ဝေဘာဂီ လမ်းမကြီးပေါ် အရောက် ငမျိုးနှင့် သုံးဦးတို့ လမ်းကြားထဲသို့ ၀င်သွားကြောင်း၊ ၎င်းတို့ ဓားရှည် ကိုယ်စီကိုင်၍ ကားပေါ်မှဆင်းကာ လမ်းဆုံမှ စောင့်ခဲ့ကြောင်း၊ ခဏအကြာ အသက် ၃၀ ၀န်းကျင်ခန့် အမျိုးသားတစ်ဦး ဓားဒဏ်ရာများဖြင့် လမ်းထဲမှ ထွက်ပြေးလာ သည်ကိုတွေ့ရကြောင်း၊ လမ်းထဲသို့ ၀င်သွားသူ လေးဦး ကားပေါ် သို့ ပြန်တက်ပြီးနောက် ကားကို မောင်းနှင် ထွက်ပြေးခဲ့ကြသည်ဟု သိရသည်။

အမှုနှင့်ပတ်သက်၍ ယာဉ်မောင်းသူ ကျော်လွင်ကို စစ်ဆေးရာ နိုဝင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲပိုင်း၌ ပါလေးဆိုသူမှ ဆက်သွယ်သဖြင့် ၎င်းတို့အား ညနေ ၅ နာရီခွဲခန့်၌ စော်ဘွားကြီးကုန်း ဓာတ်ဆီ ဆိုင်အနီးမှ စောင့်နေစဉ် ပါလေး၊ ငမျိုး၊ ကျော်ကြီး (လှိုင်)နှင့် ၀တုတ် ကျော်ကြီး တို့ ကျောပိုးအိတ်ကိုယ်စီနှင့် တွေ့ရပြီး ကားခငွေ ကျပ်တစ်သိန်းခွဲပေး၍ နေပြည်တော်သို့ ငှားရမ်းခဲ့ကြောင်း၊ ည ၉ နာရီ ကျော်ခန့်တွင် ၁၁၅ မိုင် ယာဉ် ရပ်နားစခန်းမှ ထွက်ခဲ့ပြီး ငမျိုးက နေပြည်တော်သို့ မသွားတော့ဘဲ မန္တလေး သို့သွားမည်ဟု ပြောကာ ကားခအဖြစ် ငွေကျပ်တစ်သိန်း ထပ်မံတိုးပေးခဲ့ကြောင်း ထွက်ဆိုသည်။

အမှုတွင်ပါဝင်ကျူးလွန်ပြီး တိမ်းရှောင် ထွက်ပြေးနေသည်ဆိုသူများကို ဖမ်းဆီးနိုင်ရေးအတွက် ရဲတပ်ဖွဲ့မှ အပူတပြင်း လိုက်လံစုံစမ်း ရှာဖွေလျက်ရှိကြောင်း သိရသည်။