Now! Fashion Forward

ယီမင်အတိုက်အခံခေါင်းဆောင် ကြားဖြတ်အစိုးရတာဝန်ပေး

(အေအက်ဖ်ပီ)
ကိုကို ဘာသာပြန်သည်။
အတွဲ ၂၈ ၊ အမှတ် ၅၄၆ ( ၂ - ၈ ၊ ၁၂ ၊ ၂၀၁၁)

ယီမင် သမ္မတသစ် ဖြစ်လာမည့်
အက်ဒရာဘူ မင်ဆာဟာဒီ

ဆာနာ- ယီမင်သမ္မတ အဗ္ဗဒူလာ ဆာလေ ရာထူးမှနုတ်ထွက်ပေးမည့် အစီအစဉ်ကို နိုဝင်ဘာလ ၂၃ ရက်နေ့တွင် သဘောတူလက်မှတ်ရေးထိုး ပြီးနောက် ယီမင်သမ္မတသစ် ဖြစ်လာမည့် အက်ဒရာဘူ မင်ဆာ ဟာဒီ သည် ခပ်ရှိုရှိုနေတတ်သော ဗိုလ်ချုပ်တစ်ဦး ဖြစ်ပြီး တိုင်းပြည် အကျပ် အတည်း ကာလတွင် အများက သဘောတူ လက်ခံနိုင်သူဖြစ်လာသည်။

ကုလသမဂ္ဂ ကျောထောက်နောက်ခံ ပြုခဲ့သော အပေးအယူ သဘော တူညီချက် တွင်လက်ရှိ ဒုတိယသမ္မတ ဟာဒီက သမ္မတ အဖြစ် တိုင်းပြည်အာဏာကို ချက်ချင်း ရယူပြီး ဆာလေကမူ ဂုဏ်ထူးဆောင် သမ္မတအဖြစ် ရက် ၉၀ ကြာအထိ ဆက်လက်နေရန်ဖြစ်သည်။

ထိုကြားကာလအတွင်း ဆာလေသည် မည်သည့် နိုင်ငံရေးဆုံးဖြတ် ချက်ကိုမျှချ မှတ်ဆောင်ရွက်ခွင့်မရှိ။ ဟာဒီ၏ဆုံးဖြတ်ချက်များကိုလည်း ပယ်ချခွင့်မရှိချေ။

အတိုက်အခံခေါင်းဆောင် မိုဟာမက် ဘာဆင်ဒါဝါအား အမျိုးသား ညီညွတ်ရေးအစိုးရကို ဖွဲ့စည်းပြီး ရွေးကောက်ပွဲ ကျင်းပပေးရန် တာဝန်ပေးလိုက်သည်။

အစိုးရအဖွဲ့သစ်က ဟာဒီကို သမ္မတအဖြစ် အများသဘောတူ ရွေးကောက် တင်မြှောက်ပြီး နှစ်နှစ်ကြာ တာဝန်ပေးရန် ဖြစ်သည်။

ဟာဒီသည် ယီမင်တောင်ပိုင်းမှ ဒုတိယဗိုလ်ချုပ်ကြီးဖြစ်ပြီး သမ္မတ ဆာလေလက်အောက်တွင် ဒုတိယ သမ္မတအဖြစ် ၁၉၉၄ ခုနှစ် ကတည်းက ဆောင်ရွက်ခဲ့သူဖြစ်သည်။

၎င်းပြင် လက်ရှိ အာဏာရ အထွေထွေလူထု ကွန်ရက်ပါတီ (ဂျီပီစီ)၏ အတွင်းရေး မှူးချုပ်လည်း ဖြစ်သည်။ ဇွန်လ ၃ ရက်နေ့ ဗုံးခွဲတိုက်ခိုက်မှု တွင် အသက် ၆၉ နှစ်ရှိ သမ္မတ ဆာလေ ထိခိုက်ဒဏ်ရာရရှိသွားသဖြင့် ဖွဲ့စည်းပုံ ဥပဒေအရ ဒုတိယသမ္မတ ဟာဒီက ယီမင်သမ္မတတာဝန်ကို ထမ်းဆောင်နေ ခဲ့ရသည်။

ထိုအတောအတွင်း သမ္မတ ဆာလေသည် ဒဏ်ရာကိုဆေးကုသရန် အိမ်နီးချင်း ဆော်ဒီအာရေဗျတွင် သုံးလကျော်ကြာ နေထိုင်ခဲ့ သည်။ ယီမင်နိုင်ငံတွင် ဇန်န၀ါရီလကတည်း က ဖြစ်ပေါ်ခဲ့သော လူထုဆူပူအုံကြွမှု တွင် လူရာပေါင်းများစွာ သေဆုံးခဲ့ရ သည်။

ပင်လယ်ကွေ့ ပူးပေါင်းဆောင် ရွက်ရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများ၏ ကြားဝင်ညှိနှိုင်းပေးမှုအရ ယီမင်ကို ၃၃ နှစ်ကြာ အုပ်ချုပ်ခဲ့သည့် အသက် ၆၉ နှစ်အရွယ် သမ္မတ ဆာလေနှင့် သူ၏ မိသားစုကို ရုံးတင် တရားစွဲဆိုအရေးယူ ခြင်းမှ ကင်းလွတ်ခွင့်ပေးပြီး အပြန်အလှန် အားဖြင့် ဆာလေကလည်း သမ္မတ ရာထူးမှ နုတ်ထွက်ပေးရန်ဖြစ်သည်။

ယီမင်သမ္မတဖြစ်လာသည့် ဟာဒီကို ၁၉၄၅ ခုနှစ်၊ မေလ ၁ ရက်နေ့တွင် အာဗျန်ပြည်နယ် ဒါကင်ရွာကလေးတွင် မွေးဖွားခဲ့သည်။ ထိုအချိန်က ယီမင်သည် ဗြိတိသျှထိန်းသိမ်းမှုအောက်တွင် ရှိ သည်။ ဟာဒီသည် ဗြိတိန်နှင့် အီဂျစ် နိုင်ငံတို့တွင် စစ်သင်တန်း တက်ခဲ့သည်။

သူ၏ဇာတိမြို့မှာ ယနေ့အချိန်တွင် အယ်လ်ကေဒါလှုပ်ရှားမှု အများဆုံး နေရာဖြစ်နေသည်။ ထိုအချိန်က ယခင်လွတ်လပ်သော တောင်ယီမင်နိုင်ငံတွင် ၁၉၆၄ ခု၌ တက္ကသိုလ်မှ ဆင်းခဲ့သည်။ တောင်ယီမင် နိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှုများတွင် ဟာဒီ နာမည် သိပ်မထွက်ခဲ့ချေ။

၁၉၆၇ ခုနှစ်၊ နိုဝင်ဘာလတွင် တောင်ယီမင် လွတ်လပ်ရေးရသည်။ စစ်အေးကာလ တွင် တောင်ယီမင်သည် အာရပ်ကမ္ဘာ၌ တစ်ခုတည်းသော ကွန်မြူနစ်နိုင်ငံ ဖြစ်ခဲ့ရာ ဆိုဗီယက်ပြည်ထောင်စုနှင့် နီးကပ်စွာ ဆက်ဆံခဲ့သည်။

ထိုအတော အတွင်း ဟာဒီသည် စစ်တပ်တွင် ရာထူးကြီးများ ရလာခဲ့သည်။ သူသည် တောင်ယီမင် သမ္မတကို သစ္စာခံခဲ့ သည်။ တောင်ယီမင်သမ္မတသည် ၁၉၈၆ တွင် အိမ်နီးချင်း မြောက်ယီမင်နိုင်ငံသို့ ထွက်ပြေးခိုလှုံခဲ့ရသည်။

ထိုအချိန်တွင် မြောက်ယီမင်ကို ဆာလေက အုပ်ချုပ် နေပြီ။ ဆာလေသည် ၁၉၇၈ ခုနှစ်မှ စ၍ အာဏာရလာခဲ့သူဖြစ်သည်။ ၁၉၉၀ ပြည့်နှစ်၊ မေလ ၂၂ ရက်တွင် တောင်နှင့်မြောက် ယီမင်နှစ်နိုင်ငံကို ပေါင်းစည်းပြီး ယီမင်နိုင်ငံ ထူထောင် ကြောင်းကြေညာသည်။

၁၉၉၄ ခုနှစ် တွင် တောင်ယီမင်သားတို့က ခွဲထွက်ရန် ကြိုးစားကြပြန်ရာ သွေးချောင်းစီး ပြည်တွင်းစစ်ဖြစ်ခဲ့သည်။ ထိုအချိန်က ဟာဒီသည် မြောက်ယီမင်သားတို့နှင့် ပေါင်းကာ ခွဲထွက်ရေးသမားများကို ချေမှုန်းခဲ့သည်။

ထိုပြည်တွင်းစစ်ကာလ အတွင်း ဟာဒီကို ကာကွယ်ရေးဝန်ကြီး အဖြစ် ခန့်အပ်ခဲ့သည်။ တောင်ပိုင်းသား တို့ကို အောင်မြင်စွာ ချေမှုန်းနိုင်ခဲ့သဖြင့် ၁၉၉၄ ခုနှစ်တွင် ဟာဒီကို ဒုတိယ သမ္မတရာထူး တိုးမြှင့်ပေးလိုက်သည်။ ဟာဒီတွင် သမီးနှစ်ယောက်၊ သား သုံးယောက်ရှိပြီး စာအုပ် လေးငါးအုပ် လည်း ရေးသားခဲ့သော စာရေးဆရာ ဖြစ်သည်။

သူ့စာအုပ်များတွင် 'တောင် တန်းဒေသများ ကာကွယ်ရေးစစ်ပညာ' စာအုပ်မှာ လူသိများသည်။ အမျိုးသားညီညွတ်ရေး အစိုးရကို ဦးဆောင်မည့် ဘာဆင်ဒါဝါသည် ယခင် တောင်ယီမင်နိုင်ငံမြို့တော် အေဒင်တွင် မေးဖွားသူဖြစ်ပြီး သမ္မတ ဆာလေ၏ လူထု ကွန်ဂရက်ပါတီမှ လွန်ခဲ့သော ၁၀ နှစ်ခန့်က နုတ်ထွက်ခဲ့သော်လည်း မည်သည့်ပါတီနှင့်မျှ ပူးပေါင်းပါဝင်ခြင်း မပြုခဲ့ချေ။

ယခင်က နိုင်ငံခြားရေးဝန်ကြီး ဖြစ်ခဲ့ဖူးသူ ဘာဆင်ဒါဝါ၏ ယာယီအစိုးရ တွင် ယခင်သမ္မတ ဆာလေအပေါ် သစ္စာရှိသူများနှင့် အတိုက်အခံများ သည် အဓိကရာထူးများကို ခွဲဝေယူကြပြီး ဖေဖော်ဝါရီလတွင် ရွေးကောက်ပွဲကို ကျင်းပပေးမည်။

ထိုအချိန်တွင် ဆာလေ လည်း ရာထူးအားလုံးမှ လုံးဝနုတ်ထွက် အနားယူတော့မည်ဟု သိရသည်။