၂၁ ရာစုနှစ်တွင် ဗဟုသုတ၏ အရေးပါသောအခန်းကဏ္ဍ
အတွဲ ၂၈ ၊ အမှတ် ၅၅၇ ( ၁၇ - ၂၃ ၊ ၂ ၊ ၂၀၁၂)
ထို့ပြင် အီလက်ထရွန်းနစ်ဆက်သွယ်မှုကို ကမ္ဘာတစ်ဝန်းလုံးတွင် အကြောင်း ကိစ္စအမျိုးမျိုးဖြစ်သော ပညာရေး၊ ကုန်သွယ်စီးပွား ရေးနှင့် အထူးသဖြင့် လူသား ၀န်ဆောင်မှုလုပ်ငန်းများ(human services) အတွက် ကျယ်ပြန့် စွာ သုံးစွဲလျက်ရှိ၏။
သာဓကတစ်ခု အနေဖြင့် ယခုအခါ ကျွန်ုပ်တို့သည် ကုန်သွယ်ရေး၊ ကျန်းမာရေးနှင့် စပ်လျဉ်း၍ 'e-commerce' နှင့် 'e-health' ဟူ၍ အသုံးပြုလျက်ရှိ၏။
ကျန်းမာရေးနှင့် စပ်လျဉ်း၍ ဝေးလံသော အရပ်ဒေသမှ ဆေးပညာရှင်များသည် ဆေးဘက်နှင့် ကုသမှုဆိုင်ရာလုပ်ငန်းများကို ပြည်သူ အတွက် အီလက်ထရွန်းနစ် ဆက်သွယ်ရေးဖြစ်သော တယ်လီဖုန်းနှင့် လူနှစ်ဦးထက်ပို၍ ပြောဆိုဆွေးနွေးခြင်း၊ ဗီဒီယို ရုပ်မြင်သံကြား ဖြင့် ပြောဆိုဆွေးနွေးခြင်း တို့ကို ပြုလုပ်ပေးလျက်ရှိ၏။
သတင်းအချက်အလက်၊ ဆက်သွယ် ရေး၊ ဗဟုသုတနှင့် ပညာရေးတို့သည် အထွေထွေဘ၀နှင့် ပုဂ္ဂိုလ်နှင့် သက်ဆိုင် သောအရာ များကို အသိဉာဏ်ပညာ ရှုထောင့်မှ သုံးသပ်ခြင်းကို ပေးစွမ်းနိုင်၏။
ကျွန်ုပ်တို့၏ လူ့အဖွဲ့အစည်းနှင့် အထူးသဖြင့် အထက်တန်းလွှာမှ လူတို့ အနေဖြင့် ပညာနှင့် ဗဟုသုတကင်းမဲ့နေလျှင် ပြည်သူ လူထုအတွက် များစွာ ထိခိုက်နစ်နာပေမည်။
လူများအနေဖြင့် အလွန်ဆင်းရဲနွမ်းပါးပါက မိမိတို့၏ ရှင်သန်မှုအတွက် အဓိကလုံးပန်းနေခြင်းဖြင့် အချိန်ကုန်နေမည်ကို နားလည်နိုင် ပါသည်။
လူ့အဖွဲ့အစည်းမှ လူလတ်တန်းနှင့် အထက်တန်းတို့ကလည်း သူတို့၏ ဘ၀တစ်သက်တာကို အချိန်ပြည့်၊ သို့ မဟုတ် အချိန် တော်တော်များများ ပိုက်ဆံနှင့် ကြွယ်ဝမှုရရှိဖို့ အသုံးပြုနေ ပေမည်။ ထို့ပြင် ကျွန်ုပ်တို့အနေဖြင့် အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် လူမှုစီးပွားရေး ခေတ်နောက်ကျ ကျန်ခဲ့၏။
ထို့ကြောင့် အလယ်လတ်တန်း လူတန်းစားသည် မိမိနှင့်နီးစပ်ရာသူများ နှင့် စားသုံးမှု (consumerism) တန်းတူ ဖြစ်ရန် အဓိက အာရုံစူးစိုက်နေပေမည်။
ထို့ပြင် သတိပြုသင့်သည့်အချက်တစ်ခုမှာ ကျွန်ုပ်တို့သည် မိမိတို့၏ ဥစ္စာပစ္စည်း ချမ်းသာကြွယ်ဝမှုကို သူတစ်ပါး အထင် ကြီးစေ လိုသောဆန္ဒဖြင့် ပြသခြင်း ပြုလုပ်တတ်ကြပေသည်။
တစ်နည်းအားဖြင့် ဂုဏ်ပကာသနကို အတော်ပင် ဦးစားပေး တတ်ပေသည်။
အထက်ဖော်ပြပါဖြစ်ရပ်များက ဘ၀တွင် အလွန်အရေးပါ၍ အစစ်အမှန်တန်ဖိုးရှိသော အရည်အသွေးများဖြစ်သည့် ဗဟုသုတ၊ စစ်မှန် သော ပညာရေးနှင့် အသိဉာဏ်တို့၏ ကိုယ်စား အရေးပေးမှုရရှိနေ၏။
သို့သော် ဤအခြေအနေသည် ဆက်လက်၍ ဖြစ်ပေါ်နေမည်ဆိုပါက လူ့အဖွဲ့ အစည်းပင် သတင်းအချက်အလက်နှင့် ဗဟုသုတ ဆုံးပါးမှု ခံရပေမည်။
နောက်ဆုံး၌ လူ၏အထွေထွေနှင့် နေ့စဉ်ဘ၀ ၌ပင် အသိဉာဏ်၏ကဏ္ဍသည် ပျက်စီး ယိုယွင်း၍ လူ့အဖွဲ့အစည်းတစ်ရပ်လုံး ၌ပင် မလုံလောက် ခေါင်းပါးသောအဖြစ် သို့ ရောက်ရှိနိုင်၏။
တစ်ဖက်တွင် ကျွန်ုပ် တို့၏ လူ့အဖွဲ့အစည်းသည် လူမှုရေး နှင့် ယဉ်ကျေးမှုတန်ဖိုးများ (social & cultural values) အရ ဗဟုသုတကို ဧကန်မုချ တန်ဖိုးထား၊ မထား သိရှိဖို့ လည်း လိုအပ်ပေသည်။
လူ့ဘ၀နှင့် အလုပ်အကိုင်နှင့် ဆက်စပ်၍ အသိ ဉာဏ်နှင့် ဝေဖန်စဉ်းစား တွေးခေါ်နိုင်ခြင်း စွမ်းရည်၏ တန်ဖိုးကို လျှော့ပေါ့၍ မယူဆနိုင်ပေ။
မိမိလူ့အဖွဲ့အစည်းတွင် ယခုတည်ရှိနေသော အခြေအနေကို မိမိနိုင်ငံမှ အခြားကမ္ဘာအရပ်ရပ်သို့ ခရီးထွက်သွားပါက ထီးထီးကြီး သိမြင်နိုင်၏။
လူပုဂ္ဂိုလ်တစ်ဦးသည် ထက်မြက်သော အသိဉာဏ်၊ ယင်းကို အသုံပြုတတ် ခြင်းမရှိဘဲ၊ ဗဟုသုတလည်း ကင်းမဲ့နေလျှင် ထိုပုဂ္ဂိုလ်သည် ယခုခေတ်၌ အလွန် ကြီးလေးသော ချို့ယွင်းချက်ရှိသူဖြစ်မည်။
ဤအကြောင်းနှင့်ဆက်စပ်၍ အရေးကြီးလှသော နောက်အကြောင်း ရပ်တစ်ခုမှာ နိုင်ငံနှင့် အစိုးရသည် ပြည်တွင်းနှင့် ပြည်ပတွင် ရှိနေသော အသက်မွေးဝမ်းကျောင်းပညာရှင်များနှင့်ပညာတတ်လူစွမ်းအင်ကို အသုံးချ နိုင်မှုရှိ၊ မရှိဆိုသော အကြောင်းပင်ဖြစ်၏။
အရှိကိုအရှိအတိုင်း လက်ခံမည် ဆိုလျှင် ကျွန်ုပ်တို့တိုင်းပြည်မှ ပညာတတ် သော စက်မှုလက်မှုသိပ္ပံပညာ (techincal) နှင့် အသက် မွေးဝမ်း ကျောင်းပညာဆိုင်ရာ လူစွမ်းအားသည် လွန်စွာ ဆုတ်ယုတ်ခဲ့သောကြောင့် အပြည်ပြည်ဆိုင်ရာ သတ်မှတ်စံများနှင့် လိုက်၍ မမီတော့ပေ။
ဤချို့ယွင်းချက် ကို ပြုပြင်ရန် အလွန်ပင် အရေးကြီးပေသည်။
ထို့ပြင် ဦးနှောက် ယိုစီးမှု (brain drain) ကြောင့် ပြင်ပနိုင်ငံများတွင် အလွန်များပြားသော စက်မှုလက်မှု ပညာနှင့် အသက်မွေးဝမ်း ကျောင်းမှု ပညာတတ်သော မြန်မာ လူစွမ်းအင် ရှိနေ ပေသည်။ ဤကြီးမားလှသော လူစွမ်း အင်ကို တစ်နည်းတစ်ဖုံ အသုံးပြုနိုင် မည်ဆိုပါက ကျွန်ုပ်တို့နိုင်ငံကို လျင်မြန် စွာ တိုးတက်ဖွံ့ဖြိုးအောင် ပြုလုပ်နိုင် ပေမည်။
ဤခေတ်အခါ၌ သိပ္ပံပညာနှင့် စပ် လျဉ်းသည့် တိုးတက်မှုများသည် အံ့မခန်း လိလိဖြစ်၏။
မည်သည့် ဗဟုသုတကဏ္ဍတွင်ဖြစ်စေ ဥပမာ- ရုပ်လောက၊ သို့ မဟုတ် အသက်ဇီဝနှင့်စပ်လျဉ်း၍ တိုးတက်မှုများမှာ ကြီးကျယ်လှ၏။
ယင်းသည် ဆေးသိပ္ပံနှင့် ဇီဝဗေဒသိပ္ပံများဖြစ်သော ဥပမာ မော်လီကျူးအဆင့်ရှိ ဇီဝဗေဒ (molecular biology) ၊ မျိုးပွား ပညာ (genetics)၊ ဇီဝဓာတုဗေဒ (bio-chemistry) နှင့် အာရုံနဗ်ကြောသိပ္ပံများ (neurosciences) အစရှိသည်တို့တွင် ဖြစ်၏။
တစ်ချိန်တစ်ခါက ကျွန်ုပ်တို့အနေဖြင့် အလွန်အတွေးခေါင်သော စိတ်ကူး၊ စိတ်သန်းဖြင့်ပင် စိတ်မကူးနိုင်သော အသစ်သော တွေ့ရှိချက်များသည် ယခုအခါ သာမန်အဖြစ်သာ ရှိနေ၏။
သာဓကအချို့ဖြစ်သော ထပ်တူ သတ္တ၀ါကို သဘာဝနည်းဖြင့်မဟုတ်ဘဲ မျိုးထုတ်ခြင်း(cloning)၊ တစ်ရှူး ကလာပ်စည်းစုကို ဓာတ်ခွဲခန်းတွင် မွေးယူခြင်း (tissue culture) ၊ လူ့ကိုယ်ခန္ဓာ အစိတ်အပိုင်းများကို ဖော်ထုတ်အစားထိုးခြင်း၊ ဆေးသိပ္ပံဆိုင်ရာ ရောဂါဖော်ခြင်း (diagnosis) နှင့် နည်းပညာအပေါ် အခြေပြုသည့် ကုသမှုများ အစရှိသည့် များစွာသော သာဓကတို့သည် စိတ်ကူး ယဉ်အဖြစ်မှ လက်တွေ့ ဘ၀အသွင် သဏ္ဌာန်သို့ ယခုပြောင်းလဲသွားပြီးဖြစ်သည်။
ဥပမာ- မကြာသေးခင်က တွေ့ရှိသော မမျိုးဥအိမ် (ovary) နှင့် ရင်သား ကင်ဆာနှင့်စပ်လျဉ်းသည့် အန္တရာယ်ပြုသော BRAC 1 မျိုးရိုးဗီဇ(gene) ။ ထို့ပြင် အာကာသကို စူးစမ်းရှာဖွေခြင်းနှင့် အထူးသဖြင့် ခေတ်သစ်လက်နက် ကိရိယာနှင့် စစ်တိုက်ခြင်း အစ ရှိသော ဖြစ်အင်များမှာ လူသားတို့၏ သာယာ ၀ပြောရေးအတွက် ကြောက်ခမန်းလိလိ စိုးရိမ်ဖွယ်အခြေအနေတို့ကို ညွှန်ပြနေ၏။
သဘာဝမဟုတ်ဘဲ အတုဖြစ်သော ဉာဏ် (artificial intelligence) နှင့် စက်ရုပ်ပညာ (robotics) တို့နှင့် ပတ်သက်သည့် ခေတ်သစ် တိုးတက်မှုများလည်း အနာဂတ်တွင် မတွေးဝံ့သော အခြေအနေများကို ညွှန်ပြနေ၏။
ထို့ ကြောင့် ယခုအခါ အချို့ပညာရှင်များနှင့် စာရေးဆရာများသည် နည်းပညာ (technology) ၊ လွှမ်းမိုးသော အနာဂတ် ဗေဒညာရှင် (futurology) ကို အထူးပြု လိုက်စားလျက်ရှိ၏။
(တစ်နည်းအားဖြင့် အလယ်အလတ်နှင့် အနာဂတ် ကာလတွင် ကျွန်ုပ်တို့သည် မည်သို့သော ဘ၀နှင့် ကမ္ဘာကို မျှော်လင့်နိုင်သည်ကို မီးမောင်းထိုးပြနေပေသည်။)
နိဂုံးအနေဖြင့် ကျွန်ုပ်တို့နိုင်ငံနှင့် လူ့အဖွဲ့အစည်း၌ ယခုတည်ရှိနေသော သတင်းအချက်အလက် (information)၊ ဆက်သွယ်ရေး၊ ပညာရေးနှင့် ဗဟုသုတ မလုံလောက်မှုကို ဖြည့်ဆည်းရန် အရေးတကြီး လိုအပ်နေပေသည်။
ဤအရေးကြီးသော လိုအပ်ချက်ကို ဖြည့်ဆည်းရန် ပညာရေးနစ်တစ်ခုလုံးကို အမြစ်ကစ၍ ပြုပြင်ပြောင်းလဲရန်လည်း လိုအပ်သည်။
ထို့ပြင် ပညာရေးနှင့် ကျန်းမာရေးသည်သာလျှင် ဖွံ့ဖြိုးမှုကို ပေးနိုင်စွမ်းကြောင်း ကျွန်ုပ်တို့ လက်ခံယုံကြည်ဖို့ လိုပေသည်။
ဤသို့ပြုလုပ်နိုင်မှသာလျှင် ကျွန်ုပ်တို့ ၏ အိမ်နီးချင်းနိုင်ငံများနှင့် ကွာဟချက်ကို တန်းတူဖြစ်အောင် ဆောင်ရွက်နိုင်ပေမည်။
အမှန်အားဖြင့် နှစ်ပေါင်း ၅၀ ကျော်ကာလက ကျွန်ုပ်တို့သည် အိမ်နီးချင်းနိုင်ငံများထက် လူမှု-စီးပွားရေး ပိုမို တိုးတက်ခဲ့ပေသည်။
အထက်ဖော်ပြပါ နည်းဖြင့်သာလျှင် ကျွန်ုပ်တို့၏ လူမှု- စီးပွားရေးအရ မလုံမလောက်ဖြစ်နေသော လူအများစုကို မြှင့်တင်နိုင်ပေမည်။
လူလတ်တန်းနှင့် အဆင့်ပိုမိုမြင့် သော လူတန်းစားများက ပိုက်ဆံကြေး ငွေနှင့် ချမ်းသာကြွယ်ဝမှုကိုသာ မည်သည့်နည်းဖြင့်မဆို ရရှိအောင်သာ အာရုံစူးစိုက်နေမည်ဆိုပါက ကျွန်ုပ်တို့၏ ဆင်းရဲသူ၊ ဆင်းရဲသားများအား မည်သို့ မျှ မမြှင့်တင်ပေးနိုင်ပေ။
ထို့ပြင် ကျွန်ုပ်တို့၏ လူ့အဖွဲ့အစည်းနှင့် နိုင်ငံ၏ဖွံ့ဖြိုးမှုကိုလည်း ဆောင်ရွက်နိုင်မည်မဟုတ်ပေ။
မည်သည့်လမ်းကိုလိုက်၍ ရှေ့သို့ သွားမည့်လမ်းစဉ်ကို ရွေးချယ်မည်ဆိုသည်မှာ ကျွန်ုပ်တို့၏ တာဝန်သာ လုံးလုံး လျားလျား ဖြစ်ပေသည်။
ဆောင်းပါးရှင် ဒေါက်တာညီဝင်းမှန်သည် ရန်ကုန်တက္ကသိုလ် စိတ်ပညာဌာနမှ အငြိမ်းစား တွဲဖက်ပါမောက္ခတစ်ဦး ဖြစ်သည်။ ကုခန်းစိတ်ပညာရှင် (Clinical Psychlogist)တစ်ဦးလည်း ဖြစ်သည်။
ယခုဆောင်းပါးသည် နိုင်ငံနှင့် လူ့အဖွဲ့အစည်း၏ သတင်းအချက်အလက်၊ ဆက်သွယ်ရေး၊ ပညာရေးနှင့် ဗဟုသုတ ဖွံ့ဖြိုးရေးကို ဦးတည်ထားပြီး ထိုသို့
ပြုလုပ်ခြင်းဖြင့် နိုင်ငံနှင့် လူ့အဖွဲ့အစည်းတိုးတက်ရေးကို အကောင်အထည်ဖော်နိုင်ရန် တင်ပြထားခြင်း ဖြစ်သည်။
