အာမခံ ဆင်ဖိုနီ

ဒေါက်တာမောင်မောင်သိမ်း
အတွဲ ၂၉ ၊ အမှတ် ၅၆၁ (၁၆ - ၂၂ ၊ ၃၊ ၂၀၁၂)

ဖေဖော်ဝါရီလအတွင်းက သံတွဲလေဆိပ်တွင် ပြေးလမ်းချော်မှု
ဖြစ်ပွားခဲ့သည့် ပုဂ္ဂလိကလေကြောင်းလိုင်းတစ်ခုမှ ခရီးသည်တင်
လေယာဉ်တစ်စင်း။
ဓာတ်ပုံ-မြန်မာတိုင်း(မ်)

အာခေါင်တွေ ခြောက်ကပ်နေသည်။ နှလုံး တဒိန်းဒိန်း ခုန်နေသည်။ ဇောချွေး များ ရွှဲနစ်လာ၏။ ပါးစပ်မှ မသဲမကွဲ အသံပြုမိသည်။ စိုးရိမ်စိတ်... ကြောက်စိတ်... ထိုစဉ် ရုတ်တရက် နိုးလာ၏။ ထိုကျမှပင် ဪ... အိပ်မက်ပါလားဟု အနည်းငယ် စိတ် သက်သာရာရမိ တော့သည်။ လန့်နိုးလာချိန်မှာ နံနက် ၄ နာရီကျော်၊ ပြန်အိပ်၍ မပျော်တော့။ ရင်မှာ တုန်နေ ဆဲ။ မျက်စိမှာ လန့်ကျယ်ကျယ်နေသည်။

သို့နှင် အိပ်မက်ကို ပြန်စဉ်းစားသည်။

ဘာအိပ်မက်မို့ သည်မျှ ကြောက် စရာ၊ ထိတ်စရာ ကောင်းနေရသနည်း။

ဆောင်းတွင်းအိပ်မက် ကယောက် ကယက်လား။

အိပ်မက်နှင့် ဆက်နွှယ်၍ လည်း အိပ်မက်မြူများ ရစ်သိုင်းပေါ်လာ ပြန်သည်။

* * *

အိပ်မက်မှာ ရိုးစင်းသည်။

မိမိတို့ ကုမ္ပဏီတွင် အာမခံထားသော လေယာဉ်တစ်စင်း၏ Wreckages များ ကို မြင်မက်ခြင်းဖြစ်သည်။ သာမန်လူ အတွက် ထိုအိပ်မက်သည် ထိုမျှ ကြောက် စရာ ထိတ်စရာ ကောင်းမည်မထင်။

သို့သော် လေယာဉ်ကို အာမခံလက်ခံ ထားသော အာမခံကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးအတွက်မူ ရင်တုန်စရာ ကြောက် စရာ၊ ထိတ်စရာ ဖြစ်ရသည်။

လေယာဉ် တစ်စီး ပျက်ကျလျှင် လေယာဉ်တန်ဖိုး ကို လျော်ရသည်။

ခရီးသည်များဆုံးရှုံး လျှင် ခရီးသည်တစ်ဦးစီအတွက် လျော်ရ သည်။

လေယာဉ်တွင် သယ်ဆောင်လာ သော ကုန်စည်များအတွက် လျော်ရ သည်။

လေယာဉ်ပျက်ကျမှုကြောင့် ထိခိုက်သွားသူများအတွက် လျော်ရ သည်။

ထိုသို့လျော်နိုင်ရေးအတွက် တစ်ဆင့်အာမခံကုမ္ပဏီများကို နို့တစ် ပေးရသည်။

နိုင်ငံခြားမှ စစ်ဆေးသူ(Surveyor) များ ခေါ်ရသည်။

ယင်းတို့ရောက်မလာခင် အခင်းဖြစ် ပွားရာသို့ ကိုယ်တိုင်သွားရောက်၍ စစ်ဆေးရသည်။

တောကြီးမျက်မည်း တွင် ပျက်လျှင် မလွယ်။

လေယာဉ် တစ်စင်း ဖရုံကာကျွန်းတွင် ၁၉၉၉ ခုနှစ် က ပျက်ကျခဲ့ဖူးရာ ကျောင်းတွင် ပထ၀ီ သင်စဉ်ကသာ ကြားခဲ့ဖူးသော ဖရုံကာ ကျွန်းသို့ လေတစ်တန် (လေယာဉ်စီးရ သည်က ခတ်ထိတ်ထိတ်)၊ ကုန်းတစ်တန်၊ ရေတစ်တန်၊ ခြေလျင်တစ်တန် (တောင် တက်ခရီး) သွားခဲ့ရသည်။

တာချီလိတ် အနီး တောင်တန်းပေါ် ပျက်ကျသော လေယာဉ်ကို သွားရောက်စစ်ဆေးစဉ်က မိုးတွင်းမို့ ရွှံ့တွေဗွက်တွေကြား တောင် တက်ရသည်။

ရုပ်အလောင်းများ ရှင်းပြီး သည့်တိုင်အောင် အပုပ်နံ့က မခံနိုင် အောင် ကျန်နေသေးသည်။

အပြန်တွင် မိုးသည်းထန်စွာ ရွာလာသဖြင့် ဆောင်း စရာမရှိသည့် အဆုံး လေယာဉ်ပျက်ကျ ရာတွင် ပျံလွန်တော်မူသွားသော ဘုန်းဘုန်းတစ်ပါး သယ်ဆောင်လာ သည့် ဘုန်းကြီးဆောင်းထီးများကို 'ဘုန်းဘုန်းရေ ဆောင်းခွင့်ပြုပါ'ဟု စိတ် မှ ခွင့်တောင်းလျက် မကြောက်မရွံ့ အယူ မသီးဘဲ ကိုယ်စီဆောင်း၍ ဆင်းလာရ သည်။

ထိုမျှနှင့်မပြီးသေး၊ လေကြောင်းလိုင်း မှ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဆွေး နွေး ညှိနှိုင်းရသည်။

လျော်ကြေးရရှိရေး အတွက် နိုင်ငံခြားရှိ တစ်ဆင့်အာမခံ ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် အချေအတင် (တစ်ခါတစ်ရံ heated ) ဆွေးနွေးငြင်းခုံရသည်။

ဥပဒေစကား ပြောရသည်။

အကြောင်းခြင်းရာ Fact အပေါ် ခြေကုန်ငြင်းရသည်။

စစ်မြေပြင် သို့ထွက်၍ သေနတ်ကိုင်မတိုက်ရုံသာ ကျန်မည်။

နိုင်ငံတော်အကျိုးအတွက် လျော်ကြေးရရှိရေး တိုက်ပွဲဝင်ရသည်။

အလားတူပင် စက်ရုံကြီးများ မီးလောင် ခြင်း၊ နာဂစ်မုန်တိုင်း တိုက်ခတ်ခြင်း စသည့်များနှင့် ကြုံတွေ့ရသည့်အခါ မျိုးတွင် စိတ်မောလူမော ဖြစ်ခဲ့ရသည်။

၂၀၀၈ ခုနှစ်၊ မေလ နာဂစ်မုန်တိုင်း စဲပြီး နောက်တစ်နေ့ (မှတ်မှတ်ရရ ရုံးပိတ် ရက်)တွင် လမ်းများပေါ်တွင် သစ်ပင် များ လဲပြို ပိတ်ဆို့နေသည့်ကြားက ရုံးသို့ မရောက်ရောက်အောင် သွား၊ ရုံးတွင် ပိတ်မိနေသော Duty officer ၁၀ ဦးအတွက် စားရေး သောက်ရေး စီစဉ်ပေး ပြီး ရုံးခန်းဖွင့်၍ အသင့်စောင့်နေရ သည်။

မုန်တိုင်းကြောင့် ပျက်စီးသွားခဲ့ ရသော အာမခံထားသူများကလည်း ၀ီရိယကောင်းစွာပင် ရုံးပိတ်ရက်ကြီး Survey လုပ်ရန် လာခေါ်ကြသည်။

ယင်းတို့နောက်လိုက်၍ Survey လုပ် ပေးကြရသည်။

အပျက်အစီးများကို ကိုယ်တိုင်လိုက်၍ ကြည့်ပေးခဲ့ရသည်။

သို့မို့ကြောင့်ပင် ဖြစ်ပါလိမ့်မည်၊ ပျက် သမျှ အဆောက်အအုံ၊ မြုပ်သမျှ ရေယာဉ်များအတွက် တစ်ဆင့်အာမခံ မှ လျော်ကြေးရခဲ့ သည်ပင် ဖြစ်ပါသည်။

ယခုအခါတွင် အလွန်စိတ်ချရသည့် လေကြောင်းအာမခံတွင် ၁၉၈၇ မှ ၂၀၀၀ ကြား ၁၃ စင်း၊ (၁၉၈၇ နှင့် ၁၉၈၈ တို့တွင် တစ်နှစ် နှစ်စင်း ပျက်ခဲ့ဖူးသည်။) ပျက်ကျသည်ကိုလည်း တစ်ဆင့် အာမခံမှ လျော်ကြေးရအောင် ဆောင် ရွက်ပေးနိုင်ခဲ့ပါသည်။

လေယာဉ်ပျက် နှုန်းများ၍ တစ်ဆင့်အာမခံ ကုမ္ပဏီမှ အာမခံလက်မခံတော့ဟု ငြင်းရသည် အထိ ဖြစ်ခဲ့သည်။

သို့သော် အာမခံ လက်ခံလာအောင် လုပ်နိုင်ခဲ့ပါသည်။

၉/၁၁ ဖြစ်ရပ်ပေါ်ပေါက်ပြီး တစ်ဆင့် အာမခံ ရပ်ဆိုင်းခံရသည်ကိုလည်း ပြန်လည်ရအောင် လုပ်ဆောင်ပေးခဲ့ရ ပါသည်။

* * *

ဤနေရာတွင် တစ်ဆင့်အာမခံ (reinsurance) အကြောင်း အနည်းငယ် မျှ တင်ပြလိုပါသည်။

တစ်ဆင့် အာမခံ ဆိုသည်မှာ အာမခံကုမ္ပဏီ၏ အာမခံ (insurance for insurance companies) ဖြစ်ပါသည်။

လူတစ်ဦး ချင်းသည် မိမိတွင်ဖြစ်ပွားနိုင်သော ဆုံးရှုံးမှုများအတွက် အာမခံထားရသကဲ့ သို့ အာမခံကုမ္ပဏီများသည်လည်း မိမိ တွင် ဖြစ်ပေါ်နိုင်သော ဆုံးရှုံးမှု (အာမခံ လျော်ကြေးပေးချေရမှု)အတွက် အာမခံ ပြန်ထားရပါသည်။

ယင်းကို တစ်ဆင့် အာမခံဟု ခေါ်ခြင်းဖြစ်ပါသည်။

သို့ အတွက် ကမ္ဘာတစ်ဝန်းရှိ အာမခံကုမ္ပဏီ များအားလုံး တစ်ဆင့်အာမခံထားကြရ ပါသည်။

အာမခံအလုပ်သည် လောဘ ကြီး၍ မရသော အလုပ်ဖြစ်ပါသည်။

ရသမျှယူလျှင် လျော်စရာရှိလည်း အကုန် လျော်ရမည်ဖြစ်သဖြင့် လျော်ကြေးကြီး ကြီးများ ကြုံရလျှင် ဒေ၀ါလီခံသွားရနိုင် ပါသည်။

ရသမျှ ပရီမီယံထဲမှ တစ်ဆင့် အာမခံပရီမီယဖြစ် တစ်ဆင့်အာမခံ ကုမ္ပဏီများသို့ ခွဲဝေပေးထားလျှင် (မျှကျွေးထားလျှင်) လျော်စရာ ရှိလျှင် အကုန်လျော်ရန်မလိုဘဲ ယင်းတို့မှလည်း ၀င်လျော်မည်ဖြစ်သဖြင့် burn-out ဖြစ် သွားစရာ အကြောင်းမရှိပါ။

သို့သော် မည်မျှ တစ်ဆင့်အာမခံထားရမည်/ မထားရမည်ဆိုသည်မှာ အချိန်အခါနှင့် အခြေအနေအရ ပြောင်းလဲရွေ့လျား နေတတ်ပါသည်။

နိုင်ငံတော်ပိုင် မိမိတို့၏ အာမခံကုမ္ပဏီသည်လည်း စတင်ပေါ်ပေါက်ခဲ့သည့် ၁၉၅၂ မှစ၍ တစ်ဆင့်အာမခံ ထားရှိခဲ့ပါသည်။

ထိုသို့ တစ်ဆင့်အာမခံထားခြင်းကို 'မနိုင်၍ (လက်မခံနိုင်၍) နိုင်ငံခြားတွင် အာမခံ ထားခြင်း' တစ်နည်း 'မိမိကုမ္ပဏီများက အားနည်းနေ၍ နိုင်ငံခြားတွင်ထားခြင်း' ဟု ထင်မှတ်မမှားစေလိုပါ။

မိမိကုမ္ပဏီ ပြုတ်မသွားစေရန် အမြော်အမြင်ကြီးမား စွာ ဆောင်ရွက်ချက်ဟူ၍သာ မှတ်ယူ သင့်ပါသည်။

* * *

တချို့က ပြောတတ်ကြပါသေးသည်။

အာမခံထားပြီး တစ်ပြားမှလည်း လျော် ကြေးမရဘူးဆိုသည့် စကား။

အာမခံ ထားခြင်းသည် ကံဆိုးမိုးမှောင်ကျသည့် နေ့ (Raining Day) အတွက် ကြိုတင် ကာကွယ်ခြင်းသာ ဖြစ်ပါသည်။

သို့အတွက် ကံကောင်းနေ၍ မဆုံးရှုံးပါ က အာမခံကုမ္ပဏီထံမှ တစ်ပြားမျှ ရမည် မဟုတ်ပါ။

သို့သော် ကံဆိုး၍ ဆုံးရှုံးမှု ပေါ်ပေါက်ပြီဆိုပါကမူ မိမိပေးထား သော ပရီမီယံထက် အဆပေါင်းများစွာ ရရှိမည် ဖြစ်ပါသည်။

သို့အတွက် ကံ နည်းသူတို့ ထွက်ရပ်လမ်းဟူ၍ပင် ဆောင်းပါးရေးခဲ့ဖူးပါသည်။

ကံကောင်း ၍ မိမိတွင် ဆုံးရှုံးမှုမပေါ်ခဲ့ပါက လျော် ကြေးရမည်မဟုတ်သော်လည်း မိမိပေး ထားသော ပရီမီယံသည် မိမိထက်ကံ နည်းသူများကို လျော်ကြေးပေးရာတွင် ပါဝင်သွားမည်ဖြစ်သဖြင့် မွန်မြတ်သည့် အလှူဒါနဖြစ်သွားပါသည်။

သို့အတွက် အာမခံထားပြီး တစ်ပြားမှလည်းမရဘူး ဟုပြောလျှင် ကျွန်တော်အားကြီး စိတ်ဆိုး ပါသည်။

အသက်အာမခံထားပြီး လျော် ကြေးရလိုလျှင် သေကြည့်ပါလားဟု ပြော ရမလို ဖြစ်ပါသည်။

* * *

စာရေးသူမှာ ဥပဒေသမားဖြစ်ပြီး မျက်စိလည်၍ အာမခံလောကထဲ ရောက်နေခြင်းဖြစ်ပါသည်။

စာရေးသူ ၏ Senior တစ်ဦးက "အန်ကယ်တော့ မီးအာမခံမထားဘူး။ မီးမလောင်အောင် ကြိုတင်ကာကွယ်တာတွေ လုပ်တယ်။ မီးလောင်ရင် ငြှိမ်းသတ်နိုင်အောင် မီး သတ်ဆေးဘူး၊ သဲ၊ ရေအဆင်သင့်ထား တယ်"ဟု စာရေးသူ၏ မျက်နှာကို စေ့စေ့ကြည့်၍ ပြောဖူးပါသည်။

အာမခံ ကုမ္ပဏီမှ တာဝန်ရှိသူကို "အာမခံမထားဘူး"ဟု စေ့စေ့ကြည့်၍ အပြောခံရခြင်း လောက်ဆိုးသည့်အရာ မရှိဟုထင်ပါ သည်။

Senior ဖြစ်၍ မျိုချလိုက်ရပါ သည်။

ထိုသို့ပြောပြီး တစ်နှစ်အကြာတွင် နာဂစ်ဝင်လာသောအခါ မီးမလောင် သော်လည်း 'လေ'ကြောင့်ပျက်စီးသွား ခဲ့ရပါသည်။

ထို့တူပင် အာမခံကိုပေးမဲ့ ပရီမီယံကို ဖယ်ထားမယ်။ ဖြစ်လာရင် ဒီထဲက လျော်မယ်။ အာမခံမထားဘဲ စုပြီးငွေထည့်ပြီး ဖြစ်လာရင် ဒီငွေထဲက လျော်မယ်'ဆိုသည့် စိတ်ကူးမျိုးလည်း ပေါ်တတ်ကြပါသည်။

စုပြီးငွေထည့်၍ ပေါ်လာလျှင် စုလျော်မည် (ဘုံအာမခံ ကုမ္ပဏီ)တည်ထောင်မည်ဆိုသည်မှာ အမြင်နီးသလောက် ခရီးဝေးပါသည်။

စုထည့်၍ စုလျော်ခြင်း၊ အာမခံမထား ဘဲ ငွေများဖယ်ထား၍ စုလျော်ခြင်းများ သည် လျော်ကြေးပေါ်ပေါက်လျှင် ကိုယ့် အိတ်ထဲမှပင် ကျခံရသဖြင့် ကိုယ်ပင်နာ ပါသည်။

အာမခံထားခြင်းကမူ ပရီမီယံ နည်းနည်းလေးပေးရုံဖြင့် လျော်ကြေး ပေးလျှင် အိတ်ကပ်ထဲမှ ကျခံရန်မလိုဘဲ အာမခံကုမ္ပဏီက ၀င်ကျခံပေးမည်ဖြစ် သဖြင့် ကိုယ်မနာပါ။

ကိုယ့် Cash Flow ကိုယ့်ဓနအင်အားကို မထိခိုက်တော့ပါ။

ထို့ပြင်ငွေစုပြီး အာမခံကုမ္ပဏီထောင် လျှင် အချို့အဖွဲ့ဝင်က အပျက်များပြီး အချို့အဖွဲ့ဝင်ကျတော့ အပျက်မရှိပါက ညှိရခက်မည် လည်း ဖြစ်ပါသည်။

ကျေနပ်မှုရှိရန်လည်း ခက်ခဲပါမည်။

အာမခံသည် နိုင်ငံစီးပွားတိုးတက်ရေး ကို အထောက်အကူပြုသော ဒေါက်တိုင် ကြီးတစ်တိုင် ဖြစ်ပါသည်။

အာမခံ လုပ်ငန်းဖွံ့ဖြိုးမှ စီးပွားရေးလုပ်ငန်းများ တွင် ကြုံတွေ့ရသော ဆုံးရှုံးပျက်စီးမှု များကို ကာကွယ်နိုင်မည် ဖြစ်ပါသည်။

သို့မှသာ စီးပွားရေးလုပ်ငန်းများသည် သမင်မွေးရင်း ကျားစားရင်းမဖြစ်ဘဲ အရှိန်အဟုန်မပျက် ဆက်လက်ချီတက် နိုင်မည် ဖြစ်ပါသည်။

နိုင်ငံခြားသားများ မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံရန် လာကြ သောအခါများတွင် မေးလေ့ရှိသော စကားတစ်ခွန်းမှာ "အာမခံဘယ်လိုထား ရမလဲ"ဟူ၍ ဖြစ်ပါသည်။

သို့အတွက် အာမခံလုပ်ငန်းဖွံ့ဖြိုးစေရန် ပြည်ထောင် စုအစိုးရသည် ပြည်ထောင်စုဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီးဌာနမှတစ်ဆင့် အာမခံ လုပ်ငန်းမျာကို အများပြည်သူသို့ မကြာ မီကာလတွင် လုပ်ကိုင်ခွင့်ပြုတော့မည် ကို သတင်းကောင်းပါးအပ်ပါသည်။

* * *

အာမခံသံစုံတီးဝိုင်း (Symphony Orchestra) တီးခတ်၍ အာမခံသံစုံမြည် ပြီးသည့်အခါတွင်မူ စာရေးသူပြန်၍အိပ် ပျော်သွားပါသည်။ နှစ်နှစ်ခြိုက်ခြိုက်ပါပဲ။ ဟောက်များပင် ဟောက်နေသေးတော့သည်။