ဂရန်တီနှင့် ၀ရန်တီ (Guarantee & Warranty)

ဒေါက်တာလွင်ကို
အတွဲ ၂၉ ၊ အမှတ် ၅၆၃ (၃၀၊၃ - ၅၊၄၊ ၂၀၁၂)

Guarantee = n - ကတိပေးခြင်း၊ vt - တာဝန်ခံခြင်းဟု Dictionary တွင်ဖော်ပြ ထားပါသည်။ (Promise that something will be done or will happen esp; a written promise)

Warrant = vt - လုံလောက်စေသည် - အကြောင်းခိုင်လုံစေသည်၊ n - ၀ရန်း၊ အမိန့်စာဟု ဖော်ပြထားရာ Warranty- - ဆိုတော့ အာမခံလက်မှတ်ပေါ့။

ကျွန်တော်တို့ ငယ်ငယ်က ဆေးဝယ် ရင် ဒီဆူဇာမှာ စိတ်ချရတယ်ဆိုသလို ( Rowe = ရိုး- ကုန်တိုက်မှာဝယ်ရင် ဂရန်တီရော ၀ရန်တီပါ ပေးပါသည်။

ဂရန်တီဆိုသည်မှာ အမျိုးအစားစစ် မှန်ကြောင်း တာဝန်ခံ၍ ၀ရန်တီဆိုသည် ဤပစ္စည်း(ဥပမာ - နာရီ) တစ်နှစ် အတွင်း ပျက်စီးပါက အသစ်ပြန်လည် ထုတ်ပေးခြင်းအတွက် အာမခံလက်မှတ် ပေးလိုက်ခြင်းပင် ဖြစ်ပါသည်။

ကျွန်တော် သုံးလေးတန်းလောက်က ကြားရုံသာ ကြားဖူးပါသည်။

ပြန်လည်ထုတ်ပေးသည်ကို မစမ်းသပ်ခဲ့ဖူးပါ။

၁၉၈၁/၈၂ တွင် အင်္ဂလန်နိုင်ငံ၌ စာသင်သားဘ၀က တွေ့ကြုံခဲ့ရပါသည်။

One year Warranty card ပေးသည့် နာရီတစ်လုံးဝယ်ပါသည်။

၁၁ လအကြာ တွင် ထိုနာရီသည် အသစ်ကဲ့သို့ပင် ကောင်းနေပါသည်။

စမ်းကြည့်ရအောင် ဟုဆိုကာ ထိုနာရီကို ခွက်တစ်ခုတွင် ထည့်၍ ရေစိမ်လိုက်ပါသည်။

ထိုခွက်ကို လှုပ်ယမ်းပါသည်။

တစ်ညတာ ရေစိမ်ပြီး နောက်တစ်နေ့နာရီစက် မသွားတော့ပါ။

ထိုအခါ ၀ယ်ခဲ့သည့်ဆိုင်သို့သွား၍ Warranty card ပြကာ ပျက်သွား ကြောင်း ပြောပါသည်။

ဆိုင်မှ နာရီနံပါတ် နှင့် Warrnaty card ကို စစ်ဆေးပါသည်။

လူကြီးမင်းရဲ့နာရီ တစ်နှစ်မတိုင်မီ ပျက်စီးသွားပါသည်။

ကျွန်တော်တို့ဆိုင် မှ ပြန်လဲပေးရန် တာဝန်ရှိပါသည်။

လူကြီးမင်း၏ ယခုနာရီနှင့် အမျိုးတူနာရီ တော့ လောလောဆယ်မရှိပါ။

ဤကောင် တာတွင် လူကြီးမင်းကြိုက်သည့် နာရီ တစ်လုံးကိုပြပါ။

လူကြီးမင်းဝယ်ယူခဲ့ သည့် နာရီသည် ပေါင် ၈၀ ဖြစ်ပါသည်။

ယခုရွေးချယ်မည့် နာရီသည် ပေါင် ၁၀၀ တန်ဖြစ်ပါက ပေါင် ၂၀ ထပ်ပေးပါ။

ပေါင် ၅၀ တန် ရွေးချယ်ပါက ပေါင် ၃၀ ပြန်အမ်း ပါဦးမယ်ဟု ချိုသာစွာ ရှင်းပြပါသည်။

စိတ်ချမ်းသာမှုနှင့်အတူ ဂရန်တီနှင့် ၀ရန်တီ၏ သဘောတရားကို ပို၍ နားလည်ရပါသည်။

၁၉၈၈ ခုနှစ်၊ နောက်ပိုင်းနှစ်ဝက်တွင် ကျွန်တော်စာသင်သားဘ၀ဖြင့် ဂျပန် နိုင်ငံတိုကျိုမြို့တွင် ရှိနေခဲ့ပါသည်။

ကျွန်တော်တို့နေထိုင်ရာ Dometry အဆောင်စောင့် အဘိုးကြီးက နောက် သုံးရက်ကြာလျှင် လျှပ်စစ်ဓာတ်အား ပေးစက်ရုံ စက်စစ်ဆေးခြင်း ဆောင်ရွက် မည်ဖြစ်ပါ၍ လျှပ်စစ်မီးကို နံနက် ၈ နာရီမှ နေ့လည် ၁၂ နာရီအထိ ပိတ်ထား မည်ဖြစ်ပါကြောင်း၊ အင်္ဂလိပ်လို Notice Board တွင်လည်း ကပ်ထားပါကြောင်း တစ်ခန်းဝင် တစ်ခန်းထွက်လိုက်ပြောနေ ပါသည်။

တကယ်ပင်အတိအကျ နံနက် ၈ နာရီမီးလိုင်းအောက်သွားပြီ ၁၂ နာရီ တွင် ပြန်လာပါသည်။

ဤသည်ကိုလည်း Guarantee & Warranty ၏ အစိတ် အပိုင်းတစ်ခုဟု မှတ်ယူမိပါသည်။

ကျွန်တော်တို့တွင် လွန်ခဲ့သော ၁၀ နှစ် ခန့်က လျှပ်စစ်မီတာခတစ်ယူနစ် ၂ ဒသမ ၅၀ ကျပ် = နှစ်ကျပ်ခွဲ။ နောက် ပိုင်း ၂၅ ကျပ်၊ ယခုကုမ္ပဏီတစ်ခုအား တာဝန်ပေး၍ ၀န်ဆောင်ခိုင်းမည်ဖြစ်ကြောင်းနှင့် တစ်ယူနစ် ၃၅ ကျပ်အထိ တက်မည်ဖြစ်ကြောင်း မီတာဖတ် စာရေး က ဖေဖော်ဝါရီလဆန်းတွင် မီတာဖတ် စဉ် ပြောသွားပါသည်။

ကျွန်တော်တို့ မန္တလေးမြို့တော်တွင် ၂-၃-၂၀၁၂ ညနေက လေတိုက်ပါသည်။ ထို့ကြောင့် လျှပ်စစ်မီးပျက်ပါသည်။

၃-၃-၂၀၁၂ တွင် မိုးရွာပါသည်။

ထို့ ကြောင့် မီးပျက်ပါသည်။

ထို့ကြောင့် လေ တိုက်လျှင် မိုးရွာလျှင် မီးပျက်မည်ကို Guarantee တာဝန်ခံခြင်းဟု သတ် မှတ်ရပါတော့သည်။

ဘယ်နှနာရီကြာလျှင် မီးပြန်လာမည်ဟူသည့် Warranty အာမခံမရှိပါ။

၎-၅-၆ နေ့များတွင် ရာသီ ဥတု သာယာပါသည်။

လျှပ်စစ်မီးသည် ပျက်လိုက် ပြန်လာလိုက်နှင့် တစ်နေ့ဆို လျှင် ငါးကြိမ်အထက်မှာရှိပါသည်။

မည်သည့်အစိုးရဌာနကို မည်သည့် ကုမ္ပဏီကိုမဆို လွှဲပြောင်းတာဝန်ပေးလိုက်ပါ။

ဈေးကွက်စီးပွားရေးစနစ်အရ နိုင်ငံတော်အကျိုးရှိမည်ဆိုပါက ကြိုဆိုလျက်ပါ။

သို့သော် နိုင်ငံသူ နိုင်ငံသားများ စိတ်ချမ်းသာဖို့ကို ပို၍မျှော်လင့် တောင့်တမိပါသည်။

ဖြစ်-တည်-ပျက် (ဥပါဒ်-ဌီ-ဘင်) သဘောတရားကို ရံဖန် ရံခါ နှလုံးသွင်းပါသည်။

ဖြစ်တယ်ဆို တော့လည်း ပျက်တတ်ပါသည်။ သို့သော် (Guarantee နှင့် Warranty ) တော့ ရှိစေ ချင်ပါသည်။

ဒါမှ မိဘပြည်သူတစ်ရပ်လုံး Planning ချ၍ လုပ်နိုင်မည်ဖြစ်သည်။

ဤလျှပ်စစ်မီးကိစ္စသည် လတ်တ လောကိစ္စမို့သာ ဖော်ပြခြင်းဖြစ်ပါသည်။

လူတစ်ဦးချင်းစီမှ စ၍ အုပ်စုတစ်ခု အဖွဲ့အစည်းတစ်ခု၊ ဌာနကြီးတစ်ခု၊ ပါတီ ကြီးတစ်ခုချင်းစီတို့သည် မိမိတာဝန်ယူ ရသည့် ကဏ္ဍအသီးသီး၌ တာဝန်ခံမှု၊ အာမခံမှုတို့ ရှိစေချင်ပါသည်။

သို့မှသာ တစ်ဦးချင်းမှသည် နိုင်ငံတော်အဖွဲ့ အစည်းများအထိ ကျယ်ပြန့်လာပြီး ကျွန်တော်တို့ မျှော်မှန်းလျှောက်လှမ်းနေသည့် ဒီမိုကရေစီပန်းတိုင်ကို ကျန်းမာ ပျော်ရွှင်စွာ အတူတကွရောက်ရှိကြမည် ဖြစ်ပေမည်။

Guarantee တွေ၊ Warranty တွေနဲ့ ပတ်သက်လို့ အလွန်ဝမ်းသာစရာစကား မျိုး စာဖတ်သူတို့ကို မျှဝေခံစားနိုင် အောင် ဖော်ပြပါမည်။

၂၇.၂.၂၀၁၂ ထုတ် Voice Weekly ဂျာနယ်မှာ ၀န်ထမ်းများလစာတိုးရေးနှင့် ပတ်သက်ပြီး (ရန်ကုန်-ဖေဖော်ဝါရီ - ၂၂) လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက သူ့ဘ၀နှင့်ပေးပြီး ဒီနေ့နိုင်ငံနှင့် နိုင်ငံသား များအတွက် ဆောင်ရွက်သွားပါမယ်လို့ လွှတ်တော် ကိုယ်စား လှယ်များရှေ့မှာ ကတိပြုရင်း အာမခံပေးသွားပါတယ်။

နောက် အဲဒီဂျာနယ်ထဲမှာပဲ (ရန်ကုန်- ဖေဖော်ဝါရီ-၁၉) လာမည့်ကြားဖြတ် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများ အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် တည်ဆဲဥပဒေများအား လေးစားလိုက် နာမည်ဆိုပါက မိမိရာထူးကို စွန့်လွှတ်ရ လျှင်ပင် နိုင်ငံရေးပါတီများဘက်မှ အပြည့်အ၀ ရပ်တည်ပေးမည်ဖြစ် ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌဦးတင်အေးက ပြော ကြားသည်ဟု ဖော်ပြ ထားပါတယ်။

ဒါ လည်း သူ့ရာထူးနဲ့ အာမခံသွားတာပါ။

နိုင်ငံတော်သမ္မတဦးသိန်းစိန်က လည်း တာဝန်ထမ်းဆောင်မှုတစ်နှစ် ပြည့် အထိမ်းအမှတ်အဖြစ် ပထမအကြိမ် ပြည်ထောင်စု လွှတ်တော်တတိယပုံမှန် အစည်းအဝေး မတ်လ ၁ ရက်နေ့ ပြော သွားတဲ့ မိန့်ခွန်းရဲ့ နိဂုံးချုပ်မှာ "ဒီကနေ့ ဒီအချိန်မှာ တိုင်းရင်းသား ပြည်သူတစ် ရပ်လုံးရဲ့ လိုအင်ဆန္ဒတွေ အလုံးစုံဖြည့် ဆည်းပေးနိုင်ခြင်းမရှိသေးသော်လည်း ကျွန်တော်တို့အစိုးရအနေနှင့် အသက် နှင့် ခန္ဓာကိုယ်စွန့်လွှတ်ပေးဆပ်ဖို့အထိ ကတိသစ္စာပြုထားသူများပီပီ အရိုးကြေ ကြေ၊ အရေခန်းခန်း ကြိုးပမ်းဆောင်ရွက် သွားမှာ ဖြစ်ကြောင်း အခိုင်အမာပြော ကြားသွားပါတယ်"။

ဒါကလည်း အသက် နဲ့လဲပြီး အာမခံသွားတာပါပဲ။

ဒီတော့ကား ကျွန်တော်တို့ရဲ့ ခေါင်း ဆောင်ကြီးများဆီက အာမခံသံ၊ တာဝန် ခံသံတွေ ကြားရတာ အလွန်ပဲ အားတက် မိပါတယ်။

ဝမ်းသာပီတိဖြစ်ရပါတယ်။

ဒါပေမယ့် ၀မ်းသာပီတိနဲ့ ကြည်နူးစွာ စောင့်မျှော် ငေးမောနေရုံနဲ့တော့ ကျွန်တော်တို့ မျှော်လင့်နေတဲ့ သာယာဝပြောသော ဒီမိုကရေစီ နိုင်ငံတော်ကြီးနဲ့ အလှမ်းဝေးနေမလားပဲ။

ကျွန်တော်တို့ တစ်ဦးချင်းစီ၊ တစ်ဖွဲ့ချင်းစီကလည်း မိမိတို့ သက်ဆိုင်ရာလုပ်ငန်းများကို ဥပဒေဘောင်အတွင်းက ကြိုးစားလုပ်ကိုင်ရင်း ပြောရေးဆိုတာများနှင့် ရေးစရာများရှိက ရေးကြဖို့လိုမယ်ထင်ပါတယ်။