ဟစ်၍သာခေါ်လိုက်ချင်တော့တယ် ဆရာရေ
အတွဲ ၂၉ ၊ အမှတ် ၅၆၅ ( ၂၀ - ၂၆ ၊ ၄ ၊ ၂၀၁၂)

ဆရာချစ်သိန်းဦး(CTO) မကွယ်လွန်မီက မြန်မာတိုင်း(မ်) ရုံးခန်းတွင် တွေ့ရစဉ်။
စင်ကာပူနိုင်ငံမှာ မြန်မာတို့စုဝေးရာ နေရာ၊ မြန်မာဆိုင်တွေရှိတဲ့ မြန်မာရွာလို့ သတ်မှတ်နိုင်တဲ့ Penisula Plaza ကို ရောက်တယ်။ အချိန်စောသေးလို့ တချို့ဆိုင်တွေလည်း မဖွင့်သေးပါဘူး။
ရဲရင့်မြန်မာ စားသောက်ဆိုင်မှာ မြန်မာ ထမင်းကြော်နဲ့ မြန်မာ့ အရသာလက်ဖက် ရည်တို့ကို မှာစားတယ်။
ကိုယ့်မြန်မာ အရသာနဲ့ဆိုတော့ စားသောက်ရတာ ကောင်းလိုက်တာ။ ရဲရင့်ကထွက်ပြီး ဟိုဆိုင်လျှောက်ကြည့်၊ ဒီဆိုင်လျှောက် ကြည့်နဲ့ပေါ့။
ဆရာအောင်သင်း၊ ဆရာ ချစ်ဦးညို၊ ဆရာကျော်ဝင်း၊ ဆရာနေ၀င်းမြင့်၊ ဆရာဘုန်း (ဓာတု)တို့ ပါဝင်တဲ့ စာပေဟောပြောပွဲ လက်ကမ်းကြော်ငြာ စာရွက်ကို တွေ့တယ်။
ဟောပြောပွဲ မတိုင်မီရက်မှာ မြန်မာပြည်ပြန်တော့မှာမို့ ကြုံတောင့်ကြုံခဲ အခွင့်အရေး တစ်ရပ်ကို လက်လွှတ်ခဲ့ရတယ်။
ဟိုဆိုင်လျှောက်ကြည့် ဒီဆိုင်လျှောက် ကြည့်နဲ့ ဆိုင်တစ်ဆိုင်မှာ Myanmar Times (1-7 April)ကိုတွေ့တယ်။
ဖိုးသူတော်ကလည်း ပြောတယ်။ ဆရာ့ နှစ်ပတ်လည်မှာ ဆရာ့ကို သတိတရနဲ့ အထိမ်းအမှတ်စာလေးတွေ ရေးကြမယ် လို့ ပြောထား တာနဲ့ စာမျက်နှာလှန်ကြည့် လိုက်တော့ ဆရာ့နှစ်ပတ်လည် အမှတ် တရဆောင်းပါးတွေကိုတွေ့လို့ ၀ယ်လာ ခဲ့တယ်။
စင်ကာပူပိုက်ဆံ နှစ်ဒေါ်လာ ဆင့် ၂၀ ပေးရတယ်။ ဆရာမောင်သွေးသစ်နဲ့ ဆရာဦးအံ့မောင်တို့ရဲ့ ဆောင်းပါးတွေကို ဖတ်ရတယ်။
ဪ တစ်နှစ်ဆိုတဲ့အချိန်ကလေးဟာ ခဏလေးပါလားဆရာရယ်။ ဆရာဟာ ကျွန်တော်နဲ့ မြန်မာ့သတင်း စာလောကကြီးအတွက် လူသေပေမယ့်လည်း နာမည်မသေတဲ့ ပုဂ္ဂိုလ်တွေထဲက တစ်ယောက်ပါ။
နှလုံးသားနဲ့ ဦးနှောက်ထဲမှာ အမြဲရှင်သန်နေမယ့်သူ တစ်ယောက်ပါ။
ပြိုကျသွားသော မြေအုတ်တို့၏နေရာတွင် ကျောက်အုတ် တို့ဖြင့် အစားထိုးအံ့ ဆိုတဲ့စကား ရှိပေမယ့် သတင်းစာလောက၊ ဘာသာပြန် လောကနဲ့ ကျွန်တော့အတွက်တော့ အစားထိုးလို့မရပါဘူးဆရာ။
Myanmar Times မှာ ဆရာ့ရဲ့ဓာတ်ပုံကိုတွေ့တော့ လွမ်းလိုက်ရတာဆရာရယ်။
မနှစ်က ဆရာ ရေးပေးလိုက်တဲ့ သစနညူနအအနမ open letter ကို ဆရာ့သား မင်းလွင်ဦး (ဖိုးသူတော်)ကို လိုက်ရှာပြီး ပေးခဲ့ရ တယ်။ ဒီနှစ် ၂၀၁၁ ဒီတစ်ခေါက်မှာတော့ စင်ကာပူမှာဖတ်ဖို့ယူလာတဲ့ စိတ်ကူးချိုချို စာအုပ်တိုက်ရဲ့ မြန်မာအက်ဆေး ၁၀၁ စာအုပ် ထဲမှာ မထင်မှတ်ဘဲ၊ မမျှော်လင့်ဘဲနဲ့ ဆရာ့ရဲ့စာတစ်ပုဒ်ကို ဖတ်ရ တယ်။
မန္တလေးအသွားလမ်းပေါ်မှာ ဆိုတဲ့ အက်ဆေးတစ်ပုဒ်ပါ။
ဆရာ ကျွန်တော်တို့ကို သင်ပေးတဲ့ On the Road to Mandalay ကဗျာကို ခံစားပြီး ရေးတဲ့ ဆောင်းပါးပေါ့။
ဖိုးသူတော်နဲ့ လည်းတွေ့တော့ ကားပေါ်မှာ ဆရာ့မြေးကို ကဗျာရွတ်ပြတဲ့ ဆရာ့အသံသွင်းထား တဲ့ စီဒီကိုဖွင့်ပြတော့ ဆရာရယ်၊ စာလည်း ဖတ်ရတယ်၊ အသံလည်းကြားရတယ်၊ ဆရာ့ရဲ့ဓာတ်ပုံကိုလည်း မြင်ရတော့ ဆရာရဲ့ ပုံရိပ်တွေဟာ အသက်ဝင် လှုပ် ရှားလာပြီး ဆရာနဲ့တွေ့ခဲ့ရတဲ့ မြင်ကွင်းတွေကို မျက်ရည်ဝိုးတ၀ါးကြားမှာ ပြန် လည်မြင်ယောင်လာခဲ့ရတော့တယ်။
၁၉၈၀ ပြည့်နှစ်ကပေါ့၊ ၁၀ တန်း နှစ်နှစ်ဆက်ကျပြီး သုံးနှစ်မြောက်မှာ မေမေရဲ့ မိတ်ဆွေဖြစ်တဲ့ အဲဒီတုန်းက သွားကောလိပ် မော်ကွန်းထိန်းဖြစ်တဲ့ ဦးတင်ထွတ်က ဆရာရယ်၊ ဆရာ ဦးအောင်သင်းရယ်၊ သင်္ချာဆရာ ဦးမြဦး တို့ကို စာသင်ပြပေးဖို့အတွက် ခေါ်လာ ပေးခဲ့တယ်။
အရင်တွေ့ကြုံခဲ့ရတဲ့ ဆရာတွေနဲ့ မတူတဲ့ စာသင်နည်းတွေ၊ ဆရာပီသတဲ့ အသင်အပြနဲ့ အဟော အပြောတွေကြောင့် နှစ်စဉ်ကျခဲ့ရတဲ့ အင်္ဂလိပ်စာကို အောင်ပြီး အဲဒီနှစ်မှာပဲ ၁၀ တန်းကို အောင်မြင်ခဲ့တယ်။
ဆရာ ဦးအောင်သင်းကြောင့်လည်း မြန်မာစာ အမှတ်ကောင်းခဲ့တယ်။
၁၀ တန်းအောင် လို့ တက္ကသိုလ်ရောက်ပြီး အခြားဆရာ တွေနဲ့ ဝေးကွာသွားပေမယ့်လည်း ဆရာ နဲ့ ကျွန်တော်ဟာ စာသင်တဲ့ ဆရာနဲ့ တပည့်မဟုတ်ဘဲ လောကကြီးရဲ့ ဆရာ နဲ့ တပည့် ဖြစ်ခဲ့ရတယ်။
ဘ၀ တစ်လျှောက်လုံးအတွက် ဆရာဖြစ်ခဲ့ပါတယ်။
ဆရာ့ကြောင့်လည်း စာတွေပိုပြီး ဖတ်ဖြစ်ခဲ့တယ်။
ဆရာ့ရဲ့ ပကာသနမလွှမ်းတဲ့ Guardian Editor ရုံးခန်း၊ နောက်ပြီး The Working People's Daily သတင်းစာ ရဲ့ ဒု-အယ်ဒီတာချုပ် ရုံးခန်း၊ နောက် ပြီး ကြေးမုံသတင်းစာတိုက်ရဲ့ ဒု-အယ်ဒီ တာချုပ်ရုံးခန်းတွေကို အစဉ်အဆက် ရောက်ခဲ့ရတယ်။
ဒု-အယ်ဒီတာချုပ်ဆို တဲ့ အခေါ်အဝေါ်၊ အတန်အတင့် ကျယ် ၀န်းတဲ့ ရုံးခန်း၊ ဆရာစီးဖို့ မာဇဒါ B-600 ကားလေးတစ်စီးရယ်နဲ့ ပြောင်းလဲလာခဲ့ ပေမယ့်လည်း ဆရာ့အနေအထိုင်၊ အပြောအဆို၊ အပြုအမူ၊ စိတ်ထားတွေ မပြောင်းမလဲ၊ မဖောက်မပြန် ရှိခဲ့ပါ တယ်။
ဆိုရှယ်လစ်စနစ်အောက်မှာ သတင်းစာတစ်စောင်ရဲ့ ဒုအယ်ဒီတာ ချုပ်ဆိုတဲ့ ရာထူးအရှိန်အ၀ါဟာ မသေး ပါဘူး။ ဒါပေမယ့် ဆရာ့မှာ ဗျူရိုကရက် ဉာဏ်တစ်ခုမှ မရှိဘူး။ ဆရာ့ကို ၀န်ထမ်း အားလုံးကလည်း အင်မတန်ချစ်ခင်ကြ တာကို တွေ့ရတယ်။
ဆရာ့ရဲ့ရုံးခန်းတွေ မှာထိုင်ပြီး နှလုံးသားအာဟာရစာတွေ၊ ဦးနှောက်ကို ရင့်သန်စေတဲ့ အတွေး အခေါ်တွေ၊ စာတွေ၊ နိုင်ငံရေးတွေကို သင်ယူ၊ နာယူခဲ့ရတယ်။
ဝန်ထမ်းဘ၀ က အနားယူတော့ အင်္ဂလိပ်စာအရေး၊ အဖတ်တွေကို သင်ပြတဲ့ ဆရာ့ရဲ့ သင်တန်းကျောင်းတွေနောက် လိုက်ခဲ့ တယ်။
မြန်မာတိုင်း(မ်)စထောင်တဲ့ ဗဟိုစည် ရုံးခန်း၊ အဲဒီနောက် သမ္မတဟိုတယ်ကို ပြောင်းရွှေ့တော့ ဆရာ့ရဲ့ ကျဉ်းမြောင်းလှတဲ့ နေရာလေး၊ အဲဒီနောက် အခု ဗိုလ်အောင်ကျော်လမ်း ဆရာ့ရဲ့နေရာ လေးတွေမှာ စာပေ၊ ဂီတ၊ ရုပ်ရှင်၊ နိုင်ငံ ရေး၊ အတွေ့အကြုံ၊ ခံစားချက်တွေ၊ စဉ်းစားတွေးခေါ်စရာတွေကို ပြောဆို ဆွေးနွေး နာယူခဲ့ရပါတယ်ဆရာရယ်။
ဆရာသွားရာနောက်၊ ဆရာရှိတဲ့နေရာနောက် တစ်ကောက်ကောက်လိုက်ခဲ့တဲ့ ကျွန်တော့မှာလည်း ဘုရားရှင်တော်မှ မလွန်ဆန်နိုင်တဲ့ ဆရာသွားရာနေရာကို ဆရာက ရှေ့ကသွားလို့ ကျွန်တော် တို့လည်း နောက်ကလိုက်ရမှာပေါ့ ဆရာရယ်။
ဆရာကတော့ ဆေးလိပ်လည်းတို၊ နေလည်းညိုပြီမို့ အိမ်ကိုပြန်သွားပြီပေါ့။
ဒီစာကိုရေးနေစဉ်မှာပဲ ဆရာရဲ့မိတ်ဆွေ ဆရာပါရဂူတစ်ယောက်လည်း ဆရာ့နောက် လိုက်လာပါပြီဆရာ။
ဆရာနဲ့ ဒီလိုနေခဲ့၊ ဒီလိုသွားခဲ့ပေမယ့်လည်း ဆရာရဲ့နောက်ကြောင်း၊ ရာဇ၀င် ဇာတ်ကြောင်းတွေကို ကျွန်တော်ကလည်း မစပ်စု၊ ဆရာကလည်း ကြွားဝါပြီး မထုတ်ပြော။
တစ်ခါတစ်ရံမှာတော့ ဆရာ့ဘ၀ရဲ့ တစ်ပိုင်းတစ်စ၊ တစ်ဆစ် ချိုးတွေ၊ အတိတ်ကအကြောင်းတွေကို ကြွားဝါမှုကင်းမဲ့စွာဖြင့် ဆရာက သံစဉ် အနိမ့်အမြင့်၊ အဖော့အဖိတွေ၊ ဂီတသံ၊ ကဗျာသံတွေပါတဲ့ စကားတွေနဲ့ တလွမ်း တဆွတ် တမ်းတမ်းတတ ပြောပြတယ်။
ဆရာယုံကြည်ခဲ့တဲ့ နိုင်ငံရေးဝါဒ တစ်ရပ်ကို ဦးဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေရဲ့ လွဲမှားတဲ့အယူအဆနဲ့ အကောင်အထည် ဖော်မှုတွေကြောင့် မြန်မာနဲ့ ကမ္ဘာမှာပါ ကျဆုံးပျက်စီးသွား ခဲ့ရတယ်။
အဲဒီအကြောင်းတွေကို ဆွေးနွေးပြောပြရင် တလွမ်းတဆွေးအသံနဲ့ သမိုင်းမှာ တစ်ပတ်တော့ ပြန်လည်မှာ ပါလို့ ယုံကြည်မှုပြင်း ထန်စွာနဲ့ ပြောခဲ့ တယ်။
တစ်ချိန်က အရောင်အသွေးတွေနဲ့ မာကျောလှတဲ့ ခေါင်းဆောင် တစ်ယောက်ဟာ သူ့ရဲ့ကြီးမားလှတဲ့ အိမ်ထောင်စု၊ များပြားလှတဲ့ သားသမီး တွေကြောင့် ဆရာ့ရဲ့နှလုံးသားနဲ့ အတွေး အခေါ်တွေဟာ ဖြူခဲ့ရပါပြီ။
ဆရာ့မှာ ကျွန်တော်သိတဲ့ သမိုင်းကြောင်း၊ ပုဂ္ဂိုလ်အကြောင်းတွေ ရှိသလို ကျွန်တော်မသိတဲ့ ဖော်ထုတ်ပြောဆို ရေးလို့မရတဲ့ သမိုင်း၊ ပုဂ္ဂိုလ်အကြောင်း တွေ အများကြီး ရှိပါတယ်။
အဲဒီ အကြောင်းတွေဟာ ဆရာနဲ့အတူ မြှုပ်နှံ ပျောက်ကွယ်သွားရပါပြီ။
ဒီမှာ ကျွန်တော် အတွေးတစ်ခုဝင်မိတယ်။
လူတွေရဲ့ သမိုင်းကြောင်း၊ နိုင်ငံရဲ့သမိုင်းကြောင်း တွေဟာ လူပုဂ္ဂိုလ်တွေနဲ့အတူ မြှုပ်နှံ ပျောက်ကွယ်သွားသင့်ရဲ့လား ဆိုတာ ကိုပါ။
ဆရာ့မှာ လူသိနည်းတဲ့အကြောင်း အရာတွေ အများကြီးပါ။
ဆရာဟာ နာမည်ကြီး ရုပ်ရှင်ကားတစ်ကားမှာ ၀င်ပြီး သရုပ်ဆောင်ခဲ့ဖူးပါတယ်။
အဲဒီ ကားကတော့ မင်းသားကြီး ကောလိပ်ဂျင် နေ၀င်းရဲ့ ပထမဆုံးကားဖြစ်တဲ့ ကောလိပ်ဂျင် ဇာတ်ကားမှာပါ။
မင်းသား ဖြစ်တဲ့ ကိုသိန်းဖေ ညဘက် အဆောင် ပြန်မလာလို့ ဆုံးမတဲ့ ဆရာနေရာက သရုပ်ဆောင်တာပါ။
ဆရာဟာ သူ့ သူငယ်ချင်းဖြစ်တဲ့ ကောလိပ်ဂျင်နေ၀င်းကို အင်မတန် ချစ်ပါတယ်။ မင်းသားကြီး ကောလိပ်ဂျင်နေ၀င်းပါတဲ့ ဇာတ် ကားကိုများကြည့်ရရင် အမြဲတမ်း မျက်ရည်ကျပါတယ်။ အစွဲအလမ်းနဲ့ ခံစားချက်ကြီးမားလှပါတယ်။
နှလုံးသား နဲ့ စိတ်ထားဟာလည်း ပျော့ပျောင်းဖြူစင် လှပါတယ်။ ဒါပေမယ့် အမှား၊ အမှန်၊ ယုံကြည်ချက်တွေကို ရင်ဆိုင်တဲ့အခါ မှာ သံမဏိနှလုံးသားနဲ့ နီရဲစွာ မှန်ကန် တဲ့ဘက်မှာ ရပ်တည်ခဲ့ပါတယ်။
ဆရာဟာ မှတ်ဉာဏ်လည်း အင်မတန် ကောင်းလှပါတယ်။
ဆရာဟာ ခရစ်ယာန်ဖြစ်လို့ သမ္မာကျမ်းစာတွေထဲ က စာပိုဒ်တွေကို အခါအားလျော်စွာ၊ အကြောင်းသင့်တဲ့အခါ သင်းအုပ်ဆရာ တစ်ယောက်ရဲ့ လေယူလေသိမ်းနဲ့ ရွတ်ပြတတ်သလို ဒုတိယကမ္ဘာစစ်ဖြစ် တဲ့အခါ ဆရာတို့က မုံရွာသားတွေဖြစ် လို့ မုံရွာမြို့သူ၊ မြို့သားများဟာ မိုးညှင်း သံဗုဒ္ဓေဘုရားဝင်းမှာ လူမျိုးမရွေး၊ ဘာသာမရွေး ခိုလှုံခဲ့ရပါတယ်။
အဲဒီတုန်းက မိုးညှင်းဆရာတော်ဘုရားကြီး သင်ပေးတဲ့ ဗုဒ္ဓကိုရှိခိုးတဲ့ သံပေါက်တွေကို အားလုံး အလွတ်ရွတ်ပြတတ်ပါ တယ်။
ယုံကြည်ချက်ရဲ့ သီချင်းတွေကို လည်း ဆိုပြပါတယ်။ ဆရာကြီး ဒဂုန် တာရာကတောင် ခင်ဗျားတော်တော် မှတ်မိတယ်ဗျာလို့ ပြောရတယ်။
ဆရာ ကြီး ဒဂုန်တာရာဆီကို သွားလည်ရင် ဆရာ ရွတ်ရွတ်ပြတာကိုး။ ဆရာ့မှာ အကောင်းတွေကြီးပဲပြည့် နေတာ မဟုတ်ပါဘူး။ အဆိုးလေးတစ်ခု တော့ ရှိပါတယ်။
အဲဒါကတော့ ဆရာဟာ ယမကာ မနုဿ လူသားတစ် ယောက်ပါ။
ဆရာဟာ ယမကာကို အင်မတန် ကြိုက်ပါတယ်။
ယမကာကို နှစ်ခြိုက်စွာ သောက်ခဲ့ပေမယ့် ဆရာဟာ အလုပ်မပျက်၊ စာသင်မပျက်ခဲ့ပါဘူး။
ဆရာများ ရေချိန်လွန်လာရင် ဂီတသံ၊ ကဗျာသံတွေဟာ လွှမ်းမိုးနေတော့တယ်။
ဆေးလိပ်ကိုလည်း အင်မတန် ကြိုက်ပါတယ်။ ဒါပေမယ့် ဆေးလိပ်ကိုတော့ တုံးတိဖြတ်နိုင်ခဲ့တယ်။
ဆေးလိပ်ကြောင့်လည်း ဘ၀ရဲ့နောက်ဆုံးကာလ တွေမှာ အောက်ဆီဂျင်ဘူးနဲ့မပြတ် နေခဲ့ ရတယ်။
ဆရာမောင်သွေးသစ်ရဲ့ နောက်ဆုံးမြင်ကွင်းအရ သေတာတောင် အောက်ဆီဂျင်ပိုက်တန်းလန်းနဲ့ပါ။
အခုလိုမျိုး သင်္ကြန်ကာလရောက် တယ်ဆိုရင်ပဲ တစ်ခုသောသင်္ကြန်မှာ ဆရာနဲ့အတူ အိမ်ကနေပြီး WPD ရုံးခန်း ထိ တိုင်အောင် လမ်းလျှောက်ခဲ့ကြတယ်။
လမ်းတစ်လျှောက်မှာ ကလေးတွေရဲ့ ရေပက်ကိုခံပြီး မဏ္ဍပ်တွေကိုကြည့်၊ သီချင်းတွေဆိုပြီး ပျော်ရွှင်ခဲ့ရတာတွေကို အရမ်းသတိရ မိတယ်။
ဆရာနဲ့ သွားလာခဲ့တာတွေ၊ စားသောက်ခဲ့တာတွေ၊ ခံစား ရတာတွေကို ဆွေးနွေးပြောဆိုခဲ့ရတာ တွေကို ပြန်ပြောရရင် တစ်ထောင့် တစ်ည မကပါဘူးဆရာ။
ဆရာ့မှာ အင်မတန်မှ ချစ်ဖို့ကောင်းတဲ့အချက် ရှိပါတယ်။
ဆရာဟာ ဆရာရဲ့ မိတ်ဆွေတွေ၊ စာရေးဆရာကြီးတွေ ဆီကိုသွားလို့ ကျွန်တော်များပါလာရင် ကျွန်တော့ကို ဒါဟာ ကျုပ်ရဲ့တပည့်လို့ ဘယ်တော့မှ၊ ဘယ်သောအခါမှ မိတ်ဆက် မပေးဘူး။
ကျွန်တော့ရဲ့မိတ်ဆွေ၊ ကျုပ်ရဲ့သူငယ်ချင်း၊ ကျုပ်ရဲ့ရဲဘော်လို့ ဆိုပြီး မိတ်ဆက်ပေးတတ်ပါတယ်။
ကျွန်တော့မှာသာ မနေတတ်၊ မထိုင်တတ် ဖြစ်ရတယ်။ ဂုဏ်လည်းယူမိပါတယ်။
ဆရာ့ရဲ့ နောက်ဆုံးပိုင်းအချိန်တွေမှာ ဆရာနဲ့အတူ ထမင်းဆိုင်၊ လက်ဖက်ရည်ဆိုင်တွေကို ပိုပြီးထိုင်ဖြစ်တယ်။ ဆရာ့ကို ခေါ်ပြီး ကန်တော်လေးက ပိတောက် ရွှေဝါမှာ ထမင်းသွားစားတော့ အဲဒီဆိုင်က ဆိတ်သားဟင်းကို အရမ်းကြိုက်သွားတယ်။
ဆရာက သူ့မိတ်ဆွေတွေခေါ်ပြီး သွားသွားစားတယ်လို့ ပြောပြတယ်။
လသာလမ်းက ခုနစ်လွှာပေါက်စီနဲ့ လက်ဖက်ရည်ကိုလည်း အင်မတန် ကြိုက်တယ်။ ၄၆ လမ်းထိပ်က မာကျူရီ လက်ဖက်ရည်ဆိုင်ရဲ့ တိုရှည်၊ ကုလားစာတွေကိုလည်း စားဖြစ်ကြတယ်။
ဒါပေမယ့် အရင်လိုမျိုး သိပ်မစားနိုင်တော့ပါဘူး။ ရုံးအပေါ်ထပ်ကနေ အောက်ကို ဆင်းရင်တောင် မောလို့ နားရတယ်။
အဲဒီ ဆုတ်ယုတ်လာတဲ့အခြေအနေကို ရိပ်မိနေပေမယ့် အလုပ်မအားလို့ ဆရာ့ ရဲ့ နောက်ဆုံးအချိန်တွေမှာ ဆရာနဲ့ မတွေ့ခဲ့ရဘူး။
၇-၄-၂၀၁၀ နေ့ သတင်းစာရဲ့ နာရေးစာမျက်နှာမှာ ဆရာ့ရဲ့ နာရေး ကြော်ငြာကို ဖတ်လိုက်ရတော့ အင်မတန် တုန်လှုပ် ချောက်ချား သွားခဲ့ရတယ်။
ရင်ထဲမှာ ဟာခနဲ၊ မျက်လုံးမှာ ပြာခနဲ ဖြစ်သွားခဲ့ရတယ်။
တကယ့်ကို ရုတ်တရက်မှ ရုတ်တရက်ပါဆရာ။
ရောဂါဝေဒနာ ခံစားရလို့ ဆေးရုံမှာ ပြုစုလိုက်ရလို့၊ သတင်းမေးလိုက်ရလို့ဆိုရင် ဖြေသာပါတယ်။
ကျွန်တော့အတွက် ရုတ်တရုတ်ဆိုတော့ ယူကျုံးမရ ဖြစ်ပေမယ့် ဆရာကတော့ သက်သောင့်သက်သာနဲ့ ဘ၀ကူးကောင်းလှပါတယ်။
စာဖတ်တာများပြီး စာရေးဖို့အချိန် တန်ပြီလို့ အမြဲတမ်း တိုက်တွန်းခဲ့တဲ့ ဆရာ့ကိုလွမ်းရတဲ့ နှလုံးသားရဲ့အလွမ်းကို ဦးနှောက်နဲ့ လက်က ဘယ်လိုစာ၊ ဘယ်လိုစာလုံးမျိုးတွေနဲ့ ဖော်ထုတ်လို့ရ မှာလဲ ဆရာရယ်။
ဒါကြောင့်မို့ ဟစ်၍သာ ခေါ်လိုက်ချင်တော့တယ်ဆရာရေ - ဆရာရေ လို့။
(စာရေးရန် အမြဲတမ်းတိုက်တွန်းသော ဆရာတော် ဦးကောမုဒိဝရ (ကိုရင်စစ်)၊ ဆရာ CTO တို့ကို ဤစာဖြင့် ကန်တော့ပါသည်။)