ကုဋေတစ်သန်းမကတဲ့ ခြေတစ်လှမ်းအစ
အတွဲ ၂၉ ၊ အမှတ် ၅၇၁ (၁ - ၇ ၊ ၆ ၊ ၂၀၁၂)
စာရေးသူအနေဖြင့် ဉာဏပစ္စည်း ကာကွယ်စောင့်ရှောက်မှုအကျိုးဆောင် အဖြစ် တစ်စိုက်မတ်မတ် ဆောင်ရွက်ခဲ့ သည့် ၁၉၉၄ ခုနှစ်မှယနေ့တိုင် နိုင်ငံ တကာတွင် ကျင်းပသော ဉာဏပစ္စည်း ဆိုင်ရာ အစည်းအဝေးများသို့ ကြိမ်ဖန် များစွာတက်ရောက်ခဲ့ရာ နိုင်ငံတကာ စံနှုန်းဖြစ်သည့် TRIPS Agreement နှင့်အညီ ဉာဏပစ္စည်းပိုင်ဆိုင်မှုအခွင့် အရေး (Intellectual Property Right-IPR) ကို အကာအကွယ်ပေးနိုင်သည့် ဆိုင်ရာဥပဒေများ မပြဋ္ဌာန်းနိုင်သေးသည့် စာရေးသူတို့နိုင်ငံအပေါ် မိမိနိုင်ငံ ထက် နောက်ကျစွာ လွတ်လပ်ရေးရရှိပြီး မိမိနိုင်ငံအောက် ဆင်းရဲမှုစံနှုန်းရှိသည့် နိုင်ငံမှ အစည်းအဝေးတက်ရောက်လာ သူ အချို့က နှိမ့်ချသည့် အဓိပ္ပာယ်ဖြင့် ဆက်ဆံပြောဆိုမှုမျိုးခံခဲ့ရဖူးပေသည်။
လွတ်လပ်ရေးအရနောက်ကျသော်လည်း နိုင်ငံတော်တည်ဆောက်ရေးတွင် စီးပွားကုန်သွယ်မှုအတွက် အရေးကြီး သောကဏ္ဍ တစ်ရပ်ဖြစ်သည့် ဉာဏ ပစ္စည်း ကာကွယ်စောင့်ရှောက်မှုဥပဒေ များကို နိုင်ငံတကာစံနှုန်းများနှင့်အညီ အချိန်တိုအတွင်း ပြဋ္ဌာန်း နိုင်လျက် IPR ကို 'လူ့အခွင့်အရေး'အဖြစ် လက်ခံ ဆောင်ရွက်နိုင်ခြင်းကြောင့် ယင်းသို့ အထက်စီးမှ ပြောဆိုဆက်ဆံနိုင်ခြင်းဖြစ် ရာ စာရေးသူအနေဖြင့် မိမိနိုင်ငံနှင့် လူမျိုး၏ ဂုဏ်သိက္ခာကို ထိပါးလာခြင်းအပေါ် စိတ်မကောင်းစွာဖြင့် အတတ်နိုင်ဆုံး ပြန်လည်ရှင်းလင်း ပြောပြခဲ့ရပါသည်။
၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ဉာဏပစ္စည်းပိုင်ဆိုင် မှုဆိုင်ရာ အခွင့် အရေးသည် ဖွဲ့စည်းပုံ အခြေခံဥပဒေက အတိအလင်း သတ် မှတ်ပေးလိုက်သော နိုင်ငံသားများ၏ အခွင့်အရေးတစ်ရပ် ဖြစ်လာ ခဲ့ပြီဖြစ်ပေ သည်။
အဆိုပါဥပဒေ၏ အခန်း(၁) အခြေခံမူများ ပုဒ်မ-၃၇ တွင်လည်း ကောင်း၊ အခန်း(၈) နိုင်ငံသားများ၏မူလတာဝန်နှင့် အခွင့်အရေး များကဏ္ဍ ပုဒ်မ-၃၇၂တွင်လည်းကောင်း တီထွင် ခွင့်၊ မူပိုင်ခွင့်များကို ထည့်သွင်းဖော်ပြ ထားရာ ဤအချက်မှာ ယခင်ပြဋ္ဌာန်းခဲ့ သည့် ၁၉၄၇ နှင့် ၁၉၇၄ ခုနှစ် နိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေများနှင့်မတူ ထူးခြားထင်ရှားစွာ IPR ကို အသိ အမှတ်ပြုထားသော အချက်ဖြစ်ပါ သည်။
အစိုးရသစ်လက်ထက် တစ်နှစ် တာမျှသောအချိန်တိုအတွင်း သိသာ ထင်ရှားစွာ တိုးတက်ပြောင်းလဲလာသည့် ဒီမိုကရေစီရေး ရှေ့ရှုသော ကြိုးပမ်းအား ထုတ်မှုများနှင့်အတူ မျှော်လင့်တကြီး ၀င်ရောက်လာကြသည့် နိုင်ငံခြားရင်းနှီး မြှုပ်နှံလိုသူများနှင့် တွေ့ဆုံဆွေးနွေး ပြော ဆိုကြသည့် စည်းဝေးပွဲများ၊ စကားဝိုင်း များတွင်လည်း ဉာဏပစ္စည်းကာကွယ် စောင့်ရှောက်မှုမှာ မပါမဖြစ် အရေး တကြီး ထည့်သွင်းပြောဆိုနေကြသည့် ခေါင်းစဉ်တစ်ခုဖြစ်ပေရာ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အခွင့်အရေး (Constitutional Right) ဖြစ်သည့် IPRudk TRIPS Agreement နှင့်အညီ သတ် မှတ်ကာလအတွင်း ဆိုင်ရာဥပဒေများ ပြဋ္ဌာန်းကျင့်သုံး လိုက်နာ အကောင် အထည်ဖော်နိုင်ရေးမှာ နိုင်ငံတော်နှင့် တကွ နိုင်ငံသားတိုင်းတွင်တင်ရှိလာ သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ တာဝန် ကြီးတစ်ရပ် (Constitutional Obligation) ဖြစ်နေကြောင်း ပေါ်လွင် လှပေသည်။
မကြာမတင်သောကာလများတွင် ဖြတ်သန်းကြရမည့်ခုနှစ်များသည် မြန်မာနိုင်ငံအတွက် ထူးခြားလေးနက်သော၊ စိန်ခေါ်မှုများ နှင့်ပြည့်နှက်နေ သော၊ နိုင်ငံနှင့်လူမျိုးတို့ အားပြည့် မာန်ချီကြရမည်ဖြစ်သော ခုနှစ်များပင် ဖြစ်ပါသည်။
၂၀၁၃ ခုနှစ်သည် TRIPS Agreement အားလိုက်နာရန် WTO က နောက်ဆုံး သတ်မှတ်ပေးလိုက်သော ခုနှစ်ဖြစ်သလို အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲကြီးကို မြန်မာနိုင်ငံက လက်ခံကျင်းပပေးရမည့် ခုနှစ်လည်း ဖြစ်သည်။
၂၀၁၄ ခုနှစ်မှာ နိုင်ငံတော် သမ္မတကြီးအနေဖြင့် Asean President တာဝန်ကို လွှဲယူထမ်းဆောင်မည့်ခုနှစ် ဖြစ်ပါသည်။
၂၀၁၅ ခုနှစ်မှာ အရှေ့ တောင်အာရှ လွတ်လပ်သောကုန်သွယ် မှုဒေသ (Asean Free Trade Area-AFTA)ကို မြန်မာနိုင်ငံက ၀င်ရောက်ရန်ဖြစ်ပြီး ပြည်သူ့လွှတ်တော်အဆင့်ဆင့် ဒုတိယသက်တမ်းအတွက် ရွေးကောက် ပွဲများကျင်းပပေးရမည့် ခုနှစ်လည်း ဖြစ်ပါသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံလိုသူ များသည် ၎င်းတို့စိတ်ချလက်ချ လုပ်ငန်း ဆောင်ရွက်နိုင်ရန်အတွက် အကာ အကွယ်ပေးစွမ်းနိုင်သည့် ဉာဏပစ္စည်း ဆိုင်ရာဥပဒေများနှင့်အတူ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ်အောက် တွင် အုံနှင့်ကျင်းနှင့် ခင်းကျင်းဝင်ရောက် လာကြမည့် အနာဂတ်ကာလများလည်း ဖြစ်ပေရာ ဤသို့ နှစ်များအစဉ်အလိုက် နိုင်ငံတော်က ထူးခြားထင်ရှားစွာ ထမ်း ဆောင်ရမည့် လုပ်ငန်းစဉ်များအတွက် နိုင်ငံတကာစံနှုန်းများနှင့်အညီ ဉာဏ ပစ္စည်းကို ကာကွယ်စောင့်ရှောက်ပေးရန် မှာ လွန်စွာအရေးကြီး လှကြောင်း သိသာ နေပေသည်။
အထက်တွင် ရေးသားခဲ့သကဲ့သို့ ဉာဏပစ္စည်းကိုကာကွယ်စောင့် ရှောက်ခြင်းသည် လူပုဂ္ဂိုလ်တစ်ဦးချင်း ၏ ဂုဏ်သိက္ခာ (Personal Dignity) သာမက အမျိုးသားရေးဂုဏ်သိက္ခာ (National Dignity)၊ နိုင်ငံ၏ဂုဏ်သိက္ခာ (State's Dignity) ကို မြှင့်တင်ပေးခြင်း ဖြစ်သည် "Saving The Intellectual Property Is Raising The State's Dignity" ဟု စာရေးသူက ရိုးသားစွာခံယူ မိပါသည်။
ယခုနှစ်တွင် ရန်ကုန်မြို့၌ကျင်းပပြီးစီး ခဲ့သည့် ကမ္ဘာ့ဉာဏပစ္စည်းနေ့တွင် မကြာမီပေါ်ပေါက်လာရတော့မည့် နိုင်ငံတကာ စံနှုန်းများနှင့် လျော်ညီသော ဉာဏပစ္စည်းဆိုင်ရာ ဥပဒေအသစ်များကို အကောင်အထည်ဖော်ရာတွင် အထောက်အပံ့ပြုနိုင်ရန် အလို့ငှာ 'မြန်မာနိုင်ငံ ဉာဏပစ္စည်းဆိုင်ရာအသင်း (Myanmar Intellectual Property Association)'ကို ဖွဲ့စည်းရန် အများသဘောတူ ဆုံးဖြတ်ခဲ့ကြပေ သည်။
နိုင်ငံတကာတွင် သက်ဆိုင်ရာ နိုင်ငံအလိုက် ဉာဏပစ္စည်းဆိုင်ရာ အသင်းများ ဖွဲ့စည်းလျက် ဉာဏပစ္စည်း ကာကွယ်စောင့်ရှောက်မှု လုပ်ငန်းများ ကို အစိုးရနှင့် အနီးကပ်ဆက်သွယ် ဆောင်ရွက်နေကြသည်ဖြစ်ရာ အဆိုပါ ဆုံးဖြတ်ချက်သည် အခြေအနေနှင့် အချိန် အခါအလျောက် လွန်စွာ သင့်မြတ် လှသော ဆုံးဖြတ်ချက်ပင်ဖြစ်ပါသည်။
မကြာမတင် ပေါ်ပေါက်လာတော့မည့် ဉာဏပစ္စည်းဆိုင်ရာဥပဒေအသစ် များအား လက်တွေ့ကျင့်သုံး အကောင် အထည်ဖော်ရာတွင် တစ်တပ်တစ်အား ပံ့ပိုးကူညီဆောင်ရွက်နိုင်ရန် ဤအသင်း ကြီး ဖွဲ့စည်းဖြစ်မြောက်ရေးအတွက် ပုဂ္ဂလိကကဏ္ဍမှ အားကြိုးမာန်တက် ဆောင်ရွက်နေကြခြင်းသည် နိုင်ငံနှင့် လူမျိုး ဂုဏ်သိက္ခာမြှင့်တင်ရေးအတွက် ဆိုင်ရာကဏ္ဍတစ်သွယ်မှ နိုးနိုးကြားကြား လှုပ်ရှား ဆောင်ရွက်ခြင်းဖြစ်သဖြင့် 'ကုဋေတစ်သန်းမကသော ခြေတစ်လှမ်းအစ' ဖြစ်ပါကြောင်း ဂုဏ်ပြုရေးသား လိုက်ရပါသည်။
