သစ်ကုန်သွယ် လုပ်ငန်းခွန်သစ်
အတွဲ ၂၉ ၊ အမှတ် ၅၇၃ (၁၅ - ၂၁ ၊ ၆ ၊ ၂၀၁၂)
ပြည်ပတင်ပို့မှုတွင်လည်း ဤအချက်သည် အရေးပါသောအချက် ဖြစ်သည်။
ထုတ်လုပ်မှု သဘောသဘာဝ အရ သစ်လုံးနှင့် ခွဲသားမတူ။
အကြမ်း အားဖြင့် သစ်လုံး နှစ်တန်ခွဲမှ ခွဲသားတစ်တန် ရသည်။
ပြည်ပရောင်းတန်းဝင် ခွဲ သားထုတ်လုပ်လျှင် ယင်းထက်ပင် နည်း ဦးမည်။
သစ်လုံး သုံးတန်ခွဲမှ ပြည်ပ ရောင်းတန်းဝင်ခွဲသား တစ်တန်ခန့် သာ ရနိုင်မည်။
ထုတ်လုပ်စရိတ်များ၊ ၀န် ဆောင် စရိတ်များ ထပ်ပေါင်းလျှင် ပြည်ပ ပို့ကုန်ခွဲသား တစ်တန်၏ ကုန်ကျစရိတ် အလွန်မြင့်မားသွားပေပြီ။ သို့သော် နိုင်ငံ တကာဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်းရှိ ဖို့ အရေးကြီးသည်။
ဈေးနှုန်းအလွန်မြင့် သဖြင့် ၀ယ်ယူမည့်သူမရှိလျှင် မည်သို့မျှ မတတ်နိုင်။
သို့ဖြစ်လျှင် မည်သူမျှ အရှုံးခံ၍ သစ်ခွဲစိတ်တင်ပို့တော့မည့် မဟုတ်ပေ။
ယင်းသို့ ထုတ်လုပ်မှု လုပ်ငန်း များ ရပ်တန့်သွားလျှင် ထိုလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသော လုပ်သား များ၊ ၀န်ထမ်းများနှင့် မိသားစုများ အလုပ် လက်မဲ့ဖြစ်ကာ ၀င်ငွေလျော့နည်းသွား ကြမည်။
သို့ဖြစ်ရာ သစ်လုံးနှင့် သစ်ခွဲသား တို့ကို မတူညီသော ကုန်စည်များအဖြစ် ခွဲခြား၍ ကုန်သွယ်လုပ်ငန်းခွန်ကိုလည်း လိုက်လျော ညီထွေစွာ ခွဲခြားသတ်မှတ် သင့်ပါသည်။
ထပ်ဆင့်တန်ဖိုးမြှင့် ထုတ်ကုန်များဖြစ်သော သစ်အချောထည် ထုတ်ကုန်များ အပေါ် ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင် နှုန်း သတ်မှတ်ပေးခြင်းမှာ အလွန် ကောင်းမွန်သော အစီအမံ ဖြစ်ပါသည်။
သို့သော် သစ်အခြေခံ အချောထည် ထုတ်ကုန်များသည် ကုန်သွယ်လုပ်ငန်း ခွန် လျှော့ပေါ့ပေးလိုက်သည်နှင့် တစ်ပြိုင်နက် အခြားကုန်စည်များကဲ့သို့ ချက်ချင်း ထိုးတက်သွားနိုင်မည် မဟုတ်ပါ။
အဘယ်ကြောင့်ဆိုသော် မြန်မာ့ သစ်အခြေခံစက်မှုလုပ်ငန်းများကြုံတွေ့ နေရသည့် အခက်အခဲများမှာ အခွန် ကောက်ဆိုင်ရာ ကိစ္စတစ်ခုတည်းနှင့်သာ သက်ဆိုင်နေခြင်းမဟုတ်ပေ။
လက်ရှိ အခြေအနေတွင်မူ မြန်မာ့သစ်အခြေခံ စက်မှုလုပ်ငန်းများသည် ဖွံ့ဖြိုးတိုးတက် ရေးအတွက် အချိန်ကာလတစ်ခုယူ၍ တည်ဆောက်ရန်လိုအပ်လျက်ရှိသည်မှာ မငြင်းနိုင်သောအချက်တစ်ချက်ဖြစ်သည်။
သစ်အခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံ မှု၊ ဈေးကွက်၊ နည်းပညာ၊ ကျွမ်းကျင် လုပ်သား စသည့် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးရဦးမည်ဖြစ်သည်။
ယင်းအချက်များပြည့်စုံမှသာ နိုင်ငံတကာဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားစေရေးအတွက် နိုင်ငံတော် အစိုးရ၏ ဖြေလျှော့မှု များသည်လည်း အသုံးတည့်ကာ အကျိုးကျေးဇူးများ ဖြစ်ထွန်းလာမည် ဖြစ်သည်။
သို့ဖြစ် ရာ ထိရောက်စွာ ဖွံ့ဖြိုးတိုးတက်ခြင်း မရှိသေးသော စက်မှုလုပ်ငန်း (Industry) တစ်ခုအတွက် ဖြေလျှော့ပေးမှုသည် လက်ရှိအနေအထားအရ လက်တွေ့ အားဖြင့် အချည်းနှီးသာဖြစ်သည်။
မည်သည့်နိုင်ငံတွင်မဆို အုပ်ချုပ်သူ အစိုးရများသည် နိုင်ငံသားများထံမှ ကောက်ခံရရှိသော အခွန်ဘဏ္ဍာဖြင့် နိုင်ငံ့အရေးအရာများကို စီမံခန့်ခွဲကြရသည်။
နိုင်ငံသားတိုင်းသည် အခွန်ပေး ဆောင်ရန် တာဝန်ရှိကြသည်။
အထူး သဖြင့် ကုန်သွယ်လုပ်ငန်းခွန်ဆိုသည်မှာ စားသုံးသူပြည်သူအားလုံး ပေးဆောင် ရသော အခွန်ဖြစ်ပါသည်။
ထို့ကြောင့် အခွန်နှုန်းထား သတ်မှတ်ချက်များသည် လုပ်ငန်းရှင်များအပါအ၀င် နိုင်ငံသားများမှ လိုလိုလားလား ပေးဆောင်နိုင်စေရန် စီမံဆောင်ရွက်သင့်သည်။
မျှတမှုမရှိ ၍ ၀န်ထုပ်ဝန်ပိုးဖြစ်လာလျှင်၊ သို့မဟုတ် တွက်ခြေမကိုက်လျှင် အခွန်တိမ်းရှောင်ရန် မသမာမှုများဖြစ်လာနိုင်သည်။
သစ်နှင့်ပတ်သက်သော ထုတ်ကုန် ဆိုင်ရာ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရန် ကုန်စည်အမျိုးအမည် ကို ယခုထက်ပိုမို၍ ခွဲခြားသင့်ပါသည်။
လက်ရှိမြန်မာ့သစ်လုပ်ငန်း၏ ပြည်တွင်း ထုတ်လုပ်ရောင်းချမှု စနစ်အရ ကျွန်း၊ အုပ်စု(၁)နှင့် အခြားဟူ၍ ခွဲခြားထားပါသည်။
အုပ်စု(၁) အမျိုးအစားတွင် ပျဉ်းကတိုး၊ ပိတောက်၊ သစ်ရာ၊ အင်ကြင်း၊ သင်္ဃန်းနှင့် တမလန်းတို့ ပါဝင်ကြသည်။
ကျွန်းနှင့် အုပ်စု(၁)မှအပ ကျန်သစ်မျိုးများ အားလုံးကို အခြားအုပ်စုတွင် ထည့်သွင်းသည်။
ယင်းတို့ကို သစ်လုံးနှင့် ခွဲသားထပ်ခွဲလျှင် ကုန်စည်အမျိုးအမည် ခြောက်ခုရရှိမည် ဖြစ်ပါသည်။
အဆိုပါ ကုန်စည်အလိုက် အခွန်ရာခိုင်နှုန်းများကို အချိုးကျသင့်လျော်အောင် သတ်မှတ်သင့်ပါသည်။
ယင်းသို့ သတ်မှတ်ရာ တွင် သစ်မျိုးအလိုက် ရှားပါးသော အဖိုး တန်သစ်များကို အခွန်ပိုမိုကောက်ခံပြီး အခြားအဖိုးနည်းသစ်များကို အခွန် လျှော့ပေါ့ကောက်ခံခြင်း၊ သစ်လုံးများ အပေါ် အခွန်ပိုမိုကောက်ခံ၍ ခွဲသားများကို အခွန်လျှော့ပေါ့ ကောက်ခံခြင်းတို့ ကို ပြင်ဆင်ညှိနှိုင်းသတ်မှတ်သင့်သည်။
အချုပ်အားဖြင့်ဆိုသော် မြန်မာ့သစ် လုပ်ငန်းအပါအ၀င် သစ်နှင့် သစ်ထွက် ကုန်စည်ဆိုင်ရာ စီးပွားရေးအသိုက် အ၀န်းတစ်ခုလုံးအပေါ် ကြီးမားသော ရိုက်ခတ်မှုကို ပေါ်ပေါက်စေမည်ဖြစ်ပါသည်။
ထို့ပြင် ဆင့်ကဲအကျိုးသက်ရောက် မှုအဖြစ် သစ်တောသယံဇာတထိန်းသိမ်းရေး၊ ပြည်သူတို့၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေး တို့ကိုလည်း သွယ်ဝိုက်၍ ဂယက်ရိုက်ခတ်သွားနိုင်သည်။
အဘယ့်ကြောင့်ဆိုသော် သစ်ဆိုသည်မှာ လူတို့ အတွက် မရှိမဖြစ်လိုအပ်သော စားရေး၊ ၀တ်ရေးနှင့် နေရေးဟူသော အခြေခံ လိုအပ်ချက် သုံးခုအနက် နေရေးနှင့် ပတ်သက်လျက်ရှိသည်။
နေရေး၊ ထိုင်ရေးဟု ပြောဆိုသုံးနှုန်းကြသကဲ့သို့ နေရေးနှင့် ထိုင်ရေးတွင် နေရေးက ပထမဖြစ်သည်။
သစ်ခွဲသားဆိုသည်မှာ နေစရာအိမ် ဆောက်ရန် အဓိကကုန်စည်ဖြစ်သည်။
ဤသို့အရေးပါသော အခြေခံကုန် စည်ကို မရှိမဖြစ်မဟုတ်သော ကုန်စည်များ (Non-essential commodities) နှင့် တစ်တန်းတည်း ထား၍ အခွန် ကောက်ခံရန် သတ်မှတ်ခြင်းသည် မဖြစ်မနေ ပြန်လည်စဉ်းစားသင့်သောအချက် ဖြစ်သည်။
အကယ်၍ ဇယား(၆)တွင် အခြားကုန်စည်များနှင့်အတူ လက်ရှိ အတိုင်း တစ်တန်းတည်းထားမည်ဆို လျှင်ပင် ယခုကဲ့သို့ ကုန်စည် နှစ်မျိုးတည်း အပေါ် အခွန်ရာခိုင်နှုန်း တစ်ပြေးညီ သတ်မှတ်ခြင်းအစား ကုန်စည်အမျိုးအမည် ထပ်မံခွဲခြားကာ ကုန်စည်၏အရေးပါမှု ကိုလိုက်၍ အခွန်ရာခိုင်နှုန်း အဆင့်ဆင့် ပြန်လည်ခွဲခြား သတ်မှတ်သင့်ပါကြောင်း အကြံပြုတိုက်တွန်းအပ်ပါသည်။
