နှစ် ၅၀ နီးပါး သက်တမ်းရှိ စာပေစိစစ်မှုကို ပယ်ဖျက်လိုက်ပြီးနောက် လူမှုဘ၀ဆက်ဆံရေး တစ်ရပ်ကို တည်ဆောက်နိုင်ခဲ့ပြီ
ရော့စ်ဒန်ကလီရေးသားသည်
အတွဲ ၃၀ ၊ အမှတ် ၅၈၃ ( ၂၄ - ၃၀ ၊ ၈ ၊ ၂၀၁၂)

လူ့လောကကြီးသည် ထာဝစဉ်ပြောင်း လဲနေသည်။ ထို့အတူ မြန်မာ နိုင်ငံသည်လည်း ပြောင်းလဲလျက်ရှိသည်။ ကမ္ဘာကြီးသည် ပိုမို နေပျော် ဖွယ် ကောင်းသော နေရာတစ်ခုဖြစ်လာနေပြီဟု ကျွန်ုပ်တို့ ယုံကြည် နိုင်ပေပြီ။ မင်နီတံကြီး အမှိုက်ပုံးထဲ ပစ်ချလိုက်သည်ကို မြင်လိုက်ရ၍ ၀မ်းသာပီတိ ဖြစ်မိပါသည်။
ကမ္ဘောဒီးယားနိုင်ငံသည် မီဒီယာများ အပေါ် ဆင်ဆာလုံးဝမလုပ်ဘဲ နိုင်ငံခြား ပိုင်ဆိုင်မှု ၁၀၀ ရာခိုင်နှုန်းဖြင့် မီဒီယာ လုပ်ငန်းလုပ်ကိုင်ခွင့် ပြုလောက်အောင် တိုးတက်ရင့်ကျက်သော အမြင်ရှိသဖြင့် ကျွန်ုပ်တို့ The Phnom Penh Post ကို တည်ထောင်လုပ်ကိုင်နိုင်ခဲ့သည်။
မြန်မာနိုင်ငံ၌ စာပေစိစစ်ရေးစနစ် ဖယ်ရှားလိုက်ခြင်းသည် မြန်မာ့ ဒီမို ကရေစီ အုတ်မြစ်တွင် နောက်ထပ် ဘိလပ်မြေတစ်အိတ် လောင်းထည့်လိုက် ခြင်းဖြစ်သည်။ အုတ်မြစ်ပိုခိုင်လာမှာတော့ သေချာ ပါသည်။
တကယ်တော့ မြန်မာနိုင်ငံတွင် လူမှုဘ၀ ဆက်ဆံရေး တစ်ရပ်ကို တည်ဆောက်နိုင်ခဲ့ခြင်းဖြစ် သည်။ အစိုးရနှင့် မြန်မာလူထုအကြား ဤ လူမှုဆက်ဆံရေးတစ်ရပ် မရှိဘဲနှင့် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး မဖြစ်နိုင်၊ အနာဂတ်သည်လည်း တည် ငြိမ်မှု မရှိနိုင်ပေ။ သမ္မတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အခြားနိုင်ငံရေး သမားများက ဤလမ်းကို ဦးဆောင်ခဲ့ကြပြီး ဤသဘောတူညီချက်ကို မကြာမီ အနာဂတ်အတွင်း အကောင်အထည် ဖော်ရန် သန္နိဋ္ဌာန်ချထားကြပုံရသည်။
သို့သော် နိုင်ငံရေးအကျဉ်းသားအား လုံးကို မလွှတ်သေးဘဲနှင့် ဤအရေးမှာ ပြီးပြည့်စုံလိမ့်မည်မဟုတ်ချေ။ မြန်မာ လူထုအများစုက လည်း ဤသဘောထားကို ထောက်ခံကြသည်။ အထူးသဖြင့် မြန်မာတိုင်း(မ်)ကို ကျွန်ုပ်နှင့် ပူးတွဲတည် ထောင်သူ ကျွန်ုပ်၏ပါတနာ ဟောင်း ဦးမြတ်ဆွေ(ဆန်နီ)၏ ခေလှသော ကံကြမ္မာကို ရည်ညွှန်းပါသည်။ သူသည် ဆင်ဆာဥပဒေချိုးဖောက်မှုဖြင့် ထောင် ဒဏ် ၁၄ နှစ် ကျခံနေရလေရာ ယခုအထိ ထောင်ထဲတွင် ရှစ်နှစ်နီးပါးပင်ရှိခဲ့ပြီ။
ဦးမြတ်ဆွေသည် The Myanmar Times ၌ ကျွန်ုပ်နှင့်အတူ ပူးတွဲထုတ်ဝေ သူအဖြစ် တရားဝင်၊ နိုင်ငံ့အပေါ် သစ္စာရှိစွာ လုပ်ကိုင်ခဲ့သူ ဖြစ်သည်။ မြန်မာ နိုင်ငံ၌ ပြည်ပနှင့် ပထမဆုံးလုပ်ကိုင်ခဲ့သည့် မီဒီယာ ဖက်စပ်လုပ်ငန်းကို မြန်မာ ဘက်မှ ဦးဆောင်ခဲ့သူ မြန်မာ အမှုဆောင် တစ်ဦးဖြစ်သည်။ ထိုအချိန်က မြန်မာနိုင်ငံ၌ တိုးတက်ခေတ်မီသော သတင်းမီဒီယာ မရှိသေးချိန်တွင် မြန်မာနိုင်ငံ၏ သတင်းများကို မျှမျှတတ ဖြန့်ဝေပေးနိုင်ခဲ့သူ ဖြစ်သည်။
ယခုနှစ် မေလ ၃ ရက်နေ့က ဦးမြတ် ဆွေ (ဆန်နီ)၏ အမှုနှင့်ပတ်သက်၍ သမ္မတကြီးထံ စာရေးအသနားခံတင်ပြ ခဲ့ဖူးပါသည်။ ကျွန်တော် သမ္မတကြီးထံ စာရေးစဉ်က အင်္ဂလိပ်ဘာသာဖြင့် ထုတ် ဝေသော The Myanmar Times အပတ် စဉ် ဂျာနယ်ကို နေ့စဉ် သတင်းစာအဖြစ် ပထမခွင့်ပြုပြီးနောက်မှ မြန်မာတိုင်း(မ်) (မြန်မာ)ကို ဆက်လက်ထုတ်ဝေခွင့်ပြုရန် တင်ပြခဲ့ပါသည်။
မြန်မာနိုင်ငံသည် အရှိန်အဟုန်ဖြင့် လျင်မြန်စွာပြောင်းလဲ နေချိန်တွင် အင်္ဂလိပ်ဘာသာဖြင့်The New Light of Myanmar တစ်စောင် တည်းရှိနေရာ မြန်မာအကြောင်း အငမ်းမရ သိချင်နေကြသော ကမ္ဘာအတွက် မလုံမလောက်ဖြစ်နေမည်မှာ ထင်ရှားပါသည်။ မြန်မာ့ သတင်းကို ၀ယ်လိုသူက များပြီး ရောင်းမည့်သူက ရှားပါးနေသည့် အဖြစ်မျိုး မဖြစ်သင့်ပါ။ ရာစုနှစ် ထက်ဝက်လောက်သော ကာလ အတွင်း ပထမဆုံးအဖြစ် မီဒီယာသည် သူ၏ ထိုက်သင့်သော နေရာကို မှန်မှန်ကန်ကန် ပြန်လည်ရရှိသွားပြီး လူ့အဖွဲ့အစည်းကို အပြန် အလှန်ထိန်း ညှိသည့် တာဝန်ကို ရွက်ဆောင်နိုင်တော့မည်ဖြစ်သည်။
ထွက်ပေါ်လာသော သတင်းစာများသည် အဂတိအလေ့ အကျင့်များကို ဖော်ထုတ်မည်။ နိုင်ငံရေး သမားများကို ဖြောင့်မှန်ရိုးသား စေမည်။ နိုင်ငံရင်ဆိုင်ကြုံတွေ့နေရသော လူမှုရေး ပြဿနာများကို မီးမောင်းထိုးပြမည်။ မြန်မာဆိုတာ ဘယ်လိုဆိုသည်။ ယဉ်ကျေးမှု အဓိပ္ပာယ်ကို လက်တစ်ဆုံး နှိုက်ကြည့်ကြတော့မည် ဖြစ်သည်။
ရေးသား ပုံနှိပ်ကြည့်သည့်အထဲမှ အများစုသည် ကောင်းမွန်သော၊ သန်စွမ်း သော အရေးအသားများသာ ဖြစ်ကြပါ လိမ့်မည်။ အကြောင်းမူ မြန်မာလူထုသည် တွေးတတ် ခေါ်တတ်သော ပညာတတ်များဖြစ်ရာ သူတို့ရရှိထားသော အရာကို ထိန်းသိမ်းထားဖို့၊ တိုးပွား အားကောင်းအောင် လုပ်ဖို့လိုအပ်သည်ကို သဘောပေါက် သိရှိသူများဖြစ် ကြသောကြောင့်တည်း။ သူတို့တွေ ပါဝင် ထိတွေ့ လာကြပါလိမ့်မည်။
ကျွန်ုပ်တို့အနေဖြင့်မူ နိုင်ငံတော် အစိုးရက ခွင့်ပြုကြောင်း ကြေညာသည် နှင့် ချက်ချင်းပင် နေ့စဉ် သတင်းစာထုတ်ရန် အသင့် ရှိ ပါသည်။ သတင်းစာ၊ ပုံနှိပ် နှင့် ထုတ်ဝေဥပဒေမှာ ယခုအထိ လွှတ် တော်သို့ မတင်နိုင်သေးရာ လောလော ဆယ်တွင် တည်ရှိဆဲ ဥပဒေများနှင့် ချည်နှောင်ခံ၍ လုပ်ကိုင်နေရဆဲပင် ရှိသည်။
ကျွန်တော့သဘော ပြောရလျှင် သတင်းစာထုတ်ဝေခွင့် လိုင်စင်ကို အစိုးရက ထုတ်ပေးနေစရာ မလိုအပ်ပါ။ လိုအပ်သော အရင်းအမြစ် ရှိသူတိုင်း မည်သူမဆို ထုတ်နိုင်ပါသည်။ ကမ္ဘောဒီးယားနိုင်ငံမှာကဲ့သို့ပင် မှတ်ပုံတင်ရန်သာ လိုပါသည်။ လက်တွေ့ ချက်ချင်းလုပ်ရ မည်ဆိုလျှင် အင်္ဂလိပ်နေ့စဉ်ကို တစ်လအတွင်း ဖြစ်မြောက်အောင် ကျွန်ုပ်တို့ စီစဉ်နိုင်ပါသည်။
သတင်းစာလုပ်ငန်းသည် ခက်ခဲကြမ်း တမ်းပြီး အပြိုင်အဆိုင်များသော လုပ်ငန်း ဖြစ်ရာ အကျအဆုံးများ မှန်မှန်တိုးလာနိုင်သည်။ အရှုံးကို ကျွန်တော်မတွေးပါ။ ကျွန်တော့မှာ အတွေ့အကြုံ ဗဟုသုတ အပြည့်ရှိသည်။ အတွေ့အကြုံ ပြည့်ဝပြီး သတင်းထောက်များ၊ အယ်ဒီတာများ၊ ပုံနှိပ်ရေးနှင့် ထုတ်လုပ်ရေး ကျွမ်းကျင် ပညာရှင်များ အသင့်ရှိသည်။ အဖွဲ့ကို ဘယ်လို တည်ဆောက်ရမည်ကို ကျွန်တော်သိသည်။ အခက်အခဲများလည်း ရှိနိုင်သည်။ သို့ဖြစ်ရာ အာဏာပိုင်တို့အနေဖြင့် ပြည်ပမှ ကျွမ်းကျင်သူအချို့ကို ခွင့်ပြုသင့် သည်။
၎င်းတို့မှာ သတင်းထောက်များ၊ လက်ထောက် အယ်ဒီတာများ၊ သတင်း ဆန်းစစ်သူများ၊ ဓာတ်ပုံဆရာများ၊ ဒီဇိုင်နာ၊ ပုံနှိပ်ပညာရှင်နှင့် စီမံခန့်ခွဲရေးအမှုဆောင်အချို့ပင် လိုအပ်နိုင်ပါသည်။ နိုင်ငံခြားမှ အတွေ့အကြုံရင့် ကျွမ်းကျင်သူများ မပါဘဲနှင့် သတင်းစာအဆင့် အတန်း မြန်မြန်ဆန်ဆန် မြင့်မလာနိုင်ပါ။
အထူးသဖြင့် သတင်းထောက်များပင် ဖြစ်သည်။ သတင်းထောက်ကောင်းတစ်ဦးဖြစ်ဖို့ နှစ်ပေါင်းများစွာ လေ့ကျင့်သင်ကြားဖို့ လိုသည်။ ဝေဖန်ပိုင်းခြား တွေးမြင်နိုင်မှု (critical thinking capacity) နှင့် သတင်းရှုထောင့်ကို ဖော်ပြတတ်ဖို့ ability to identify a news angle ပင်ဖြစ်သည်။ အနောက်မီဒီယာလောက တွင် ဤအရည်အချင်းများကို တက္ကသိုလ်မှ သင်ကြားပေးလိုက်ပြီးဖြစ်သည်။
မြန်မာနိုင်ငံ၌ ကျွန်ုပ်၏ အတွေ့ အကြုံအရ သတင်းထောက် ၁၀ ယောက် လျှင် ဤအရည်အသွေးရှိသူ တစ်ဦးသာ တွေ့ရသည်။ ဤသို့ရေးသည်မှာ ငယ်စဉ် ကတည်းက ဖြတ်သန်းလာခဲ့ရသည့် ပညာရေးစနစ်ကြောင့်ဖြစ်ရာ သတင်း လွတ်လပ်ခွင့်ပေးလိုက်ရုံနှင့် ချက်ချင်း ကုစားနိုင်မည်မဟုတ်ချေ။
ချက်ချင်း လက်ငင်း ကမ္ဘာ့အဆင့်မီ မီဒီယာတစ်ခု ဖြစ်လာဖို့တော့ မမျှော်လင့်နိုင်ပေ။ မီဒီယာကဏ္ဍတွင် ပြည်ပရင်းနှီးမြှုပ်နှံ မှုကို ခွင့်မပြုလျှင် စတုတ္ထမဏ္ဍိုင် ဖွံ့ဖြိုး ရေးတွင် အဟန့်အတားကြီးစွာ ဖြစ်နိုင်ပေသည်။ ဘာမှ စိုးရိမ်စရာမရှိပါ။ နိုင်ငံခြားသားများက ကျွမ်းကျင်မှုနှင့် အရင်းအနှီးများ ယူလာကြပါလိမ့်မည်။ မြန်မာနိုင်ငံက ဒါတွေလိုနေပါသည်။
မီဒီယာလောကတွင် ပြိုင်ဆိုင်မှုကို ပိတ်ဆို့ဟန့်တားထားသော နိုင်ငံများ သည် မီဒီယာလောကဖွံ့ဖြိုးမှု ရပ်ဆိုင်း သွားသဖြင့် မီဒီယာ များ၏ ထိရောက်မှု ဆိတ်သုဉ်းသွားရာ စီးပွားရေးလုပ်ငန်း ကြီးများနှင့် နိုင်ငံရေးသမားတို့၏ ဩဇာအာဏာကြီးထွား လာသောကြောင့် သူတို့၏ လုပ်ဆောင်မှုမှာ ပွင့်လင်းမြင် သာမှု မရှိနိုင်တော့ပေ။
ကျွန်တော်တို့ ယခုဒီအမှောင်ထဲမှ ထွက်ခဲ့ပါပြီ။ နိုင်ငံစုံ မီဒီယာ လုပ်ငန်း ရှင်ကြီးများနှင့် ဒေသတွင်း မီဒီယာလည်း မြန်မာ့မီဒီယာ လုပ်ငန်းသို့ ငွေတွေသွန်၍ ၀င်လာကြဦးမည် မဟုတ်ပါ။ နောက် ထွက်ပေါ်လာမည့် မီဒီယာဥပဒေသည်သာ အခရာ ဖြစ်ပါလိမ့်မည်။ ကိုကို ဘာသာပြန်သည်။
