ကွမ်ရှီး-မြန်မာ စီးပွားရေးဆိုင်ရာသဘောတူစာချုပ် ရေးထိုး

ဂျူးလိယက်
အတွဲ ၂၉ ၊ အမှတ် ၅၆၅ ( ၂၀ - ၂၆ ၊ ၄ ၊ ၂၀၁၂)

ကွမ်းရှီးဒေသ အာဏာပိုင်များနှင့် မြန်မာအစိုးရတာဝန်ရှိသူများ အကြား စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရန် သဘောတူ စာချုပ်များ လက်မှတ်ရေးထိုးစဉ်။
ဓာတ်ပုံ - ဂျူးလိယက်

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ၊ ကွမ်ရှီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့သည် အမေရိကန်ဒေါ်လာ ၂၉၂ သန်းတန်ဖိုးရှိ စီမံကိန်း ၂၂ ခုအား စီးပွားရေး ဆိုင်ရာပူးပေါင်းဆောင်ရွက်ရန်သဘောတူ စာချုပ်များအား မတ်လ ၃၀ ရက်နေ့တွင် လက်မှတ်ရေးထိုးချုပ်ဆိုခဲ့သည်။

ယင်းချုပ်ဆိုမှုများတွင် နှစ်ဖက်အစိုးရအကြား လက်မှတ်ရေးထိုးမှုနှစ်ခု၊ 'ကန်' ဒေါ်လာသန်း ၁၈၀ တန်ကြေးရှိ ကွမ်ရှီးမှ မြန်မာနိုင်ငံသို့ ရင်းနှီး မြှုပ်နှံမှုခြောက်ခု၊ သန်း ၁၀၀ တန် ကွမ်ရှီးမြန်မာကုန်သွယ်ရေး စီမံကိန်း ၁၂ ခု၊ ကွမ်ရှီးကုန်သွယ် ရေးရုံးမှ မြန်မာနိုင်ငံစီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန အောက်ရှိ ကုန်သွယ်ရေးဌာနနှင့် နှစ်ဦး နှစ်ဖက်စီးပွားရေးနှင့် ပတ်သက်သည့် အစည်းအဝေးမှတ်တမ်းတစ်ခုနှင့် တရုတ် - အာဆီယံကုန်စည်ပြပွဲအား အတူတကွဆောင်ရွက်မည့် အစည်းအဝေးမှတ်တမ်းတစ်ခု လက်မှတ်ရေးထိုး မှုတို့ပါဝင်ခဲ့သည်။

သဘောတူလက်မှတ်ရေးထိုးကြသည့် လုပ်ငန်းများတွင် စက်ပစ္စည်း ရောင်းဝယ်ရေး၊ဘိလပ်မြေထုတ်စက် ရောင်းဝယ်ရေး၊သတ္တု၊ ကား ရောင်းဝယ် တင်သွင်းရေးစာချုပ်၊ ရော်ဘာအချော ကိုင်စီမံကိန်းတို့ ပါဝင်ကြသည်။

ယင်းလက်မှတ်ရေးထိုးခြင်းအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒုတိယ အုပ်ချုပ်ရေးမှူး မစ္စတာ ရောင်ဒေါက်ရှီ။ ကွမ်ရှီးပြည်နယ်မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတရုတ် ကုန်သည်ကြီးများ အသင်းမှ ခေါင်းဆောင်သော တရုတ် ကုန်သည်များ၊ ကွမ်ရှီးမှ ကုန်သည်ကြီးများအပါအ၀င် တရုတ်နိုင်ငံမှ လုပ်ငန်းရှင်ပေါင်း ၁၀၀ ကျော်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

မြန်မာနိုင်ငံမှ လက်မှတ်ရေးထိုးသူ များတွင်ပါဝင်သော မြတ်လှကုမ္ပဏီ လီမိတက်မှတာဝန်ခံ ဦးမြတ်ဦးက မြန်မာနိုင်ငံတောင်ပေါ် ဒေသများတွင် '၀ဥ'အား အဓိကထားကာ ပီလောပီနံနှင့် တွဲ၍ စိုက်ပျိုးခြင်းပြုလုပ်ရန် စာချုပ် ချုပ်ဆိုခြင်းဖြစ်ကြောင်း ပြောသည်။

"၀ဥက ကျန်းမာရေးအတွက်ကောင်း တယ်ဆိုတာ အနောက်နိုင်ငံကသိတော့ အရမ်းလိုအပ်နေပါတယ် တောင်ပေါ် ဒေသတွေဖြစ်တဲ့ ရှမ်း၊ ကချင်နဲ့ ဧရာဝတီ တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ကုန်မြင့် ပိုင်းဒေသတွေမှာလည်း စိုက်ပျိုးသွားပါ မယ်"ဟု ၎င်းကပြောသည်။

ပြည်တွင်းမှ Geo Mine Mineral Exploration and Mining Co., Ltd နှင့် တရုတ်နိုင်ငံ Guangxi Nonferrous Metal Group Co., Ltd တို့လည်း စာချုပ်ချုပ်ဆိုခဲ့ကာ ပြည်တွင်းလုပ်ငန်း ရှင်များ ဓာတ်သတ္တုရှာဖွေရေးလုပ်ငန်း များအတွက် ၀န်ဆောင်မှုများပိုမိုပေးနိုင် ရန် ရည်ရွယ်ကြောင်း သိရသည်။

"သူတို့ဘက်က အတတ်ပညာနဲ့ကူညီ ပံ့ပိုးပြီး ငွေကြေးအနေနဲ့လည်း ပံ့ပိုးမယ်။ ပြည်တွင်းက ဘူမိဗေဒပညာရှင်တွေနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံရဲ့ ဓာတ်သတ္တုတွေကို စနစ်တကျလုပ်ဆောင်နိုင် အောင်လို့ ကူညီဆောင်ရွက်ပေးမှာပါ" ဟု Geo Mine Mineral Exploration and Mining Co.,Ltdမှ ဥက္ကဋ္ဌဦးအေးလွင်က ပြောသည်။

"ကုမ္ပဏီတွေကစီးပွားရေးအရလည်း အကျိုးရှိမယ်၊ ရင်းနှီးမြှုပ်နှံမှုအရလည်း အချိန်တိုတိုအတွင်းသတ္တုကိုရှာနိုင်မယ် ၊ ပတ်ဝန်းကျင် ပျက်စီးမှုလည်းနည်းပါးပြီး ကာကွယ်ရာရောက်တဲ့အပြင် စနစ်တကျ ရှာဖွေတူးဖော်မှုအတွက် ၀န် ဆောင်မှုပေးနိုင်အောင် လုပ်ငန်း နှစ်ခု ပူးပေါင်းဆောင်ရွက်ဖို့ လက်မှတ်ထိုးတာပါ"ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်စီးပွားရေး သံမှူး မစ္စတာဂျင်ဟွန်ဂျန်းက ကွမ်ရှီးပြည် နယ်မှမြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှုမှာ 'ကန်'ဒေါ်လာ သန်း ၉၀ ခန့်အထိရှိခဲ့ ကြောင်းနှင့် ၂၀၁၂ ခုနှစ်တွင် တရုတ် နိုင်ငံ ၌ပြုလုပ်မည့် တရုတ် - အာဆီယံ ကုန်စည် ပြပွဲတွင် မြန်မာနိုင်ငံမှ Country of Honour အဖြစ် ပြုလုပ်မည်ဖြစ်သဖြင့် စိတ်ဝင်စားမှု ပိုမိုရရှိလာမည်ဖြစ် ကြောင်း ပြောသည်။

"ဒါဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် သစ်ဆန်း သော အခွင့်အရေးတီထွင်ပေးနိုင်မှာ ဖြစ်သလို တရုတ် မြန်မာ နှစ်နိုင်ငံခင်မင် ရင်းနှီးတဲ့ဆက်ဆံမှုကို တိုးမြင့်စေနိုင် မှာ ဖြစ်တယ်လို့ ကျွန်တော်အနေနဲ့ လုံးဝယုံကြည်ပါတယ်" ဟု ဂျင်ဟွန်ဂျန်း ပြောသည်။

ကွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒုတိယ အုပ်ချုပ်ရေးမှူး မစ္စတာရောင် ဒေါက်ရှီက ၂၀၀၈ မှ စပြီးကွမ်းရှီး ပြည်နယ်သည် ဖွံ့ဖြိုး တိုးတက်မှုစီမံ ကိန်းအား အတည်ပြုခဲ့ပြီး ၂၀၁၁ ခုနှစ် တွင် တရုတ် - အာဆီယံ လွတ်လပ်သော ကုန်သွယ်ရေးဧရိယာအား အတည်ပြုခဲ့ သည့်အတွက် ကွမ်ရှီးသည်လည်း ဖွံ့ဖြိုး တိုးတက်မှုအမြန်ဆုံး အချိန်သို့ရောက် ရှိနေကြောင်း ပြောသည်။

မြန်မာနိုင်ငံစီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၀န်ကြီး ဦးဝင်းမြင့်ကလည်း လုပ်ငန်းရှင်များ အနေဖြင့် လုပ်ငန်း ဆောင်ရွက်ရာတွင် ထိထိမိမိဖြစ်အောင် လုပ်ကိုင်ကြစေလို ကြောင်း တိုက်တွန်းခဲ့သည်။

"ဆွေးနွေးပွဲလုပ်ရုံနဲ့တင် ကျေနပ်မနေ ကြဘဲ ကျွန်တော်တို့ မြန်မာနိုင်ငံက ကုန်သည်တွေကိုယ်၌ကလည်း အရောင်းအ၀ယ်ကို ထိထိရောက်ရောက် အကောင်အထည်ဖော်ပေးဖို့ မေတ္တာ ရပ်ခံပါတယ်။ နိုင်ငံတော်အပိုင်းက လည်း လုပ်ခွင့်ပိုင်ခွင့်ပိုပြီး ရလာအောင် နဲ့ ရဲရဲတင်းတင်းလုပ်လာနိုင်အောင် ဆောင်ရွက်ပေးမယ်"ဟု ဦးဝင်းမြင့်က ပြောသည်။

၎င်းက တရုတ်ဘက်က မြန်မာနိုင်ငံ တွင် စိုက်ပျိုးရေး၊သတ္တု၊ရေနံနှင့် ခရီး သွားလုပ်ငန်းတို့တွင် ထိထိမိမိလုပ်ချင်ကြောင်းနှင့် ကွမ်ရှီး တွင်ဆောက်လုပ် မည့်ဈေးကြီးတွင် ရင်းနှီးမြှုပ်နှံသူများအတွက် အခွန်ကင်းလွတ်ခွင့်ငါးနှစ် ပေးမည်ဖြစ်သဖြင့် မြန်မာပြည်မှ ကုန်သည် များကိုလည်း လာရောက် ရင်းနှီးရန် တရုတ်ဘက်မှ ဖိတ်ခေါ်လျက် ရှိကြောင်းပြောသည်။