ပြည်ပပို့ဆန်အချို့ သတ်မှတ်စံမမီ၍ ဈေးလျှော့ရောင်းချခဲ့ရ

မြတ်မေဇင်
အတွဲ ၂၉ ၊ အမှတ် ၅၆၇ (၄ - ၁၀ ၊ ၅ ၊ ၂၀၁၂)

အင်ဒိုနီးရှားနိုင်ငံသို့ ဖေဖော်ဝါရီလ နောက်ဆုံးပတ်အတွင်း ပထမဆုံးအ ကြိမ်အဖြစ် တင်ပို့ခဲ့သော တန်းမြင့် ဆန်တန်ချိန် ၅,၀၀၀ အနက် တန်ချိန် ၇၀၀ မှာ သတ်မှတ်အရည်အသွေးမပြည့်မီ ခြင်းကြောင့် နှစ်ဦးနှစ်ဖက်ညှိနှိုင်းကာ စာချုပ်ပါ သဘောတူညီချက်ဈေး အောက် အမေရိကန် ၂၅ ဒေါ်လာ လျှော့ ကာ တစ်တန်လျှင် ၄၅၅ ဒေါ်လာဖြင့် ဈေးသတ်မှတ်ကာ ရောင်းချပေးခဲ့ရ ကြောင်း မြန်မာ နိုင်ငံဆန်စပါးလုပ်ငန်း ရှင်များအသင်းမှ အလုပ်အမှုဆောင် ဒေါက်တာစိုးထွန်းက ပြောသည်။

မြန်မာနိုင်ငံမှ အင်ဒိုနီးရှားသို့ တင်ပို့ သော ဆန်များမှာ တန်းမြင့်ဆန်များဖြစ် ပြီး ဆန်အကျိုးအကြေအဖြစ် ငါးရာခိုင် နှုန်းသာပါရှိကာ စာချုပ်ပါသဘောတူ ရောင်းဈေးမှာ တစ်တန်လျှင် ကန်ဒေါ်လာ ၄၈၀ ဖြစ်ကြောင်း သိရသည်။

အဆိုပါဆန်တန်ချိန် ၅,၀၀၀ တင် ဆောင်လာသောသင်္ဘောမှာ အရည် အသွေးလိုအပ်ချက်ကြောင့် အင်ဒိုနီး ရှားနိုင်ငံဆိပ်ကမ်းသို့ ကပ်ခွင့်မရဘဲ ၁၀ ရက်ကြာ စောင့်ဆိုင်းမှုတို့ကြောင့်လည်း သတ်မှတ်ချိန်အတွင်း မရောက်ရှိခြင်းကိုပါ ကြုံတွေ့ရသည်ဟု ဒေါက်တာ စိုးထွန်းက ပြောသည်။

"စာချုပ်ချုပ်ကတည်းကိုကသတ်မှတ် အရည်အသွေးပြည့်မီဖို့နဲ့ သတ်မှတ် အချိန်တိုင်းအရောက်ပို့နိုင်ဖို့ အချက်တွေ ပါတယ်။ ပုံမှန် ကျွန်တော်တို့ ရောင်းနေတာက FOB နဲ့ပါ။ ဒီတစ်ခေါက် အင်ဒို နီးရှားကိုရောင်းတာကတော့ CIF နဲ့ ရောင်းတာပါ။ အရည်အသွေး ပိုင်းလိုအပ်ချက်ကြောင့် ကမ်းမကပ်နိုင်ဘဲ ၁၀ ရက်လောက် ကြာသွားတယ်။ အဲဒီမှာတင်စာချုပ်ထဲက ကတိတစ်ခုဖြစ်တဲ့ သတ်မှတ် ချိန်အတိုင်း မရောက်နိုင်တာကိုပါ ထည့်ပြောလာတယ်။ ဒါပေမယ့် ဒီကိစ္စကဖြေရှင်းလို့ ရပါတယ်။ တစ်တန်ကို ၂၅ ဒေါ်လာ လျှော့  ပေးတာနဲ့ ပြေလည်သွားတယ်" ဟု ၎င်းက ပြောသည်။

FOB (Free on board) သည် ကုန်စည်များသင်္ဘောပေါ်တင်ပြီးသည် အထိ သယ်ယူပို့ဆောင်ခနှင့် အာမခံကြေးကို ရောင်းသူက ကျခံမည်ဟူသော ကုန်ရောင်းချမှု စည်းကမ်းချက်ဖြစ်ပြီး CIF(Cost insurance freight) သည် ကုန်တင်ခ၊ သယ်ယူပို့ဆောင်ခနှင့် ရေ ကြောင်းအာမခံကြေးတို့ကို ရောင်းသူက ကျခံသည့် ပင်လယ်ရေကြောင်းဖြင့် တင်ပို့ရောင်းချသော ကုန်ရောင်းစည်း ကမ်းချက်ဖြစ် သည်။

ဈေးလျှော့ပေးခဲ့ရသော ဆန်တန်ချိန် ၇၀၀ မှာ မိုးစပါးလက်ကျန်ဆန်များ ဖြစ်ခြင်းကြောင့် အရောင်းအ၀ယ်စာချုပ် ပါသတ်မှတ်ချက် အချို့နှင့် အနည်းငယ် ကွဲလွဲမှုရှိခဲ့ကြောင်းလည်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံ အများပိုင်ကုမ္ပဏီ ဖြစ်သော PerumBulog ကုမ္ပဏီနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းတို့အကြား ဆန်တန်ချိန်နှစ်သိန်း တင်ပို့ရောင်းချပေးရန် နားလည်မှုစာချွန်လွှာကို ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလ ၂၈ ရက်နေ့က ချုပ်ဆို ခဲ့ခြင်းဖြစ်သည်။

"လောလောဆယ်တော့ ဆက်ပို့ဖို့ မရှိသေးဘူး။ အခုသူတို့ဆီမှာလည်း ဆန်ပေါ်ချိန်ရောက်နေလို့ မလိုသေးဘူး။ ဇွန်လလောက်မှပဲ ပြန်ပို့ဖြစ်မယ်"ဟု ဒေါက်တာစိုးထွန်းက ပြောသည်။

မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်း ဥက္ကဋ္ဌဦးချစ်ခိုင်က "ကျွန်တော်တို့ ဆန်နဲ့ ထိုင်းဆန်ဆိုရင် ဈေးရတာ တအားကွာတယ်။ ဘာကွာ လဲမေးရင် အရည်အသွေးပဲ၊ တင်ပို့မှုပမာဏတိုးဖို့ပဲ ကျွန်တော်တို့ ကြိုးစားခဲ့ကြတယ်။ ဒါပေမယ့် ဈေးကွက်မှာ မြန်မာဆန်နာမည် မရဘူး။ အာဖရိကလို အလှူရှင်က ၀ယ်ပေးမှ စားရတဲ့နိုင်ငံမျိုးမှ ကျွန်တော်တို့ ဆန်ကိုဝယ်တာ ဈေး သက်သာလို့ပဲ များများပို့ပြီး နည်းနည်း ရမယ့်အစားပို့သလောက်က အရည် အသွေးပြည့်ပြီး ဈေးများများရရင်ပို ကောင်းတာပေါ့"ဟု ယခုနှစ်ဇန်န၀ါရီလ က ဓနုဖြူမြို့နယ်လယ်ယာနှင့် ကျေးလက် ဖွံ့ဖြိုးရေး အစုအဖွဲ့အမှုဆောင်များနှင့် တွေ့ဆုံပွဲတွင် ပြောသည်။

ပြည်တွင်းထွက် ဆန်များကို အနောက် အာဖရိကနိုင်ငံသို့ အဓိကတင်ပို့ရောင်းချနေပြီး ဘင်္ဂလားဒေ့ရှ်နှင့် ဖိလစ်ပိုင်နိုင်ငံများသို့လည်း တင်ပို့လျက်ရှိသည်။

ဈေးကွက်သစ်အနေဖြင့် အင်ဒိုနီးရှားနှင့် ဂျပန်နိုင်ငံများအားတင်ပို့ရန် ကြိုးစား လျက်ရှိသည်။

ပြည်ပဆန်တင်ပို့မှုအား တန်ချိန် တစ်သန်းတင်ပို့ရန် ၂၀၁၂ - ၁၃ ဘဏ္ဍာ နှစ်အတွက် လျာထားရာ ပြီးခဲ့သော ဘဏ္ဍာနှစ်တွင်း တန်ချိန် ရှစ်သိန်းခွဲခန့် တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေအနေဖြင့် 'ကန်' ဒေါ်လာ ၃၂၄ သန်းရရှိခဲ့ကြောင်းလည်း သိရသည်။