စိုက်ပျိုးထွက်နှုန်း ကျဆင်းမှု မွေးမြူရေးကဏ္ဍအခက်တွေ့နိုင်
အတွဲ ၂၉ ၊ အမှတ် ၅၇၅ (၂၉ ၊၆ - ၅ ၊၇ ၊ ၂၀၁၂)

တွံတွေးမြို့နယ်အတွင်း ငါးမွေးမြူရေးကန်တစ်ခုတွင်
မွေးမြူရေးလုပ်သားများ ငါးစာကျွေးနေစဉ်။
ဓာတ်ပုံ - ဟိန်းလတ်အောင်
စိုက်ပျိုးရေး ထွက်ကုန်များလျော့ကျလာခြင်းသည် ယင်းကဏ္ဍနှင့် တိုက်ရိုက် ဆက်နွယ်လျက်ရှိသော မွေးမြူရေးလုပ်ငန်းများကိုပါ ဆိုးကျိုးသက်ရောက်နိုင် ခြင်းကြောင့် မွေးမြူရေးနှင့် ရေလုပ်ငန်း ကဏ္ဍအတွက်လည်း စိုးရိမ်မှုဖြစ်ရ ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။
မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင် က "စိုက်ပျိုးရေးထွက်သီးနှံတွေအထွက် လျော့တာက မွေးမြူရေး ကဏ္ဍနဲ့ တိုက်ရိုက် ဆက်စပ်နေလို့ စိုးရိမ်စရာအခြေအနေ ဖြစ်လာတယ်။ စပါးတွေ အထွက်လျော့တော့ ဖွဲနုအထွက်လျော့မယ်။ ဖွဲနု အထွက် လျော့တာက မွေးမြူရေးလုပ်ငန်း တွေအတွက် အင်မတန်ကြီးမားတဲ့ အခက်အခဲဖြစ်စေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မွေးမြူရေး လုပ်ငန်း အတွက် လိုအပ်တဲ့အစာရဲ့ ၅၀ ရာခိုင်နှုန်းက ဖွဲနုကရတာမို့လို့ပါ"ဟု ပြောသည်။
ဇွန်လ ၁၁ ရက်နေ့က နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သော ပြည်ထောင်စု ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ၏ အစည်းအ ဝေးတွင် တင်ပြချက်များအရ ယမန်နှစ်၏ မိုးစပါးနှင့် နွေစပါး ထွက်ရှိမှု မှာ စုစုပေါင်း စပါးတင်း သန်း ၁၆၀ ခန့်လျော့နည်းကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအုန်းသန်းက ယခု နှစ်တွင်လည်း မိုးအ၀င်နောက်ကျသောကြောင့် မိုးစပါးစိုက်ပျိုးသည့် ရာသီဖြစ်သော မေလကုန် ဇွန်လဆန်းပိုင်းတွင် ယမန်နှစ်က စိုက်ဧက ၅၃၀,၀၀၀ ခန့် စိုက်ပျိုးပြီးစီးခဲ့သော်လည်း ယခုနှစ်တွင် ၃၉၀,၀၀၀ ဧကခန့်သာ စိုက်ပျိုးနိုင် ခဲ့သောကြောင့် ယခုနှစ်အတွက်လည်း စပါးအထွက်လျော့နည်းနိုင်ကြောင်း ပြောကြားခဲ့သည်။
လက်ရှိ မိုးစပါးစိုက်ဧကမှာ ၁၄၀,၀၀၀ ခန့် လျော့ကျပြီး မြန်မာနိုင်ငံ၏ သီးနှံ အထွက်ကို နှစ်စဉ်ပြသသောဂရပ်တွင် စပါးနှင့် ပဲ အထွက်နှုန်းမှာ ဆုတ်ယုတ်လာခြင်းမှာ သုံး၊ လေးနှစ်ခန့်ရှိပြီဖြစ်ကြောင်း နှင့် ယင်းသို့ဖြစ်ရခြင်းမှာ ရာသီဥတု အခြေအနေကြောင့် လယ်သမားများ အမြတ်နည်းလာခြင်းကြောင့် ပုံမှန် ရင်းနှီးမှုဖြစ်သည့် သွင်းအားစုများကို လုံလောက်စွာထည့်သွင်းနိုင်မှုမရှိခြင်း ကြောင့်ဖြစ်ပြီး သီးနှံအထွက်နှုန်းဂရပ်မှာ လည်း အကျဘက်သို့ ပြနေသည့်ကိစ္စ မှာ တစ်နိုင်ငံလုံးနှင့် သက်ဆိုင်သဖြင့် ရေရှည်တွင် စိုးရိမ်ဖွယ် အခြေအနေဖြစ် သည်ဟု ၀န်ကြီးက သုံးသပ်ခဲ့သည်။
မန္တလေးတိုင်းဒေသကြီးမှ ဆီစက် လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီးက မြန်မာနိုင်ငံမှ နှမ်းမျိုးစုံနှင့် မြေပဲဆန်မျိုးစုံ တို့ကို တရုတ် ပြည်နယ်စပ်မှ တစ်ဆင့် အလုံးအရင်းနှင့် တင်ပို့ကြသောကြောင့် ပြည်တွင်းဆီစက်များတွင် ကုန်ကြမ်းဖြစ်သော မြေပဲဆန် လုံလောက်စွာ မရရှိခြင်းကြောင့် ဆီစက်များ မလည်ပတ်နိုင်ကြောင်း အဆိုပါ အစည်းအဝေးတွင် ပြောသည်။
မြေပဲနှင့်နှမ်းများ ပြည်ပသို့တင်ပို့ မှုများကြောင့် ပြည်တွင်းစားသုံးဆီ ထုတ်လုပ်မှုကိုထိခိုက်ကာ မွေးမြူရေး လုပ်ငန်းများအတွက် နှမ်းဖတ်နှင့် ပဲဖတ် များဆုံးရှုံးရကြောင်းလည်း ၎င်းက ပြောသည်။
အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ ငါး မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးက "ဒီလို သီးနှံအထွက် ကျဆင်းမှုတွေရဲ့ နောက် ဆက်တွဲအနေနဲ့ မွေးမြူရေးလုပ်ငန်းတွေ ပေါ်မှာလာပြီး မဖြစ်မနေရိုက်ခတ်တော့မယ့် သဘောရှိတယ်။ လယ်သမားတွေ စိုက်ပျိုးမှုလျော့နည်းလာတာ၊ အားနည်း လာတာက မွေးမြူရေးအတွက် လိုအပ်တဲ့ကုန်ကြမ်းတွေ အရနည်းမယ့်အခြေ အနေဖြစ်လာတယ်။ တစ်ဖက်ကလည်း လူတွေရဲ့ ၀ယ်နိုင်စွမ်းအားက လျော့နည်း ကျဆင်းလာပြီး ထုတ်ကုန်တွေ ပြည်တွင်း ဖြန့်ဖြူးတဲ့အခါ အဟန့်အတားအခက် အခဲကြီး ဖြစ်လာနိုင်လို့ စိုးရိမ်စရာ ကောင်းတဲ့ အခြေအနေဖြစ် လာပါတယ်" ဟု ပြောသည်။
ဆန်စပါးလုပ်ငန်းရှင်များအသင်းက တင်ပြရာတွင် လယ်သမားများအနေဖြင့် စနစ်တကျထွန်ယက်စိုက်ပျိုးပြီးအထွက် ကောင်းအောင် စိုက်သော နည်းစနစ်ကို အသုံးမပြုတော့ဘဲ လယ်ကိုအကြမ်း ထွန်ပြီး ကြမ်းခင်းစိုက်ပျိုးနည်းဖြင့်သာ စိုက်ပျိုးလာကြကြောင်း၊ လယ် သမားများသည် ရာသီဥတုမကောင်းခြင်းနှင့် ဆုံးရှုံး မှုများကို ကြုံတွေ့လာရသောကြောင့် သွင်းအားစုများကို အပြည့်အ၀မသုံး နိုင်ခြင်းများကို ရင်ဆိုင်နေရကြောင်း ပြောသည်။
စိုက်ပျိုးရေးသွင်းအားစုတစ်ခုဖြစ်သော ဓာတ်မြေဩဇာ ပြည်ပမှ တင်သွင်း မှုမှာလည်း ယမန်နှစ်နှင့် နှိုင်းယှဉ်ပါက ၃၀ ရာခိုင်နှုန်းခန့် လျော့ကျသွားကြောင်း သိရသည်။
၂၀၁၁ ဒီဇင်ဘာလမှ ၂၀၁၂ ဇွန်လ
အတွင်း မြန်မာနိုင်ငံဆန်စပါးလုပ်ငန်း
ရှင်များအသင်းက ပြုလုပ်ခဲ့သော
စစ်တမ်းအရ တစ်နိုင်ငံ လုံးရှိ လယ်သမား အားလုံး၏ ၄၆ ရာခိုင်နှုန်းမှာ ဆင်းရဲ မွဲတေမှုကို ရင်ဆိုင်နေရကြောင်း သိရသည်။
မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်း အသင်း
အနေဖြင့်လည်း နိုင်ငံတွင်းရှိ ဆန်စပါး
နှင့် ယင်းနှင့်ဆက်စပ်လုပ်ငန်းများ တိုးတက်စေရန်ရည်ရွယ်ကာ Myanmar
Agribusiness Public Corporation (MAPCO) အမည်ဖြင့် မြန်မာလယ်ယာ
စီးပွားအများပိုင်ကုမ္ပဏီကို ဧပြီလဆန်းပိုင်းတွင် စတင် ဖွဲ့စည်းခဲ့ပြီး အသင်းဝင်လို
သူများကိုလည်း ဖိတ်ခေါ်ထားခဲ့ခြင်းကြောင့် အဆိုပါ အများပိုင်ကုမ္ပဏီသို့
ဝင်ရောက်လာသူများပြား ခဲ့ပါက ဆန်
စပါးလုပ်ငန်းကို ပိုမိုကျယ်ပြန့်အောင်
လုပ်ကိုင်လာနိုင်မည်ဖြစ်သည်။
၂၀၁၁ - ၁၂ ဘဏ္ဍာနှစ်တွင် ဆန်တန် ချိန် ၈၄,၀၀၀ ခန့် တင်ပို့နိုင်ခဲ့သည်။
မြန်မာနိုင်ငံတွင် ပုံမှန်အားဖြင့် ဆန်စပါး တင်းသန်းပေါင်း ၁,၅၀၀ ခန့် နှစ်စဉ် ထွက်ရှိခဲ့ရာ မိုးစပါးမှာ တင်းသန်း ၁,၂၀၀ ဖြစ်ပြီး နွေစပါးမှာ တင်းသန်း ပေါင်း ၃၀၀ ခန့်ရှိခဲ့သည်။
