ပဲဆီဈေး တက်လာမှုကြောင့် ဈေးကွက်တွင်း အခက်တွေ့နိုင်
အတွဲ ၂၉ ၊ အမှတ် ၅၇၇ (၁၃ - ၁၉ ၊ ၇ ၊ ၂၀၁၂)

ဈေးကွက်အတွင်းရှိ တံဆိပ်ပါ မြေပဲဆီစစ်များမှာ လတ်တလော
တွင် ဈေးနှုန်းများ မြင့်တက်လျက်ရှိသည် ။
ဓာတ်ပုံ - ကိုတိတ်
ရန်ကုန်စားသုံးဆီဈေးကွက်အတွင်း ဇူလိုင်လပထမပတ်တွင် ပဲဆီ ဈေးတစ် ပိဿာလျှင် ကျပ် ၄,၈၀၀ ဖြင့် ဈေးကွက် သက်တမ်း တစ်လျှောက် စံချိန်တင်မြင့် တက်ခဲ့ပြီး အဓိကကုန်ကြမ်းဖြစ်သော မြေပဲဆန်မှာ တရုတ်ဘက်မှ ၀ယ်လိုအား သိသာစွာ မြင့်တက်လာ ခြင်းကြောင့် ဈေးကွက်တွင်းရှားပါးလာကာ မြေပဲဆီ ထုတ်လုပ်မှုပါ ကျဆင်းလာပြီး မြင့်မား သောဈေးနှုန်းကြောင့် မြေပဲဆီဈေးကွက် တွင်း အရောင်းအ၀ယ်သိသာစွာ ကျဆင်းလာခြင်းကြောင့် ဈေးကွက် ရပ်တန့် သွားမည်ကိုပင် စိုးရိမ်ရကြောင်း ပဲဆီလုပ်ငန်းရှင်များက ပြောသည်။
"ကုန်ကြမ်းက တအားရှားပြီး ဈေးမြင့် လွန်းတော့ ဆီစက်တွေ မလည် နိုင်တော့ဘူး။ ဆီဈေးက အဆမတန်ထိုးတက်သွားတယ်။ အခု လက်ရှိ ဈေး ၄,၈၀၀ ဆိုတာ တစ်ခါမှ မဖြစ်ဖူးသေးတဲ့ ဈေးမျိုးပါ" ဟု Summit မြေပဲဆီသန့်ရောင်းဝယ်ရေး ပိုင်ရှင် ဦးစောလှမြင့်က ပြောသည်။
တရုတ်နိုင်ငံမှ မြေပဲဆန်ဝယ်ယူလိုမှု မြင့်မားလာပြီး ယခင်ဝယ်ယူနေကျ မြေပဲ လုံးဆန်များသာမက လုံးပိန်၊ လုံးညံ့များ ကိုပါ ၀ယ်ယူ လာသောကြောင့် မြေပဲဆန် ရှားပါးမှုဖြစ်လာရခြင်းဖြစ်သည်ဟု ပဲဆီ ကုန်သည်များက ပြောသည်။
"နာဂစ်ဖြစ်တုန်းက ပဲစိုက်ခင်းတွေထိ သွားလို့ ပဲဆန်ရှားပြီး ဈေးတက်တုန်းကတောင် တစ်ပိဿာ ၄,၂၀၀ အမြင့်ဆုံး ပဲတက်ဖူးတာ။ အခုက ပိုဆိုးနေတယ်" ဟု ၀ါကြွေမွှေးဆီရောင်းဝယ်ရေး ပိုင်ရှင် ဦးစိန်သန်းဝင်းက ပြောသည်။
ဧရာဝတီင်္ပဲဆီသန့်ပိုင်ရှင် ဦးခင်စိုးက "တရုတ်ကအကုန်ဝယ်တယ်။ တရုတ်က ၀ယ်တော့ ဈေးကလိုက်တက်တယ်။ ပဲဆန်ရှားတာရော ပဲဆန်ဈေးမြင့်တာ ရော ပေါင်းတော့ ပြည်တွင်းဆီစက်တွေ ထိတာပေါ့"ဟု ပြောသည်။
မေလနှင့် ဇွန်လဆန်းများတွင်ပဲဆီ ဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၃,၈၀၀ ရှိခဲ့ရာမှ ကျပ် ၄,၄၀၀ အထိ ဈေးမြင့်တက် ခဲ့ပြီး ဆီစက် အချို့ ရပ်နားခဲ့ရသည်။
မြေပဲဆန်ပေါ်ချိန်ဖြစ်သော အောက် တိုဘာလနောက်ပိုင်းတွင် မြေပဲဆန်ဈေး ပြန်လည်ကျဆင်းလာနိုင်သည်ဟု ဆီကုန်သည်များ ကသုံးသပ်သည်။
"မြေပဲဆန်ဈေးကျဖို့တော့ သီတင်း ကျွတ်လောက်ထိ စောင့်ရလိမ့်မယ် ထင်တယ်။ ဒါပေမယ့် မြန်မာပြည်အထက်ပိုင်းမှာ ရေသွင်း စိုက်တဲ့ ပဲတွေ အခုပေါ်နေတာပဲ။ ဘယ်လောက်ပေါ်ပေါ်ဈေးက ကျမသွားဘူး။ ထွက်သလောက် တရုတ်က လိုက်ပြီးတော့ ၀ယ်နေ တာပဲလေ" ဟု ဦးစိန်သန်းဝင်းက ပြောသည်။
"၂၀၀၄ခုနှစ်လောက်တုန်းက ပဲဆီ ဈေးတစ်ပိဿာ ၁,၈၀၀ ပဲရှိတာ၊ ၂၀၁၂ ခုနှစ်မှာ တစ်ပိဿာ ၄,၈၀၀ ဖြစ်သွားတယ်။ ဒီလောက်ထိ ဈေးမြင့်တာ တစ်ခါမှ မကြုံဖူးဘူး"ဟု ၎င်းက ပြောသည်။
အမေ့သား ဆန်နှင့် ဆီရောင်းဝယ်ရေး မှ အရောင်းတာဝန်ခံကလည်း "ပဲဆီ ဈေးတက်ပေမယ့် ၀ယ်တဲ့သူတော့ရှိနေ သေးတယ်။ ပဲဆီအလွတ်ဈေးလို့ ခေါ်တာပေါ့။ အဲဒီဆီကဘာတံဆိပ်မှမပါဘူး။ ဈေးက တစ်ပိဿာကို ၂,၈၀၀ ကနေ ၃,၀၀၀ အထိ ရှိတယ်။ တံဆိပ်နဲ့ ပဲဆီကို မှ စိတ်ချလက်ချစားတဲ့သူလည်း ရှိတယ်။ ပဲဆီစစ်စစ်ကို ကြိုက်တဲ့သူကတော့ ဘယ်လောက်ဈေးတက်တက် ၀ယ်စား ကြပါတယ်။ ဒါပေမယ့်လည်း ဈေးမြင့် တော့ ၀ယ်နိုင်တဲ့သူက အနည်းစုပဲရှိ တော့ အရောင်းအ၀ယ် အရမ်းပါးလာပြီး မကိုက်တော့ဘူး" ဟု ပြောသည်။
ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းက မြေပဲ ဆန် ဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၁,၅၅၀ ရှိခဲ့ပြီး မြေပဲဆီဈေးမှာ တစ်ပိဿာ လျှင် ကျပ် ၃,၈၀၀ ပေါက်ဈေးရှိခဲ့ပြီး ယခုဇူလိုင်လ ဒုတိယပတ်အတွင်း မြေ ပဲဆန်ဈေးမှာ တစ်ပိဿာလျှင် ကျပ် ၂,၂၀၀ မှ ၂,၄၀၀ ပေါက်ဈေး ရှိကြောင်း ဆီကုန်သည်များက ပြောသည်။
ဇူလိုင်လ ၉ ရက်နေ့ ရန်ကုန် ဈေးကွက် အတွင်း တံဆိပ်ပါမြေပဲဆီဈေးမှာ တစ် ပိဿာလျှင် ကျပ် ၄,၇၀၀ မှ ၄,၈၀၀ ရှိပြီး ပဲဆီ အရော ဈေးမှာ တစ်ပိဿာလျှင် ကျပ် ၂,၈၀၀ မှ ၃,၀၀၀ အထိရှိခဲ့ကာ နှမ်းဆီ တစ်ပိဿာလျှင် ကျပ် ၃,၂၀၀ နှင့် လူ အစားများသော စားအုန်းဆီမှာ တစ် ပိဿာလျှင် ကျပ် ၁,၉၀၀ ဖြင့် ရောင်းချ လျက်ရှိသည်။
