ပြည်တွင်းဘဏ်များကို ပြည်ပဘဏ်များနှင့် ဖက်စပ်လုပ်ကိုင်ခွင့် ပေးမည်

အေးသီတာကျော်
အတွဲ ၂၉ ၊ အမှတ် ၅၇၈ (၂၀ - ၂၆ ၊ ၇ ၊ ၂၀၁၂)

နိုင်ငံခြားဘဏ်များက ပြည်တွင်း ဘဏ်များနှင့် ဖက်စပ်ပြီး ဘဏ်လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ခွင့်ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ခွင့်ပြုပေးရန်အတွက် စည်းမျဉ်းစည်းကမ်းများ ပြင်ဆင်လျက်ရှိကြောင်း ဗဟိုဘဏ်တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းအတွက် အချက်အလက်အတိအကျ မထုတ်ပြန်နိုင်သေးကြောင်းနှင့် နောက်ပိုင်းတစ်ဆင့်ပြီးတစ်ဆင့် တိုးမြှင့်သွားရန်ရှိကြောင်း ၎င်းကပြောသည်။

"ချက်ချင်းအားလုံးကို ခွင့်ပြုလိုက်ရင် ပြည်တွင်းဘဏ်တွေက အဆင်သင့်မဖြစ် နိုင်လောက်သေးဘူး"ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ပြည်ပနိုင်ငံများနှင့် စီးပွား ရေး တွေ့ဆုံဆွေးနွေးပွဲများမှတစ်ဆင့် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနှင့် ဘဏ်လုပ် ငန်းကဏ္ဍျားတွင် ဂျပန်နှင့်အနောက် နိုင်ငံများက စိတ်ဝင်စားမှုရှိသော်လည်း အတိအကျလာရောက်ခြင်း မရှိသေးကြောင်း ပြောသည်။

ယင်းတို့မှ လာရောက်ရင်းနှီးမြှုပ်နှံ မှုအတွက် အရင်းအနှီးထည့်ဝင်မှုနှင့် အသေးစိတ်စည်းမျဉ်းများကို အတိအကျ မသတ်မှတ်ရ သေးကြောင်းနှင့် တစ် ဖက်မှလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေပေါ်ထွက်လာမည့် အခြေအနေ ကို စောင့်မျှော်နေကြောင်း ပြောသည်။

မြန်မာနိုင်ငံတွင် ဂျပန်၊ တရုတ်၊ ဗီယက် နမ်၊ အိန္ဒိယနှင့် အနောက်နိုင်ငံများက လာရောက်ဖွင့်လှစ်သော ဘဏ်ကိုယ် စားလှယ်ရုံးပေါင်း ၂၀ ရှိပြီး စတင်ခွင့်ပြု ချိန်တွင် ထိုသို့နှစ်ပေါင်းများစွာ ကိုယ်စား လှယ်ရုံးဖွင့်လှစ်ထားသော ဘဏ်များက ပို၍ အလေးသာနိုင်သည်ဟု ဆိုသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနက ဖွင့်လှစ်ထားသော မြန်မာနိုင်ငံသားများဘဏ်က ဇွန်လကုန် ပိုင်းကကျင်းပ ခဲ့သော ဘဏ်နှစ်ပတ် လည်ပွဲတွင်လည်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က နိုင်ငံခြားဘဏ်ခွဲများ မကြာမီ လာရောက်ဖွင့်လှစ် ခွင့်ပေးမည် ဖြစ်ကြောင်း ပြောသည်။

ဗဟိုဘဏ်၏ခွင့်ပြုချက်ဖြင့် နိုင်ငံခြား ဘဏ်များ စတင်ဝင်ရောက်လာချိန်တွင် ပြည်တွင်းဘဏ်များမှာ လိုအပ်သော ကျွမ်းကျင်မှုများ၊ နိုင်ငံတကာလုပ်ဆောင် မှုများအတွက် နည်းပညာအကြံပေးများကို အသင့်ပြင်ထားရမည်ဖြစ်ကြောင်းနှင့် ယင်းအတွက် လုံလောက် သော အချိန် လိုအပ်မည်ဖြစ်ကြောင်း သမ၀ါယမ ဘဏ်၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးဖေမြင့် က ပြောသည်။

"လုပ်မယ်လို့ပြောတာ ကြားပါတယ်။ အတိအကျတော့ မသိရသေးဘူး။ ပုဂ္ဂလိက ဘဏ်တွေအနေနဲ့လည်း ဒီအပေါ်မှာ အတွေ့အကြုံ မရှိကြပါဘူး"ဟု ၎င်းက ပြောသည်။

"ကိုယ့်နိုင်ငံရဲ့ဘဏ်စနစ်က ငွေကြေး လိုအပ်ချက်၊ နည်းပညာလိုအပ်ချက်တွေ ရှိပြီး နောက်ကျနေတယ်။ သူများနဲ့ကွာဟ နေတဲ့ကြား ထဲမှာ သူတို့ဆီမှာပါလာမယ့် အရင်းအနှီးတွေနဲ့ ပြည်တွင်းဘဏ် လုပ်ငန်းတွေနဲ့ ရောမွှေလိုက်မယ်ဆိုရင် တော့ နှစ်ဦးနှစ်ဖက် အကျိုးအမြတ်ရနိုင် တယ်။ အရင်းအနှီးများတဲ့သူဆီကို အကျိုး အမြတ်များများပါသွားမှာကတော့ သဘာဝပဲပေါ့"ဟု ၎င်းက ပြောသည်။

ထိုသို့ဖက်စပ်ဘဏ် ဖွင့်လှစ်ခွင့်ရပါက ဘဏ်သစ်တစ်ခု ဖွင့်လှစ်ခြင်းအပြင် အခြားစီးပွားရေးလုပ်ငန်းတစ်ခုပါ လုပ်ကိုင်ထူထောင်ခွင့် ရနိုင်ကြောင်း ၎င်းက ပြောသည်။ ပြည်တွင်းဘဏ်နှင့် အခြားဘဏ်များ ဖက်စပ်လုပ်ကိုင်ခွင့်ရလာလျှင် ပြည်တွင်း၏ သယံဇာတနှင့် ပြည်ပ၏နည်းပညာ ပူးပေါင်းလုပ်ဆောင်နိုင်ပြီး ဘဏ်လောက အပြိုင်အဆိုင် ပိုဖြစ်လာနိုင်ကြောင်း ဧရာဝတီဘဏ်၏ ဈေးကွက်ဆိုင်ရာ ဌာန မှ အထွေထွေမန်နေဂျာဦးနေမျိုးထွန်းက ပြောသည်။

"ပူးပေါင်းလုပ်ဆောင်ရင် သူတို့ဆီက နည်းပညာပိုင်းတွေကို လေ့လာခွင့် ရမှာဖြစ်သလို နိုင်ငံသားတွေအတွက်လည်း အလုပ်အခွင့် အလမ်းပိုရလာ မှာပေါ့။ သုံးစွဲသူအနေနဲ့လည်း ဘဏ်ရဲ့ ၀န်ဆောင်မှုပိုင်းတွေ ပိုကောင်းလာမှာပါ။ "ဒါပေမယ့် ဆိုးကျိုးအနေနဲ့က ပုဂ္ဂလိက ဘဏ်တွေရဲ့ရပ်တည်မှုမခိုင်မာခဲ့ရင် ဘဏ်စနစ်လည်း ပြိုသွားနိုင်တယ်။ နိုင်ငံခြားဘဏ်တွေရဲ့ ၀ါးမျိုမှုကိုခံရနိုင် တယ်"ဟု ၎င်းက ပြောသည်။

လက်ရှိအခြေအနေအရ ပြည်တွင်း ဘဏ်များ၏ ဘဏ်ခွဲဖွင့်လှစ်မှုမှာ စားသုံး သူလိုအပ်သလောက်ကျယ်ကျယ် ပြန့်ပြန့် မဖွင့်လှစ်နိုင် သေးကြောင်းနှင့် ရေရှည်ကို ပြင်ဆင်ထားရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။