ငါးမြစ်ချင်းများ လျှော့ချမွေးမြူရန် ငါးလုပ်ငန်းအဖွဲ့မှ အသိပေး
အတွဲ ၂၉ ၊ အမှတ် ၅၇၉ (၂၇ ၊ ၇ - ၂ ၊ ၈ ၊ ၂၀၁၂)

ဗဟိုစံပြငါးဈေးအတွင်းရှိ ငါးမြစ်ချင်းငါးများကို ဈေးကွက်တင်ပို့ရန် ပြင်ဆင်ထားသည်ကို တွေ့ရစဉ်။
ဓာတ်ပုံ - ဘူးသီး
ငါးမွေးမြူရေး လုပ်ငန်း၏ အဓိက မွေးမြူရေးငါးဖြစ်သော ငါးမြစ်ချင်း သည် ပြီးခဲ့သည့်သုံးနှစ်ဆက်တိုက် ပြည်ပဈေးကွက်တွင် ၀ယ်လိုအား ကျဆင်းကာ အရှုံးပေါ်ခဲ့သဖြင့် ပုံမှန်မွေးမြူသည့် နှုန်းအောက် လျှော့ ချကာ မွေးမြူကြရန် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်က အသိပေးခဲ့ သည်။
"ဈေးကွက်ဝယ်လိုအားက တန်ချိန် တစ်သိန်းဝန်းကျင်လောက်ပဲ သုံးနှစ် ဆက်တိုက်ဖြစ်နေတော့ ဒီဈေးကွက် ဟာငြိမ်သွားပြီလို့ ယူဆ တဲ့အတွက် ငါးမြစ်ချင်းကို အများကြီးမမွေးခိုင်းတော့ တာပါ"ဟု မြန်မာ နိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင် က ပြောသည်။
ယခင်နှစ်များအတွင်း တစ်ဧကလျှင် ငါးကောင်ရေ ၂,၀၀၀ မှ ၃,၀၀၀ အကြား မွေးမြူသည့်အတွက် အရှုံးပေါ်ခဲ့ရခြင်း ကြောင့် ယခုနှစ်တွင် တစ်ဧကလျှင် ကောင် ရေ ၁,၀၀၀ မှ ၁,၃၀၀ ထက် မပိုဘဲမွေးမြူကြရန် အကြံပေးခြင်းဖြစ် ကြောင်း ၎င်းကပြောသည်။
ပြည်ပ၀ယ်လိုအား လျော့နည်းချိန် တွင် ယခင်မွေးမြူ သည့်နှုန်းအတိုင်း ဆက်လက်မွေးမြူနေပါက ငါးများပိုလျှံ လာမှုကြောင့် ငါးမြစ် ချင်းဈေးကွက်ပါ အခက်တွေ့လာနိုင်သဖြင့် ပြည်ပ ဈေးကွက်ဝယ်လိုအားနှင့် ချိန်ဆကာ တစ်ဧကလျှင် တစ်ထောင်ဝန်းကျင်သာ မွေးမြူရန် တိုက်တွန်းခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
ထို့ပြင် သဘာဝငါးများလည်း ရှားပါး လာခြင်းကြောင့် မျိုးစိတ်ပျောက်ပျက် မသွားစေရန် ငါးမြစ်ချင်းတစ်မျိုးကိုသာ မွေးမြူခြင်းထက် ရေချိုပုစွန်တုပ်ကြီး၊ ကကတစ်၊ ငါးရံ့၊ ငါးပြေမနှင့် တီလားပီး ယားကဲ့သို့သော သင့်တော်ရာတစ်မျိုးမျိုး ကို မွေးမြူခြင်းဖြင့် သဘာဝ ငါးပြုန်းတီး မှုကို ထိန်းသိမ်းရာရောက်မည်ဖြစ် ကြောင်းလည်း ၎င်းက ပြောသည်။
"အခုဆိုရင် သဘာဝငါးတွေကို စမ်းမွေးနေပါပြီ။ ဧရာဝတီငါးမွေးမြူရေး က ငါးပြေမတွေ မွေးနေပြီး ၀ါဝါ၀င်းငါး မွေးမြူရေးကလည်း ကကတစ်အသား တိုးမွေးမြူရေးလုပ်ငန်းတွေ လုပ်နေပါ ပြီ"ဟု ငါးမွေးမြူရေးလုပ်ငန်းရှင်များ အသင်းမှ ဦးစိုးတင့်က ပြောသည်။
အဏ္ဏ၀ါဒေ၀ီငါးလုပ်ငန်း ပိုင်ရှင်ဖြစ် သူ ဒေါက်တာဒေါ်တိုးနန္ဒာတင်က "အခု ဆိုရင်ငါးကျည်း၊ ငါးခူက တစ်ပိဿာကို ၅,၀၀၀ ကနေ ၆,၀၀၀ လောက် ရှိနေတော့ ဒီဈေးနဲ့တွက်ပြီး ငါးတွေကိုတွန်းမွေး လိုက်ရင် ငါးပေါ်တဲ့အချိန်မှာ ဈေးကွက် ထဲမှာ ငါးတွေပေါလာပြီး အရှုံးထပ်ပေါ် နိုင်တယ်။ ဒါကို နားလည်တဲ့သူတွေက သတိပေးသင့်တယ်"ဟု ပြောသည်။
လက်ရှိတွင် ငါးမွေးမြူရေးလုပ်ငန်း သာမက ငါးသားပေါက်လုပ်ငန်းများ လည်း အရှုံးပေါ်ကာ ငါးသားပေါက် ရှားပါးလာပြီး သားပေါက် ဈေးလည်း မြင့်လျက်ရှိကြောင်း ငါးသားပေါက် လုပ်ငန်းရှင်များက ပြောသည်။
"ကျွန်တော်တို့မြတ်မယ်ထင်ပြီး ထုတ် ထားတဲ့ ငါးသားပေါက်တွေဟာလည်း နှစ်နှစ်ဆက်တိုက် ရှုံးတဲ့အတွက် ပြီးခဲ့တဲ့ နှစ်ကစလို့ လုံးဝ ကို လျှော့ထုတ်ခဲ့တယ်။ အဲဒီလိုဖြစ်တော့ အခုငါးသားပေါက်က လိုအပ်ချက်နဲ့ မမျှဘူးဖြစ်နေပြီး ငါးသား ပေါက်ဈေးကြီးနေရတာပါ" ဟု ဧရာဝတီ ငါးသားပေါက်လုပ်ငန်းမှ တာဝန်ရှိသူက ပြောသည်။
ငါးသားပေါက်များ လျှော့မွေးသော အခါတွင် ငါးမွေးရင်းပုစွန်ပါထည့်၍ မွေးမြူရန်ကိုလည်း သမ၀ါယမ၀န်ကြီး ဌာနနှင့် မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က ဇူလိုင်လ ၂၁ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သော ညှိနှိုင်း အစည်းဝေးပွဲတွင် အကြံပြုခဲ့သည်။
"ငါးမြစ်ချင်း သားပေါက်က လေး လက်မ ဆိုလို့ ရှိရင် ၈၀၊ ၉၀ နဲ့ ၀ယ် လို့မရပါဘူး ငါးလက်မ ခြောက်လက်မ ဆို ရင်လည်း ၁၂၀ လောက်ပေးဝယ် ရတယ်။ အဲ့လိုအရွယ်အစားဆိုရင် အစာက နှစ်ပိဿာကျွေးရတဲ့အတွက် ပဲဖတ်ဈေး ကတစ်ပိဿာကိုကျပ် ၉၀၀ ပေးရတယ်။ ပဲဖတ်နှစ်ပိဿာကျွေးလို့ ငါးတစ် ပိဿာတင်တယ်ဆိုရင် ၁,၉၂၅ ပဲရပါ တယ်။ အဲ့ဒါကြောင့် ကျန်တဲ့သွင်းအားစု တွေမပါ အရင်းဟာ ၁,၉၂၀ ဖြစ်တဲ့ အတွက်ကြောင့်မို့ လက်တွေ့ရှုံးနေ ပါတယ်"ဟု မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမြင့်စိန် က ပြောသည်။
