မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ကမ်းနားနေရာများတွင် ခေတ်မီအဆောက်အအုံများ တည်ဆောက် နိုင်ရန် လုပ်ငန်းရှင်များအား ဖိတ်ခေါ်လျက်ရှိ

နိုနိုအောင်
အတွဲ ၃၀ ၊ အမှတ် ၅၈၂ ( ၁၇ - ၂၃ ၊ ၈ ၊ ၂၀၁၂)

မြို့တွင်းရှိ ကမ်းနားနေရာအချို့ကို အကျိုးတူပူးပေါင်းစနစ်၊ တည်ဆောက်၊ လုပ်ကိုင်၊ လွှဲပြောင်းစနစ်များဖြင့် ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ အဆင့်မြင့်ရုံးခန်းများ၊ အများပြည်သူ အပန်းဖြေနေရာများစသည်တို့အဖြစ် ပြောင်းလဲလုပ်ကိုင်ရန် မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်က ပြည်တွင်းပြည်ပ စီးပွား ရေးလုပ်ငန်းရှင်များအားဖိတ်ခေါ်ခဲ့သည်။

ရန်ကုန်ဆိပ်ကမ်း၊ လမ်းမတော်ကမ်းနားဒေသ၊ ပန်းဆိုးတန်း-ဒလဆိပ်ခံဗောတံတား၊ နန်းသီတာဆိပ်ကမ်း နယ်မြေနှင့် ဗိုလ်တထောင် ကမ်းနားတို့အား အဆင့်မြှင့်တင်ပြီး ၎င်းတို့နှင့် ဆက်စပ် နေရာများတွင် ခေတ်မီစီးပွားရေး အဆောက်အအုံများ တည်ဆောက်နိုင် ရန်အတွက် ပုဂ္ဂလိက အခန်းကဏ္ဍများ ပါဝင်နိုင်ရန် ရည်ရွယ်ကာ ရှင်းလင်းဆွေး နွေးပွဲတစ်ခု ယခုလ ၉ ရက်နေ့က ကျင်းပခဲ့ခြင်းဖြစ်သည်။

"ဆိပ်ကမ်းအနေနဲ့တင်မကဘဲနဲ့ ခေတ်မီတဲ့ အဆောက်အအုံတွေ ပေါ်ထွန်းလာရေးအတွက်ကို မျှော်မှန်းပြီး ဆောက်တာဖြစ်ပါတယ်" ဟု ပို့ဆောင် ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူး ဦးချိုသန်းမောင်က အဆိုပါ ဆွေးနွေးပွဲ တွင် ပြောသည်။

"ဆိပ်ကမ်းတစ်လျှောက်မှာ ဆိပ်ကမ်းလုပ်ငန်းနဲ့ ဆက်စပ်တဲ့လုပ်ငန်းများကို လျာထားရေးဆွဲထားတာဖြစ်ပါတယ်။ တင်ပြပါ လမ်းမတော် ဧရိယာ၊ ဆူးလေတံတားများ၊ နန်းသီတာဧရိယာ နဲ့ ဗိုလ်တထောင် ဧရိယာတွေမှာ ဒီလုပ်ငန်းတွေကို ဖော်ဆောင်မှာ ဖြစ်ပါတယ်။ ဖော်ဆောင်တဲ့နေရာမှာ ၀န်ကြီးရဲ့ လမ်းညွှန်ချက်နဲ့ ဆိပ်ကမ်းလုပ်ငန်းတွေတင် မကဘဲ ဒီဧရိယာတွေမှာ ကျန်တဲ့ business centres, recreation centres တွေကို ပြည်သူတွေအတွက် ဖော်ထုတ်ဖို့လည်း လိုအပ်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အကုန် လုံးချပြ ဆွေးနွေး ရခြင်းဖြစ်ပါတယ်" ဟု ဦးချိုသန်းမောင်က ပြောသည်။

ရန်ကုန်ဆိပ်ကမ်း၊လမ်းမတော် နယ်မြေရှိ (ရွာသစ်ချောင်းမှ စဥ့်အိုးတန်းတံတားအထိ) စုစုပေါင်း ဧရိယာ ၃၇ ဒသမ ၈၆၆ ဧကတွင် နိုင်ငံတကာ အဆင့်မီ၊ ပြည်တွင်းခရီးသွား ဆိပ်ကမ်းများ (Inland Port Terminal) အဖြစ် ပြုပြင်ပြောင်းလဲ တည်ဆောက်ရန်နှင့် နောက်ခံမြေဧရိယာပေါ်တွင် ခေတ်မီစီးပွားရေး အဆောက်အအုံများ တည်ဆောက်ရန် လျာထားကြောင်း ၎င်းကပြောသည်။

ပန်းဆိုးတန်း - ဒလ ခရီးသည်တင် ဆိပ်ခံဗောတံတားကိုလည်း အဆင့်မြင့် ခေတ်မီအောင် ပြုလုပ်ရန် ရည်ရွယ်ပြီး နောက်ခံမြေဧရိယာ ၆ ဒသမ ၇၃၆ ဧက ပေါ်တွင် စီးပွားရေးဆိုင်ရာ ခေတ်မီအဆောက်အအုံများ၊ ဟိုတယ်များ၊ ဈေးဝယ်ဧရိယာငယ်စသည်တို့ကို တည်ဆောက်နိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

"ဒီနေရာတွေမှာ ကမ္ဘာလှည့်ခရီး သည်တင် ရေယာဉ်တွေဆိုက်ကပ်ဖို့ အတွက် ခေတ်မီအဆောက်အအုံတွေ တည်ဆောက်မယ်။ အဲဒီလို တည်ဆောက်တဲ့အခါမှာ Joint Venture စနစ်၊ BOT စနစ်တွေနဲ့ ဆောင်ရွက်သွားဖို့ မျှော်မှန်းထားပါတယ်" ဟု ဦးချိုသန်းမောင်က ပြောသည်။

အခြေခံ စံသတ်မှတ်ချက်အနေဖြင့် အဆိုပါ နေရာများတွင် ကမ်းနား အဆောက်အအုံများ တည်ဆောက်ရာတွင် ခရီးသည် အတင် အချ နေရာများကို အဆင့်တစ်၊ အထပ်မြင့်အဆောက် အအုံများတွင်လည်း အများပြည်သူ ခေတ္တအပန်းဖြေစရာနေရာများအဖြစ် သတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဗိုလ်တထောင် ကမ်းနားဒေသကို ရေပေါ်ဟိုတယ်ဇုန်ဧရိယာအဖြစ် ဖော်ဆောင်ရန် လျာထားသည့်အတွက် ကမ်းနားကို အဆင့်မြှင့် တင် မည်ဖြစ်ပြီး ကမ်းပါးထိန်း ရေကာတာတံတိုင်းကို မြစ်ဘက်သို့ တိုးချဲ့တည်ဆောက်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

ဗိုလ်တထောင် ကမ်းနားဒေသရှိ လက်ရှိမြေနေရာမှာ ၄ ဒသမ ၃၅ ဧကသာရှိသည့်အတွက် ၆ ဒသမ ၄ ဧက ထပ်မံဖော်ထုတ် မည်ဖြစ်ပြီး စုစုပေါင်း ၁၀ ဒသမ ၇၅ ဧက ရှိလာမည်ဖြစ်သည်။ "ဖော်ထုတ်တဲ့ ဧရိယာထဲမှာပဲ စီမံ ကိန်းလုပ်ဖို့ကို ဆောင်ရွက်သွား မှာဖြစ်ပါတယ်။ ဒီနေရာတွေမှာ အများပြည်သူ အပန်းဖြေအနားယူရာမှာ အသုံးပြုဖို့ အဓိက တည်ဆောက်မှာဖြစ်ပါတယ်။ အဲဒါနဲ့ ပူးတွဲတည်ရှိမှာက အခုအများ ပြောပြောနေကြတဲ့ hotel vessels တွေဖြစ်ပါတယ်" ဟု ဦးချိုသန်းမောင်က ပြောသည်။

အဆိုပါ လျာထားချက်များအတွက် ပြည်တွင်းပြည်ပလုပ်ငန်းရှင်များထံမှ မည်သည့်နေရာတွင် မည်သည့်လုပ်ငန်း လုပ်ရန် သင့်လျော် မည်ဆိုသည်ကို ဆွေးနွေးချက်များ လိုအပ်သည်ဟု ဆိုပြီး မကြာခင်အချိန်အတွင်း တင်ဒါခေါ် ယူသွားမည်ဖြစ်ကြောင်း ဦးချိုသန်း မောင်က ပြောသည်။

လုပ်ငန်းရှင်များအတွက် သတ်မှတ် ချက်များရှိပြီး အဓိက သတ်မှတ်ချက်များမှာ လုပ်ငန်းအတွေ့အကြုံနှင့် စွမ်းဆောင်ရည် ပြည့်ဝ သော၊ ငွေကြေးခိုင်မာ တောင့်တင်းသော၊ ကျွမ်းကျင်ပညာရှင်များရှိသော ကုမ္ပဏီများဖြစ်ရမည်ဖြစ်သည်။ တင်ဒါပုံစံများအတွက် ဆူးလေတံတား(၁)မှ (၄) ဧရိယာရှိ လုပ်ငန်း အတွက် အက်ဖ်အီးစီ ၂၀၀ ပေးသွင်းကာ ၀ယ်ယူရမည်ဖြစ်ပြီး ကျန်လုပ်ငန်းသုံးခု အတွက် လုပ်ငန်းတစ်ခုလျှင် တင်ဒါပုံစံ တစ်စုံ အက်ဖ်အီးစီ ၁၀၀ ပေးသွင်းကာ ၀ယ်ယူရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းများအတွက် မည်သည့်အကြောင်းကြောင့်မျှ သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး စီမံကိန်းများ ဖော်ဆောင်နေသည့် ကာလတွင်လည်း လက်ရှိသမ္ဗန်ကူးတို့လုပ်ငန်းများ၊ ပြည်တွင်းကုန်တင်ကုန်ချလုပ်ငန်းများ စသည့် လုပ်ငန်းများထိခိုက်မှုမရှိစေရန် ဒီဇိုင်းများအား အသေးစိတ် ရေးဆွဲသွားမည် ဖြစ်ကြောင်း ဦးချိုသန်းမောင်က ရှင်းပြခဲ့သည်။