စွမ်းအင်ဆိုင်ရာမန်နေဂျာများ ပေါ်ထွက်နိုင်ရေးအတွက် ဒုတိယအကြိမ် သင်တန်းဖွင့်လှစ်ခဲ့

ထားထားခင်
အတွဲ ၃၀ ၊ အမှတ် ၅၈၄ ( ၃၁ ၊ ၈ - ၆ ၊ ၉ ၊ ၂၀၁၂)

မြန်မာနိုင်ငံအတွက် စွမ်းအင်ဆိုင်ရာ မန်နေဂျာများ မွေးထုတ်ရေး သင်တန်း ဒုတိယ အပတ်စဉ် Energy Manager Training (2nd Batch) ကို ဩဂုတ်လ ၂၀ မှ ၂၄ ရက်ထိ လှိုင်မြို့နယ်ရ Myanmar Info Tech ၌ ဖွင့်လှစ် သင်ကြားခဲ့ပြီး သက်ဆိုင်ရာကဏ္ဍစုံမှ သင်တန်းသား ၁၁ ဦး သင်တန်းတက် ရောက်ခဲ့ကြောင်း သိရှိရသည်။

Asean Energy Manager Accreditation Scheme-AEMAS (၂၀၁၀-၁၃) လေးနှစ်တာစီမံကိန်း အတွက် မြန်မာနိုင်ငံမှ စွမ်းအင် မန်နေဂျာ အယောက် ၅၀ မွေးထုတ်သွားရန် ရည်မှန်းထားရာ သင်တန်းများဖွင့်လှစ် နိုင်ခြင်းနှင့်အတူ အားရကျေနပ်မှုရှိ ကြောင်း AEMAS မှ မြန်မာနိုင်ငံအတွက် country expert ဖြစ်သူ ဦးမြင့်ကျော်က ပြောသည်။

"ပထမသင်တန်းတုန်းက ၀န်ကြီး ဌာနစုံကနေ ခေါ်ယူထားတဲ့ စွမ်းအင်သင်တန်းသားဆယ်ယောက်ကို မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ သင်တန်းပြီး သွားတိုင်း သင်တန်းသားတွေရဲ့ သဘောဆန္ဒကို ခံယူပါတယ်။ သူတို့တွေ ကလည်း သင်တန်းကသင်ကြားပေးမှု တွေ ပေါ်မှာ အားရကျေနပ်မှုရှိပါတယ်။ သင်တန်းမှာ စွမ်းအင်စီမံခန့်ခွဲမှုတွေနဲ့ ပတ်သက်ပြီး စနစ်တကျသေသေချာချာ သင်ကြားပေးလိုက် တဲ့အတွက် စက်ရုံ တွေမှာ စွမ်းအင်စီမံခန့်ခွဲမှုအတွက် သာမန်ထက်ပိုပြီးလွယ်ကူအဆင်ပြေမှာ ဖြစ်ပါတယ်" ဟု ၎င်းကပြောသည်။

"ဒီသင်တန်းတွေကို သင်တန်းသားအယောက် ၅၀ ပြည့်တဲ့အထိ ဆက်လက်ဖွင့်လှစ်သွားမှာပါ။ ခေတ်ကလည်း တောင်းဆိုလာပြီလေ။ စွမ်းအင်ဆိုတာ အရေးကြီးတဲ့အကြောင်းအရာဖြစ်လာပြီ။ စီးပွားရေးပြိုင်ဆိုင်မှုတွေမှာ ချွေတာရေးကအရေးကြီးလာပြီ။တိုင်းပြည်မှာ စက်ရုံ၊ အလုပ်ရုံတွေအများကြီး ဖွံ့ဖြိုး လာမယ်ဆိုရင် စွမ်းအင်ချွေတာတာ၊ ထိရောက်စွာ သုံးစွဲတာတွေက မလွဲ မသွေလိုအပ် လာမှာ ဖြစ်ပါတယ်" ဟု ဦးမြင့်ကျော်က ပြောကြားခဲ့သည်။

သင်တန်းသားများသည် အင်ဂျင်နီယာဘွဲ့ရ ပုဂ္ဂိုလ်များဖြစ်ပါက စက်ရုံ၊ အလုပ်ရုံအတွေ့အကြုံအနည်းဆုံး ငါးနှစ်ရှိရမည်ဖြစ်ပြီး စွမ်းအင် စီမံခန့်ခွဲမှု အတွေ့အကြုံအနည်းဆုံးနှစ်နှစ်ရှိရမည် ဖြစ်သည်။ အခြားဘွဲ့ရဖြစ်ပါက စက်ရုံ၊ အလုပ်ရုံ အတွေ့အကြုံ အနည်း ဆုံး ခုနစ်နှစ်ရှိရမည်ဖြစ်ပြီး စွမ်းအင်စီမံခန့်ခွဲမှု အတွေ့အကြုံအနည်းဆုံး လေးနှစ်ရှိရ မည်ဖြစ်သည်။

ဒုတိယအကြိမ် ဖွင့်လှစ်သည့် သင်တန်းတွင် သကြားစက်ရုံ၊ ဘိလပ်မြေစက်ရုံ များ၊ စားသောက်ကုန်လုပ်ငန်း၊ ဓာတု ဗေဒလုပ်ငန်း၊ ဓာတ်မြေဩဇာလုပ်ငန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ အပြည်ပြည်ဆိုင်ရာ ဆေးရုံများ၊ ဗိသုကာနယ်ပယ်နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတို့မှ ရွေးချယ်ထားကြောင်း သိရသည်။

ယခုအကြိမ်တွင် သင်တန်းပို့ချမည့်သူ များမှာ AEMAS rS country expert (Myanmar) ဖြစ်သူ ဦးမြင့်ကျော်၊ မြန်မာနိုင်ငံ အင်ဂျင် နီယာ အသင်းမှ ဦးအုန်းမြင့် နှင့် ပထမသင်တန်းအပတ်စဉ်မှ energy trainer အဖြစ် ရွေးချယ်ခံရသူ ဦးလှ ဖုန်းတို့က သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စွမ်းအင်ဆိုင်ရာ မန်နေဂျာများ ပေါ်ထွန်းနိုင်ရေးအတွက် သင်တန်းများ ကို ဆက်လက်ပို့ချသွားမည်ဖြစ်ပြီးယခု နှစ်အတွင်း နောက်ထပ် နှစ်ကြိမ်ဖွင့်လှစ် သွားရန်ရှိသည်ဟုလည်း သိရသည်။