ဒေါ်လာခြောက်ဘီလျံတန် အပန်းဖြေ စီမံကိန်းကြီး စပိန်နိုင်ငံတွင် ပေါ်ထွက်ရန်ရှိနေဟုသိရ

သီရိမင်းထွန်း ဘာသာပြန်သည်။
အတွဲ ၃၀ ၊ အမှတ် ၅၈၇ ( ၂၁ - ၂၇ ၊ ၉ ၊ ၂၀၁၂)

စပိန်နိုင်ငံရှိ ကြွေးမြီဖိစီးနေသည့် Catalonia ဒေသအုပ်ချုပ်ရေးအဖွဲ့သည် ကန်ဒေါ်လာခြောက်ဘီလျံတန် "Barcelona World"အပန်း ဖြေစခန်း စီမံကိန်းကြီးတစ်ခုကို စီစဉ်ထားကြောင်း နှင့် အဆိုပါ စီမံကိန်းအတွက် ငွေကြေး မတည်မည့်သူ မတွေ့သေးသည့်အပြင် သ ဘောတူလက်မှတ်ရေးထိုးထားခြင်းလည်း မရှိသေးကြောင်း စက်တင်ဘာ ၇ ရက်နေ့တွင် လူသိရှင်ကြား အသိပေးပြောကြားခဲ့သည်။

Catalonia ဒေသအစိုးရသည် ၎င်း၏ဒေသမြို့တော် ဘာစီလိုနာတွင် ယူရိုဗေးဂတ်စ်အမည်ရှိ အလုပ်အကိုင်အခွင့်အလမ်းပေါများသည့် ကာစီနိုစီမံကိန်းကြီးဆောက်လုပ်ရန် အမေရိကန်ကုမ္ပဏီကြီးဖြစ်သည့် Las Vegas Sands ကို မက်ဒရစ်မြို့နှင့်အပြိုင် ဆွဲဆောင်ရာ တွင် မအောင်မြင်နိုင်သည့် အလားအလာများ ရှိနေပုံရသည့် အတွက် Barcelona World စီမံကိန်းကြီးကို ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။

ဟိုတယ်ခန်းပေါင်း ၂၀,၀၀၀၊ ဈေးဝယ် စင်တာများ၊ ပြဇာတ်ရုံတစ်ခု၊ စည်းဝေး ခန်းမတစ်ခု၊ ကာစီနိုလောင်းကစားရုံများ၊ ၀န်ဆောင်မှု နှင့် ရုံးခန်းများပါဝင် သည့် ဆောက်လုပ်ရေးစီမံကိန်းကြီး ခြောက်ခုကို ဘာစီလိုနာတောင်ပိုင်း Port-Aventura အနီးတွင် ဆောက်လုပ် ရန် မျှော်မှန်းထားသည်။

စီမံကိန်းတစ်ခုစီသည် ဥရောပ၊ အမေ ရိကန်၊ တရုတ်၊ ဘရာဇီးလ်၊ ရုရှားနှင့် အိန္ဒိယနိုင်ငံတို့ကို ကိုယ်စားပြု ဆောက် လုပ်မည်ဖြစ်ပြီး ယင်းစီမံကိန်းကြောင့် တစ်နှစ်လျှင် နိုင်ငံတကာမှ ခရီးသည် ၁၀ သန်း လာရောက်လည်ပတ်နိုင်ရန် ဆွဲဆောင်နိုင်မည်ဟု မျှော်လင့်ရ ကြောင်း စီမံကိန်းဖြစ်မြောက်ရေး တာဝန်ရှိသူများ က ပြောသည်။

အဆိုပါစီမံကိန်းကို Catalonia အစိုးရ၊ LaCaixa ဘဏ်နှင့် စပိန်ဘီလျံနာ Enrique Banuelos ၏ ရှယ်ယာ အများဆုံးပါဝင်သည့် ဘရာ ဇီးလ် အခြေစိုက် အိမ်ခြံမြေ ဆောက်လုပ်ရေးကုမ္ပဏီ Veremonte တို့က ထောက်ခံအားပေးခဲ့ကြပြီး ၎င်းတို့သည် နိုင်ငံတကာမှရင်းနှီး မြှုပ်နှံသူများနှင့်လည်း တွဲဖက်ပြီး ဆောင်ရွက်ကြမည်ဟု Catalonia ဒေသအုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြထားသည်။

သို့သော် ယင်းစီမံကိန်းနှင့်ပတ်သက် ပြီး စီမံကိန်းရှေ့ဆက်လုပ်ဆောင်ရန် အတွက်သာ အချင်းချင်း သဘောတူညီ မှုရယူထားကြပြီး မည်သူမျှ လက်မှတ်ရေးထိုးခြင်းမရှိသေးဟု Catalonia ဒေသအုပ်ချုပ်ရေးအဖွဲ့မှ ဘဏ္ဍာရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ပြောကြား ခဲ့သည်။

"ဆောက်လုပ်ရေး စီမံကိန်းတစ်ခုစီကို ဦးစီးဆောင်ရွက်ဖို့ မတည်ငွေထည့်ဝင်မယ့် ရင်းနှီးမြှုပ်နှံသူတွေကို ကျွန်တော်တို့ ရှာနေပါတယ်" ဟု ၎င်းက ပြောသည်။

အဆိုပါစီမံကိန်းကြောင့် စက်မှုလုပ်ငန်း ထွန်းကားသည့် နိုင်ငံများအကြားတွင် အလုပ်လက်မဲ့နှုန်းထား အမြင့်ဆုံး ရှိသည့်နိုင်ငံအဖြစ် အလုပ်လက်မဲ့ဦးရေ ၂၅ ရာခိုင်နှုန်းရှိနေသည့် စပိန်နိုင်ငံ အတွက် အရေးပါသည့် အလုပ်အကိုင် အခွင့်အလမ်း ခန့်မှန်းခြေ ၂၀,၀၀၀ ခန့် ပေါ်ပေါက်လာနိုင်ကြောင်း Catalonia ဒေသအစိုးရ၏ သတင်းထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

ကာစီနိုစီမံကိန်းကြီး ဆောက်လုပ်ရန် Las Vegas Sands က ဘာစီလိုနာမြို့ကို ပယ်ချလိုက်ဖွယ်ရာရှိသည့်အတွက် Catalonia အစိုးရ က အဆိုပါ Barcelona World စီမံကိန်းကို ယခုကဲ့သို့ လူသိရှင်ကြား အသိပေးလိုက် ခြင်းဖြစ်သည်။

Eurovegas စီမံကိန်းအတွက် ဘာစီလိုနာနှင့် မက်ဒရစ်မြို့အုပ်ချုပ်ရေး အဖွဲ့ တို့က လပေါင်းများစွာ အပြိုင်အဆိုင် ဆွဲဆောင်ခဲ့ကြရာ Las Vegas Sands ၏နောက်ဆုံး အတည်ပြုချက်ကို ယခုလကုန်ပိုင်းတွင် ဆုံးဖြတ်ပေးတော့ မည်ဖြစ်သည်။ မက်ဒရစ်မြို့ အုပ်ချုပ် ရေးမှူး Esperanza Aguirre က Eurovegas စီမံကိန်းအတွက် စပိန်မြို့တော် ကို ရွေးချယ်လိမ့်မည်ဟု သူ့စိတ်ထဲက သိနေကြောင်း ပြီးခဲ့သည့် သီတင်းပတ်က ပြောကြားခဲ့သည်။

"ဟုတ်တယ်။ ဒါဖြစ်နိုင်တယ်"ဟု Catalonia အရှေ့မြောက်ပိုင်းဒေသ အုပ်ချုပ်ရေးမှူး အာသာမတ်စ်က ရေဒီယို အင်တာဗျူးတစ်ခုတွင် ထောက်ခံ ပြောကြားခဲ့သည်။ Catalonia အစိုးရဒေသဆိုင်ရာနှင့် ဖွံ့ဖြိုးမှုခိုင်မာရေးဝန်ကြီး Lluis Recoder က Barcelona World စီမံကိန်းသည် Eurovegas စီမံကိန်းနှင့် ယှဉ်လျှင် အတိုင်းအတာတစ်ခုအထိ ပိုကောင်းပါသည်ဟု ပြောကြားခဲ့ သည်။

"ဒီနေရာက ဖွံ့ဖြိုးပြီးနေရာ တစ်ခုဖြစ် နေပြီး စီမံကိန်းကလည်း အသေအချာ စဉ်းစားပြီး စီစဉ်ထားတာပါ" ဟု Catalonia ဒေသ အုပ် ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ၎င်းကပြောကြား ထားသည်။

"ဘီလျံနာ ရှယ်လ်ဒန်အက်ဒလက် ဆန်ရဲ့Las Vegas Sands ကုမ္ပဏီက ဆောက်လုပ်မယ့်စီမံကိန်းနဲ့ မတူတာ ကတော့ ဒီစီမံကိန်းက ဒေသခံတွေရဲ့ သဘောတူညီချက်ကို ရထားတာဖြစ်တဲ့ အတွက် အကျိုးရှိမယ့် စီမံကိန်းတစ်ခုပါ" ဟု ၎င်းကပြောကြားခဲ့သည်။

(အေအက်ဖ်ပီ)