နေပြည်တော်ကောင်စီနယ်မြေရှိ အစိုးရဌာနဆိုင်ရာများကို တိုင်းဒေသကြီးအဆင့်သို့ ဖွဲ့စည်းပုံ အဆင့်မြှင့်တင်

ဝင်းကိုကိုလတ်
အတွဲ ၂၉ ၊ အမှတ် ၅၇၇ (၁၃ - ၁၉ ၊ ၇ ၊ ၂၀၁၂)

နိုင်ငံတော်သမ္မတ၏ တိုက်ရိုက်အုပ်ချုပ် မှုအောက်၌ရှိသော နေပြည်တော် ကောင်စီနယ်မြေရှိ အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းများကို ခရိုင်အဆင့်မှ တိုင်းဒေသကြီးအဆင့်သို့ တိုးမြှင့်၍ ဌာနတွင်း ဖွဲ့စည်းပုံများ တိုးချဲ့လျက်ရှိသည်ဟု ပြည်ထဲရေး ၀န်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

"အရင်က နေပြည်တော်ကခရိုင် အဆင့်ပဲရှိတာ။ ကျွန်တော်တို့လုပ်နေရတဲ့ အလုပ်တွေက များလာတော့ ပိုပြီး တွင်ကျယ်အောင်လို့ အခုလိုမြှင့်လိုက် တာပါ"ဟု အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ခင်က ယခုလ ၇ ရက်က ပြောသည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကဲ့သို့သော ဌာနများကို ဒုတိယညွှန်ကြား ရေးမှူးအဆင့်မှ ညွှန်ကြားရေးမှူးအဆင့် တိုးမြှင့်ပေးခဲ့ပြီး အခြားသောဌာနများကို လက်ထောက်ညွှန်ကြားရေးမှူးအဆင့်မှ ဒုတိယညွှန်ကြားရေးမှူးအဆင့်သို့ တိုး မြှင့်ပေးခဲ့သည်ဟု ၎င်းက ပြောသည်။

"ပြီးခဲ့တဲ့ဧပြီလကစပြီး လက်ထောက် ညွှန်ကြားရေးမှူးကနေ ဒုတိယညွှန်ကြား ရေးမှူးရာထူး တိုးသွားတာပါ။ ကျန်တဲ့ ဖွဲ့စည်းပုံ ကတော့ မကျသေးပါဘူး" ဟု နေပြည်တော် အားကစားနှင့် ကာယ ပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေး မှူး ဦးဝင်းအောင်က ပြောသည်။

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ မြန်မာနိုင်ငံတွင် ပြည်နယ်နှင့် တိုင်းဒေသ ကြီး ၁၄ ခုရှိသော်လည်း နေပြည်တော် ကောင်စီ နယ်မြေသည် ယင်းပြည်နယ် နှင့် တိုင်းဒေသကြီး ၁၄ ခုမှ ကင်းလွတ် ၍ သမ္မတ၏ တိုက်ရိုက်အုပ်ချုပ်မှုအောက် တွင် တည်ရှိသော ပြည်ထောင်စုနယ်မြေ ဖြစ်သည်ဟု ၎င်းက ပြောသည်။

ယခင်က နေပြည်တော်ရှိ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဌာနဆိုင်ရာ လုပ်ထုံး လုပ်နည်းများအရ မြို့နယ်၊ ခရိုင်၊ တိုင်း ဒေသကြီး၊ သက်ဆိုင်ရာဝန်ကြီးဌာနသို့ တင်ပြ၍ အစိုးရအဖွဲ့သို့ တင်ပြကာ အဆုံးအဖြတ်ယူရသည်။

ယခုအခါ နေပြည်တော်ကောင်စီနယ်မြေရှိ ဖွံ့ဖြိုးမှု ကိစ္စများ အကောင်အထည်ဖော်ရန် နေပြည်တော်ကောင်စီမှ တစ်ဆင့် သမ္မတထံ တင်ပြပြီး သမ္မတက သက်ဆိုင် ရာ ၀န်ကြီးဌာနကို ညွှန်ကြားရုံသာ လိုအပ် တော့သည်ဟု ၎င်းက ပြောသည်။

"လူထုကို အကျိုးမြန်မြန်ခံစားစေချင် တယ်။ အဆင့်တွေသိပ်မများစေချင်ဘူး။ အဆင့်တွေသိပ်များရင် ကြန့်ကြာပါ တယ်"ဟု ၎င်းက ပြောသည်။

ဌာနဆိုင်ရာများ အဆင့်တိုးမြှင့်ခြင်း ကို နေပြည်တော်ကောင်စီ စတင်ဖွဲ့စည်း သည့် ၂၀၁၁ ခုနှစ်၊ မတ်လ ၃၀ ရက်နောက် ပိုင်းတွင် စတင်ခဲ့ပြီး အရေးပါသည့် ဌာန ဆိုင်ရာများဖြစ်သည့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲ တပ်ဖွဲ့ စသည့် ဌာနများကို တိုင်းဒေသ ကြီးအဆင့်ဖွဲ့စည်းပုံများသို့ တိုးမြှင့်ပေး ခဲ့သည်ဟု ၎င်းက ပြောသည်။

အချို့ဌာနများတွင်မူ ဖွဲ့စည်းပုံအရ တိုင်းဒေသကြီးအဆင့် သတ်မှတ်လိုက် သော်လည်း အဆင့်ဆင့်ဖွဲ့စည်းပုံအင် အားလိုအပ်နေ သေးပြီး ဖွဲ့စည်းပုံပြည့် စုံသည့်ဌာနမှာ ၁၂ ဌာနခန့်သာရှိသေး သည်ဟု ၎င်းက ပြောသည်။

"ဦးစားပေးဌာနတွေဖြစ်တဲ့ အထွေ ထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့၊ လယ်/ဆည်၊ တိမွေးကုတို့ စိုက်ပျိုးရေးနဲ့ ပတ်သက်တာတွေ အကုန် တိုးပြီးပြီ"ဟု ၎င်းက ပြောသည်။

နေပြည်တော်ကောင်စီသည် ဖွံ့ဖြိုး ရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် အခြား သော ပြည်နယ်နှင့်တိုင်းဒေသကြီးများ ကဲ့သို့ သီးခြား ဘတ်ဂျက်မရှိဘဲ သက်ဆိုင် ရာ ၀န်ကြီးဌာန၏ ဘတ်ဂျက်မှသာ သုံးစွဲ ရပြီး လွှတ်တော်လည်းမရှိကြောင်း ၎င်းက ပြောသည်။

"နေပြည်တော်ကောင်စီက သမ္မတ ကိုယ်စား လုပ်ပေးတဲ့အဖွဲ့။ ကျွန်တော်တို့ က ပိုက်ဆံကိုင်မသုံးဘူး။ မှန်လား မမှန် ဘူးလား။ ထိရောက်လား မထိရောက်ဘူး လား ကြီးကြပ်တာပါ"ဟု ၎င်းက ပြော သည်။

သမ္မတရုံး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်မြို့တော်ဝန် ရာထူးများကိုပါ ပူးတွဲထမ်းဆောင်လျက်ရှိသော နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသိန်းညွန့်သည် အဖွဲ့ဝင်ကိုးဦးနှင့်အတူ နေပြည်တော် ဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ဆောင် လျက်ရှိသည်။