အီးယူက မြန်မာနိုင်ငံအပေါ် ပိတ်ပင်ထားမှုများ ဖယ်ရှားရန် အိုင်အယ်လ်အိုအစီရင်ခံစာပေါ် မူတည်နေ

ဇော်ဝင်းသန်း
အတွဲ ၂၉ ၊ အမှတ် ၅၆၅ ( ၂၀ - ၂၆ ၊ ၄ ၊ ၂၀၁၂)

ဥရောပသမဂ္ဂမှ မြန်မာထွက်ကုန်များ တင်သွင်းမှုအား ကာလ အတန်ကြာ ပိတ်ပင်တားဆီးထားရာမှ မကြာမီ ပြန်လည်သုံးသပ် လေ့လာပြီး ပိတ်ပင်တားဆီးထားမှုကိုရုပ်သိမ်းရန် အလား အလာရှိသည့်အတွက် ပြည်ပတင်ပို့မှုမှာ ရုတ်တရက်မြင့်တက် သွားနိုင်ဖွယ် ရှိသည်။

ယခုလ ၂၃ ရက်နေ့တွင် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ ဘယ်လ်ဂျီယံနိုင်ငံ ဘရက်ဆဲလ်မြို့တွင် တွေ့ဆုံပြီး မြန်မာနိုင်ငံအပေါ် ပိတ်ပင်ထားဆီးထားသော ကူးသန်းရောင်းဝယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအပိုင်းများကို ပြန်လည် လေ့လာသုံးသပ်ကာ ဖယ်ရှားရေးအတွက် ဆွေးနွေး ဆုံးဖြတ်ကြမည်ဖြစ်သည်။

ဥရောပသမဂ္ဂအဖွဲ့ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ မဟာ မင်းကြီး မစ္စတာ Karel De Gucht က ဥရောပသမဂ္ဂ အနေ ဖြင့် ကမ္ဘာ့ အလုပ် သမားအဖွဲ့ (အိုင်အယ်လ်အို)မှ မြန်မာနိုင်ငံ အတွင်း မတရားအလုပ်သမားစေခိုင်းမှုနှင့် ပတ်သက်သည့် မှတ်တမ်းအစီ ရင်ခံစာအား ကြည့်ရှုပြီးမှသာ ပိတ်ပင်တားဆီး ထားမှုများအား ဖယ်ရှားရေးကို ဆက်လက်စဉ်းစားမည်ဟု ပြောကြားသည်။

"အမှန်တော့ အဲဒါတွေက စီးပွားရေး ပိတ်ဆို့မှုတွေမဟုတ်ပါ ဘူး။ အဲဒါတွေက General System of Preferences (GSP) ရဲ့ တစ်စိတ်တစ်ပိုင်းတွေသာ ဖြစ်ပါတယ်။ GSP ဆိုတာ ဥရောပသမဂ္ဂအနေနဲ့ ဆင်းရဲနွမ်းပါးတဲ့ တိုင်းပြည်တွေ၊ အလယ် အလတ်ဝင်ငွေ သာရှိတဲ့ တိုင်းပြည်တွေအတွက် ဖြည့်တင်း ဆောင်ရွက်ပေးတဲ့ စနစ်တစ်ခုသာဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဆိုလည်း GSP စာရင်းဝင် နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ဒါပေ မယ့် မြန်မာ့နိုင်ငံရေး အခြေအနေကြောင့် ၁၉၉၇ ခုနှစ်ကတည်း က ရပ်ဆိုင်းခဲ့ပါတယ်"ဟု မစ္စတာ Karel De Gucht က ယခုလဆန်းက ကမ္ဘောဒီယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် ပြောကြား သည်။

"မကြာမီ ကမ္ဘာ့အလုပ်သမားအဖွဲ့အစည်းက မြန်မာနိုင်ငံ မှာ မတရား အလုပ်သမားစေခိုင်းမှုနှင့်ပတ်သက်ပြီး အစီရင်ခံစာ တစ်စောင် ထွက်လာဖို့ရှိပါတယ်။ မြန်မာနိုင်ငံကို GSP စနစ်ရပ် ဆိုင်းလိုက်ရခြင်းက ဒီမတရားအလုပ်သမားစေခိုင်းမှုကြောင့် သာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ဆုံးဖြတ်ချက်က ဒီအစီအရင်ခံစာအပေါ် မူတည်ပါတယ်"ဟု ၎င်းက ပြော သည်။

"မြန်မာနိုင်ငံမှာ အလုပ်သမား မတရားစေခိုင်းမှုပြဿနာ တွေ ရှိတယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ ကျွန်တော် ဒါနဲ့ ပတ်သက်ပြီး ထင်မြင်ချက်ပေးတာထက် အိုင်အယ်လ်အိုရဲ့ အစီရင်ခံစာကိုကြည့်ပြီး ဆက်လက်ဆောင်ရွက်တာ ပိုကောင်း ပါတယ်။ အိုင်အယ်လ်အို ရဲ့အစီရင်ခံစာလည်း အပြုသဘော ဆောင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်" ဟု ၎င်းကပြော သည်။

ထို့ပြင် ယခုအချိန်သည် မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းနေ ဆဲကာလဖြစ်ရာ ပိတ်ပင်တားဆီးမှုများကို ဖယ်ရှားလိုက်ပါက မြန်မာ နိုင်ငံမှ တင်ပို့နိုင်သလို၊ မြန်မာ့ထွက်ကုန်များကို ဥရောပ ဈေးကွက်အထိ တင်ပို့ရောင်းချသွားနိုင်မည် ဖြစ်သည်။

"စီးပွားရေး ဖွံ့ဖြိုး တိုးတက်ဖို့နဲ့ လူမှုဘ၀တိုးတက်မြင့်မား ဖို့အတွက် အရမ်းအရေးကြီးတဲ့အတွက် ဒါတွေလက်တွေ့ဖြစ် လာဖို့ရာ လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေပေါ် အများကြီး မူတည်ပါတယ်"ဟု မစ္စတာ Karel De Gucht က ပြောကြား သည်။

ဧပြီလ ၂၃ ရက်နေ့တွင် ပြုလုပ်မည့် နိုင်ငံခြားရေးရာကောင်စီ အစည်းအဝေးအပြီးတွင် ပိတ်ပင်တားဆီးမှုများကို ဖယ်ရှားဖွယ် ရှိကြောင်း မစ္စတာ De Gucht က ဧပြီလ ၃ ရက်နေ့မှ ၄ ရက်နေ့ အထိ နှစ်ရက်တိုင်ကျင်းပသည့် ဒုတိယအကြိမ်မြောက် အာဆီယံ-အီးယူ စီးပွားရေးညီလာခံတွင် ယခုကဲ့သို့ ပြောကြား ခြင်းဖြစ်သည်။

ဥရောပသမဂ္ဂသည် အာဆီယံ၏ ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်အဖွဲ့ကြီးဖြစ်ပြီး အာဆီယံသည် ဥရောပသမဂ္ဂ အဖွဲ့၏ တတိယ အကြီးဆုံး ကုန်သွယ်ဖက်အဖွဲ့ဖြစ်သည်။

ဒုတိယအကြိမ်မြောက် ကျင်းပသော အာဆီယံ-အီးယူ ထိပ်သီးစီးပွား ရေး ညီလာခံသို့ ဒေသတွင်းနှင့် နိုင်ငံတကာမှ စီးပွားရေး လုပ်ငန်းရှင် ပေါင်း ၃၀၀ ကျော် တက်ရောက်ခဲ့ကြပြီး အနာဂတ်စီးပွားရေးလုပ်ငန်း အကျိုးတူးပူးပေါင်း ဆောင်ရွက်ရေးများ ဆွေးနွေးခဲ့သည်။

ညီလာခံသို့ တက်ရောက်ခဲ့သည့် စီးပွားရေးလုပ်ငန်းရှင် အများစုက မြန်မာနိုင်ငံအပေါ် ပိတ်ပင်ထားသည့် စီးပွားရေးပိတ်ဆို့မှုများ မကြာမီ ဖယ်ရှားပေးနိုင်သည့် အလားအလာရှိသည်ဟု ယုံကြည်ကြောင်း မြန်မာတိုင်း(မ်)အား ပြောသည်။

ဖိလစ်ပိုင်နိုင်ငံရှိ ဥရောပကူးသန်းရောင်းဝယ်ရေးအဖွဲ့မှ ဘဏ္ဍာ ထိန်း မစ္စတာ Cyril Rocke က မြန်မာ့နိုင်ငံရေးသာ စစ်မှန်သည့် လမ်းကြောင်းအတိုင်း ဦးတည်သွားနေပါ အီးယူအနေဖြင့် ပိတ်ပင် တားဆီးထားမှုများကို မကြာမီ ရုပ်သိမ်းသွားဖွယ်ရှိကြောင်း ပြော ကြားသည်။

"မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေးအသွင်ကူးပြောင်းမှုက ကျွန်တော် တို့ အားလုံးကို အံ့ဩ၀မ်းသာစေပါတယ်" ဟု ၎င်းကပြောသည်။

ထို့ပြင် ဖနွမ်းပင်မြို့ အခြေစိုက် CB Richard Ellis ၏ အိမ်ခြံမြေ မန်နေဂျာ မစ္စတာ Simon Griffiths ကလည်း မြန်မာနိုင်ငံသည် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုအတွက် အလွန်အလားအလာကောင်းသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း ပြောသည်။

"ကျွန်တော်တို့လည်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားပါ တယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေး အလားအလာက အတော်ကောင်း ပါ တယ်။ လက်ရှိ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက ပိတ်ဆို့ထားမှုတွေ ဘယ်လောက်မြန်မြန် ဆန်ဆန်ဖယ်ရှားပေးမယ်ဆိုတာ မသိရ ပေမယ့် မကြာမီတော့ ဖယ်ရှားလိမ့်မယ်လို့ မျှော်လင့်ပါတယ်"ဟု ၎င်းက ပြောသည်။

UMFCCI ဥက္ကဋ္ဌဖြစ်သူ ဦးဝင်းအောင် ကလည်း လာမည့် ၂၃ ရက် နေ့ ဆွေးနွေးပွဲအပြီးတွင် အီးယူမှပိတ်ဆို့ထားမှုများကို ဖယ်ရှားလိမ့် မည်ဟု ယုံကြည်ကြောင်း ပြောသည်။

"မြန်မာနိုင်ငံက ပြောင်းလဲနေပါပြီ။ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲ ဆိုလည်း လွတ်လပ်ပြီး တရားမျှတတဲ့ရွေး ကောက်ပွဲအဖြစ် ကျင်းပနိုင် ခဲ့ပါတယ်။ ဒါကြောင့်အခုအချိန်က အီးယူအနေနဲ့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ထားမှုတွေကို ဖယ်ရှားပေးဖို့ အချိန်ကျနေပါပြီ။ မကြာမီလည်း ဖယ်ရှားပေးလိမ့်မယ်လို့မျှော်လင့်ပါတယ်"ဟု ၎င်းက မြန်မာတိုင်း(မ်) ကို ပြောသည်။

ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံအ ပေါ်တွင် ပိတ်ဆို့ထားမှုအချို့ကို ဖယ်ရှား ပေးထားပြီးဖြစ်ကာ ကျန်ရှိနေသေးသည့်ပိတ်ဆို့မှုများကို ဆက်လက်ဖယ်ရှားပေးရန်အတွက် ယခုကဲ့သို့ဆွေးနွေးရန် စီစဉ်ထား ခြင်းဖြစ်သည်။

ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့်အရာရှိဖြစ်သူ ကက်သရင်းအက်ရ်တွန်က "မြန်မာနိုင်ငံ အစိုးရနဲ့ ပြည်သူတွေကို ကျွန်မအရမ်းဝမ်းသာပါတယ်။ ကျွန်မတို့ က မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ် တွေကို ဆက်လက်ကူညီပံ့ပိုးပေးမှာဖြစ်ပြီး မြန်မာနိုင်ငံနဲ့လည်း နှစ်ဦးနှစ်ဖက် ဆက်ဆံရေးကို တိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်ပါတယ်" ဟု ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲအပြီး ပြောကြားခဲ့သည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်များနှင့် အခြားနိုင်ငံများဖြစ် သည့် အမေရိ ကန်နှင့် ဥရောပသမဂ္ဂအဖွဲ့တို့သည် ဧပြီ လ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲအား အောင်မြင်စွာ ကျင်းပနိုင်ခြင်းကို ကြိုဆို လိုက်ကြပြီး ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ပိတ်ဆို့ ထားမှုများကို ပြန်လည်လျှော့ပေါ့ရေးအတွက် သုံးသပ်ရာတွင် အပြု သဘောဆောင်သည့် ရလဒ်ကောင်း တစ်ခုဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။