ဒုက္ခသည်များ နေရပ်ပြန်ရန် နိုင်ငံသားခံယူခွင့် ပြန်လည်ရရှိရေး အရေးပါသည်ဟု ကုလ အတွင်းရေးမှူးချုပ် အလေးထားပြောကြား

ဆန်းဦး
အတွဲ ၂၉ ၊ အမှတ် ၅၆၇ (၄ - ၁၀ ၊ ၅ ၊ ၂၀၁၂)

ဆယ်စုနှစ်ပေါင်းများစွာ ပြည်တွင်း တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် နေရပ်ဒေသများမှ ထွက်ပြေးတိမ်းရှောင် နေကြရသည့် ဒုက္ခသည်များနေရပ်သို့ ပြန်လာနိုင်ရေးတွင် ၎င်းတို့အနေဖြင့် နိုင်ငံသားခံယူခွင့် ပြန်လည်ရရှိရေးမှာ အရေးပါသည်ဟု ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက ပြောသည်။

"ဘယ်တိုင်းရင်းသား လူမျိုးစုပဲဖြစ်ဖြစ် နိုင်ငံသား ပြန်လည်ခံယူခွင့်ရရှိသင့်ပါတယ်။ ဒါက အလွန်အရေးကြီးပါတယ်။ ရွှေ့ပြောင်း နေထိုင်နေကြရတဲ့သူတွေ မြန်မာနိုင်ငံသား ပြန်လည်ဖြစ်ခွင့်ဟာ ဒီကိစ္စနဲ့ ပတ်သက်ပြီးပြောကြရင် အစဦးဆုံး ဖြစ်ပါတယ်" ဟု ၎င်းက ဧပြီလ ၂၉ ရက် နေ့က နေပြည်တော် မြတ်တော်ဝင်ဟို တယ်တွင် ပြည်တွင်းစာနယ်ဇင်းငါးခုနှင့် သီးခြား တွေ့ဆုံရာတွင်ပြောသည်။

အဆိုပါ စစ်ဘေးကြောင့် ထွက်ပြေး တိမ်းရှောင်နေကြရသည့် ဒုက္ခသည်များ ပြည်တွင်းသို့ ပြန်လာရေးအတွက် နိုင်ငံသားခံယူခွင့် ပြန်လည်ရရှိရေးကိုလည်း သမ္မတဦးသိန်းစိန် အပါအ၀င် အခြား ခေါင်းဆောင်များနှင့် ဆွေးနွေးမှုများပြု လုပ်မည်ဟု ၎င်းက ပြောကြားသည်။

ဒုက္ခသည်များကို ကူညီရေးလုပ်ငန်း မှာ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အထောက်အကူအညီများ၏ တစ်စိတ်တစ်ဒေသ ဖြစ်ပြီး ပြည်တွင်းတွင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီးရုံး ကိုယ်စားလှယ်အပါအ၀င် အခြားကုလကိုယ်စားလှယ် ရုံးများလည်း ရှိနေပြီး ၎င်းတို့အားလုံးအနေဖြင့် အဆိုပါ ကိစ္စကို ကောင်းစွာသိရှိ နားလည် သဘောပေါက်ကြသည်ဟု မစ္စတာ ဘန်ကီမွန်းက ပြောသည်။

"ကျွန်တော်တို့အနေနဲ့ သူတို့ကို အကူ အညီများပေးရေးအတွက် ကျွန်တော်တို့ တတ်နိုင်သမျှ အကောင်းဆုံးဆောင်ရွက် ပေးသွားမှာ ဖြစ်ပါတယ်" ဟု ၎င်းက ပြောကြားသည်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ စာရင်းများအရ ပြည်တွင်း ပဋိပက္ခများကြောင့် ထွက်ပြေးနေကြရသည့် ဒုက္ခသည် ဦးရေမှာ လေးသိန်း ကျော်ခန့်ရှိကြောင်းသိရသည်။

လက်ရှိ ကချင်ပြည်နယ်တွင် ဖြစ်ပွား နေသည့် တိုက်ပွဲများကြောင့်လည်း နေရပ်များကို စွန့်ခွာထွက်ပြေးခဲ့ရသည့် ဒုက္ခသည် အရေ အတွက်မှာ ခုနှစ်သိန်းခွဲ ခန့်ရှိနိုင်သည်ဟု ခန့်မှန်းထားသည်။

ဒုက္ခသည်များကို ကူညီထောက်ပံ့ရေး လုပ်ငန်းများမှာလည်း နယ်မြေကန့်သတ် ချက်များ ရှိနေသေးသည်ဟုသိရသည်။

ပြည်တွင်းတွင် ဖြစ်ပေါ်နေသည့် လက်နက်ကိုင် ပဋိပက္ခများ ရပ်တန့်သွား စေရေးအတွက် မြန်မာအစိုးရက လက်ရှိ ဆောင်ရွက် နေသည့် အမျိုးသားပြန် လည်စည်းလုံး ညီညွတ်ရေးလုပ်ငန်းများ ဆက်လက်ပေါ်ထွန်းလာသည်ကို မြင် တွေ့ရန် မျှော်လင့် ထားသည်ဟုလည်း မစ္စတာဘန်ကီမွန်းက ပြောကြားသည်။

"ကရင်နဲ့ အပစ်အခတ်ရပ်စဲပြီးပါပြီ။ ကချင်နဲ့လည်း အပစ်အခတ်ရပ်စဲရေး မရနိုင်စရာအကြောင်းမရှိဘူးလို့ ကျွန်တော်ထင်ပါတယ်"ဟု ၎င်းက ပြောသည်။

ကေအိုင်အေအဖွဲ့နှင့် ငြိမ်းချမ်းရေး ရရှိရေးအတွက် မြန်မာအစိုးရ၏ ဆောင် ရွက်မှုများကို ကုလသမဂ္ဂအနေဖြင့် ကူညီ သွားမည်ဟု ဆိုသည်။

"ကျွန်တော်တို့အနေနဲ့ နည်းပညာ အကူအညီပေးနိုင်ဖို့ ဆောင်ရွက်သွားမှာ ဖြစ်သလို လိုအပ်ရင် ငွေကြေးအကူအညီတွေပါ ပေး သွားမှာ ဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။

လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာအကူအညီလိုအပ်နေသူအားလုံးထံ အကူအညီများ ဆက်လက်ပေးနိုင်ရေးအတွက် ကုလသမဂ္ဂအနေနှင့် တွန်းအားပေးသွားမည်ဟု၎င်းကပြောသည်။

လက်ရှိအချိန်တွင် အကူအညီပေးရေး လုပ်ငန်းများကို တစ်စိတ်တစ်ပိုင်း သာ လုပ်ဆောင်နိုင်သေးသော်လည်း နောက်ပိုင်းတွင် အကူအညီလိုအပ်နေ သူအားလုံးထံသို့ အကန့်အသတ်မရှိ ကူညီမှုပေးနိုင်ရန် လိုလားသည်ဟု မစ္စတာဘန်ကီမွန်းက ပြောသည်။