သက်တမ်း နှစ် ၂၀ ကျော်ကားများ မရှိတော့သည်အထိ ယာဉ်အိုယာဉ်ဟောင်းများ အပ်နှံမှုကို အမြဲတမ်း လက်ခံဆောင်ရွက်ပေးမည်

စုလှိုင်ထွန်း
အတွဲ ၂၉ ၊ အမှတ် ၅၆၇ (၄ - ၁၀ ၊ ၅ ၊ ၂၀၁၂)

ဖျက်စီးရန်အတွက် စုပုံထားသည့် မော်တော်ယာဉ်ဟောင်းများအား ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ ရွာမရှိ အမှတ်(၃)သံမဏိစက်ရုံတွင် တွေ့ရစဉ်။ ယာဉ်အိုယာဉ်ဟောင်းများ အပ်နှံမှုများကို ဧပြီလ ၂၃ ရက်နေ့မှ စတင်ခါ ပြန်လည်လက်ခံနေပြီ ဖြစ်ပြီး ယခုအခါ 'ပ' အက္ခရာအထိ လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ ၂၀၁၁ ခုနှစ် စက်တင်ဘာလက စတင်ခဲ့သည့် ယာဉ်ဟောင်းများအစားထိုး လဲလှယ်မှုအစီအစဉ်အရ တစ်နိုင်ငံလုံးတွင် ယာဉ်အိုယာဉ် ဟောင်းအစီးရေ ၄၈,၀၀၀ နီးပါးခန့် အပ်နှံကြပြီးဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ-ကောင်းထက်

ပြန်လည်အပ်နှံခွင့်ပြုလိုက်သည့် 'ဓ' အက္ခရာများနောက် 'ပ'၊ 'န' အက္ခရာများ နှင့် တစ်ဆက်တည်း ယာဉ်အိုယာဉ် ဟောင်းများကို သက်တမ်း ၂၀ ကျော်ကားများ မရှိသည်အထိ လက်ခံဆောင်ရွက် သွားမည်ဟု ဧပြီလ ၂၉ ရက်နေ့ စက်မှု ၀န်ကြီးဌာနတွင် ကျင်းပသည့် မီဒီယာနှင့်တွေ့ဆုံပွဲတွင် ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းက ပြောသည်။

ပြင်ပတွင်ထွက်ပေါ်နေသည့် 'ပ' အက္ခရာထိသာ လက်ခံသွားမည်ဆို သည့်သတင်းကို ငြင်းပယ်လိုက်ပြီး ယာဉ်အိုယာဉ်ဟောင်းအပ်နှံခြင်းကို အမြဲတမ်း လက်ခံဆောင်ရွက်သွားမည်ဟု သိရသည်။

"နောက်ပိုင်းကျရင် ကားဟောင်းကနေ ကားသစ်လဲတယ်ဆိုတာ မရှိ တော့ဘဲနဲ့ ကိုယ့်ဘာသာကိုယ် တန်းဝယ်နိုင်တဲ့ အဆင့်ထိရောက်အောင် သွားမယ်။ လမ်းကြောင်းပေါ် ရောက်နေပါပြီ။ မြန်မာနိုင်ငံမှာ သက်တမ်း ၂၀ ကျော် ကားမရှိသည်အထိ ဖြစ်သွားမှာပါ"ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောသည်။

ရန်ကုန်မြို့တွင် ဖြစ်ပွားနေသည့် အများပြည်သူသုံး ဘက်စ်ယာဉ်လိုင်း နှင့် ပတ်သက်၍ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းက "ရန်ကုန် မြို့က အလွန်တရာ ကြီးမားခက်ခဲတဲ့ ဘက်စ်လိုင်းပြဿနာပါ။ အားလုံးကလည်း ပြောနေပါပြီ။ ရန်ကုန်မှာ ကားစုတ်တွေလည်း မြင်မကောင်း ရှုမကောင်း ဖြစ်နေပါပြီဆိုတဲ့အကြောင်း၊ ဘက်စ်ကား တင်သွင်းတဲ့ကိစ္စမှာဆို အလေ့ အကျင့်ဖြစ်နေတာက ကားတွေ တင်သွင်းမယ်၊ ပြီးရင် ရောင်းစားမယ်ဆိုတဲ့ လူချည်း ဖြစ်နေပါတယ်။ ဖြစ်စေချင်တာက စင်ကာပူလို အများပိုင်ကုမ္ပဏီဖွင့်ပြီး လုပ်စေချင်ပါတယ်"ဟု ပြောသည်။

အဆိုပါ ဘက်စ်ကားတင်သွင်းကိစ္စ ရပ်များ၊ နိုင်ငံတကာအဆင့်မီ ဘက်စ် လိုင်းဖြစ်မြောက်ရေးနှင့် အများပိုင် ကုမ္ပဏီ ဖွင့်လှစ်ရေး တို့ကို ကြိုးစားနေသည်မှာ လေးငါးလရှိပြီဖြစ်သော်လည်း မအောင်မြင်သေးကြောင်းနှင့် ပြည်သူ လူထု ဒုက္ခမရောက်စေမည့် နည်းလမ်းကောင်းများဖြင့် မရှေးမနှောင်းကာလတွင် အမြန်ဆုံး အကောင်အထည်ဖော် သွားမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းက ပြောသည်။

နိုင်ငံစီးပွားရေးတိုးတက်ရန်အတွက် ပညာရှင်များ ဝေဖန်သုံးသပ်ချက်ဖြစ် သည့် မလိုအပ်သည့် လိုင်စင်များကို ချုပ်ကိုင်ထားပြီး ကားရှိခြင်းသည် ကုန်ဈေးနှုန်းများတက်ခြင်း၊ ငွေကျပ်ခြင်းများ ဖြစ်လာနိုင်သည်ဟု ဆိုသည်။

"သွင်းကုန်ပါမစ်တွေ အများကြီး လျှော့ထားပေးပါတယ်။ လျှော့စရာရှိတာတွေလည်း လျှော့ထားပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ ရိုးရိုးသားသား၊ စေတနာနဲ့ ဆောင်ရွက်စေချင်တယ်။ ဒီလိုမဟုတ်ရင် အံချော်သွားပြီး ပြည်သူ လူထုပဲ ဒုက္ခရောက်နိုင်တယ်ဆိုတာကို တွေ့ရပါတယ် "ဟု ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းက ပြောသည်။