မိုးထိမိုးမိဒေသ ရွှေလုပ်သားများဆန္ဒပြမှု ကုမ္ပဏီနှင့် ညှိနှိုင်းသဘောတူညီမှုရရှိ

ဝင်းကိုကိုလတ်
အတွဲ ၂၉ ၊ အမှတ် ၅၇၄ (၂၂ - ၂၈ ၊ ၆ ၊ ၂၀၁၂)

မိုးထိမိုးမိရွှေလုပ်ငန်းခွင်သို့သွားရာလမ်းကို တွေ့ရစဉ်။
ဓာတ်ပုံ-စိုးသန်းလင်း

ဇွန်လအစောပိုင်းက စတင်ခဲ့သည့် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိ ရွှေလုပ်သားများ၏ ဆန္ဒဖော်ထုတ် တောင်းဆိုမှုများမှာ ယခုလ ၁၄ ရက် နေ့တွင် အမျိုးသား ကြီးပွား တိုးတက်ရေးကုမ္ပဏီနှင့် ညှိနှိုင်းသဘောတူညီချက် ရရှိခဲ့သည်ဟု သိရသည်။

ဇွန်လ ၁ ရက်နေ့မှ ၅ ရက်နေ့အထိ ထောင်ပေါင်း များစွာသော ရွှေမိုင်းလုပ်သားများသည် မိုးထိမိုးမိ တောင်ထိပ်ရှိ အမျိုးသားကြီးပွား တိုးတက်ရေးကုမ္ပဏီ လီမိတက်ရုံးရှေ့တွင် ဆန္ဒပြခဲ့ကြကာ ဇွန်လ ၁၁ ရက်နေ့ အထိ တောင်းဆိုမှု မပြေလည်သဖြင့် ထောင်နှင့်ချီသော ရွှေတွင်းလုပ်သားများသည် ၁၀၅ မိုင် နီးပါး ကွာဝေးသည့် နေပြည်တော် သို့ ချီတက်လာစဉ် ရမည်းသင်းမြို့နှင့် ခုနစ်မိုင်ခန့်အကွာရှိ ရွှေမြင်တင် ဘုရားဝင်း အတွင်း၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပိတ်ဆို့မှုတားဆီးမှုကို ခံခဲ့ရသည်ဟု လုပ်သားများဘက်မှ ကူညီဆောင်ရွက်ပေးခဲ့သူ လွန်ခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် တစ်သီး ပုဂ္ဂလကိုယ်စားလှယ် အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဒေါ်မြင့်မြင့်အေးက ပြောသည်။

ဇွန်လ ၁၄ ရက်နေ့တွင်မူ အမျိုးသားကြီးပွားတိုးတက် ရေးကုမ္ပဏီဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်က လုပ်သားခေါင်းဆောင်များနှင့် လာရောက် ညှိနှိုင်းခဲ့ပြီး အကြီးဆုံးဇုန်ဖြစ်သည့် ဇုန်(၈)လုပ်ပိုင်ခွင့်နှင့် စုပေါင်းကြိတ်စက်များတွင်သာ ကြိတ်ရန်ဟူသည့် အချက်မှအပ ကျန်အချက် များသဘောတူညီချက်ရခဲ့သည်ဟု ၎င်းကပြောသည်။

"လုပ်သားတွေက သူတို့ကိုယ်တိုင်လည်း ကြိတ်စက်ရှိ တယ်။ ဇုန်(၈)ဆိုတာ ကလည်း ရွှေပိုထွက်တဲ့ဇုန်ဆိုတော့ သဘောတူညီမှု မရခဲ့ဘူး"ဟု ၎င်းက ပြောသည်။

ဇွန်လ ၁၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲ ခန့်တွင်မူ လုပ်သားများတောင်းဆိုသည့် အချက်ခြောက်ချက် စလုံးကို မန္တလေးတိုင်းဒေသကြီး အစိုးရ တာဝန်ရှိသူများ ၏ ကြားဝင်ဖြေရှင်းမှုကြောင့် ကုမ္ပဏီ တာဝန်ရှိသူများက လိုက်လျောခဲ့သည်ဟု ၎င်းက ပြောသည်။

ညနေ ၃ နာရီကျော်ခန့်တွင်မူ နှစ်ဖက်သဘောတူညီမှု စာချုပ် ချုပ်ဆိုခဲ့ပြီး ဆန္ဒပြနေစဉ်ကာလအတွင်း လုပ်သားများ၏နစ်နာမှုများကို ကုမ္ပဏီမှ တစ်လ အတွင်း ဖြေရှင်းပေးမည်ဟု စာချုပ်တွင်ပါရှိပြီး ၉၀ ရာခိုင်နှုန်းလောက် အောင်မြင်သည်ဟု ပြောလို့ရ ကြောင်း ၎င်းက ပြောသည်။

အလုပ်သမားများ တောင်းဆိုခဲ့ကြသည့်အချက်များ မှာ အင်း၊ အက်တာများကို ယခင်အတိုင်း ပြန်လည် ပြုပြင် အသုံးပြုရန်၊ အသေးစားစက်ယန္တရားများကို အသုံးပြုခွင့်ပြုရန်၊ ထုံးကြီးတောင်ဒေသရှိ ရွှေတွင်းများ ကို အင်းသားများအား အစုခွဲဝေရေးစနစ်ဖြင့် ခွဲဝေရန်၊ နစ်နာနေသော ရွှေလုပ်သားများကို နစ်နာကြေးပေးရန်၊ အသေးစားရွှေလုပ်ငန်းရှင်များနှင့် ရွှေလုပ်သားများ၏ အလုပ်ဆိုင်း ဆန္ဒပြရက်များအတွက် နစ်နာကြေးပြန် ပေးရန်၊ တောင်းဆိုချက်များကို ကတိစာချုပ်ချုပ်ဆိုရန် တို့ဖြစ်သည်။

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီလီမိတက် သည် ဧက ၆,၁၀၀ကျော်ရှိ မိုးထိမိုးမိဒေသရှိ ရွှေလုပ် ကွက်များအား နိုင်ငံတော် နှင့်အကျိုးတူ ငါးနှစ် တူးဖော် လုပ်ကိုင်ခွင့်ကို ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက် နေ့ကရရှိခဲ့ပြီး မိတ်ဖက်ကုမ္ပဏီ ၂၈ ခုတို့နှင့် ဇုန် ၁၂ ခု ခွဲကာ ဆောင်ရွက်နေသည်။ ယခင်ကတည်းက လုပ်ကိုင် ခဲ့ကြသည့် ပြင်ပရွှေလုပ်ငန်းရှင်များ အပါအ၀င် ဖြုန်း အစုစား အင်းသားများအား အဆိုပါမိတ်ဖက်ကုမ္ပဏီ များမှတစ်ဆင့် ဖိတ်ခေါ်ကမ်းလှမ်းကာ ဆောင်ရွက်ခဲ့ပြီး မေလ ၅ ရက်နေ့မှစတင်ခါ လုပ်ငန်းများကို ရုတ်တရက် ရပ်ဆိုင်းစေခဲ့ခြင်းကြောင့် ယခုကဲ့သို့ ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။