အငြင်းပွား မြေယာဥပဒေများ ဆက်လက် ပြင်ဆင်သွားမည်
အတွဲ ၂၉ ၊ အမှတ် ၅၇၅ (၂၉ ၊၆ - ၅ ၊၇ ၊ ၂၀၁၂)
ပြည်ထောင်စုလွှတ်တော်က မကြာသေး ခင်က အတည်ပြုခဲ့ပြီး ပညာရှင်များ အကြား အငြင်းပွားဖွယ်ဖြစ်လျက်ရှိသည့် မြေအသုံး ချမှုဆိုင်ရာ ဥပဒေများကို အသစ်တွေ့ရှိသည့် အချက်များပေါ် မူတည်၍ ဆက်လက်ပြုပြင်သွားမည်ဖြစ်ကြောင်းနှင့် တည်ဆဲနှင့် ယင်းပြဋ္ဌာန်းပြီး ဥပဒေများပါ တောင်သူလယ်သမားများ မရသေးသည့် အခွင့်အရေးများကို ရရှိရန် ဆောင်ရွက်မည်ဟု ပြုပြင် ပြောင်းလဲ ရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်မှု စိစစ် ရေး ပြည်သူ့လွှတ်တော်ကော်မတီဥက္ကဋ္ဌ ဦးအောင်သိန်းလင်းက ပြောသည်။
ဇွန်လလယ်က သွားရောက်ခဲ့သည့် ကော်မတီ၏ အပူပိုင်းဒေသခရီးစဉ် အတွင်း ထောင်ချီသည့် တောင်သူလယ် သမားများထံမှ တိုင်ကြားပြောဆိုမှု အမြောက်အမြား လက်ခံရရှိခဲ့ကြောင်း နှင့် တောင်သူလယ်သမားများနှင့် ပတ် သက်၍ မြေယာလုပ်ပိုင်ခွင့်ဆိုင်ရာ ပြဿနာ၊ စိုက်ပျိုးရေရရှိမှု၊ တောင်သူ လယ်သမားများထံမှ စိုက်ပျိုးမြေများကို ဦးပိုင် လွှဲပြောင်းသိမ်းယူကာ ပိုင်ဆိုင်မှုပြ လျက် ၎င်းတောင်သူလယ်သမားများကိုပင် သီးစားအဖြစ် ပြန်လည်လုပ်ကိုင်စေ ကာ အကျိုးအမြတ်ယူနေမှုများရှိသည်ကို တွေ့မြင်ခဲ့ရ ကြောင်း ဇွန်လ ၂၂ ရက်က ပြုလုပ်သည့် ခရီးစဉ်ဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ပြောသည်။
"ဒီဟာတွေကို ပြုပြင်ပြောင်းလဲဖို့ လွှတ်တော်ထဲမှာလည်း ဆောင်ရွက်သွား မှာဖြစ်သလို တိုင်းဒေသကြီး အစိုးရအဖွဲ့ ကိုလည်း ဆက်သွယ်ဆောင်ရွက်ပါမယ်။ မကြာသေးခင်ကထုတ်ခဲ့တဲ့ မြေလွတ် မြေလပ်ဥပဒေမှာလည်း ဒီအနှစ်သာရ တွေထည့်နိုင်ဖို့ ပြန်ပြီးလေ့လာသုံးသပ်ဖို့ ဆောင်ရွက်ပါမယ်။ ဒါက စနစ်နဲ့ပတ် သက်ပြီး ပြန်ပြုပြင်ပြောင်းလဲပေးရမယ့် ဟာတွေ၊ လွဲမှားနေတာတွေ ဖြစ်ပါ တယ်။ ဒါကို ပြုပြင်ပြောင်းလဲဖို့ ကျွန်တော် တို့ကြည့်မယ်"ဟု ပြည်ထောင်စု ကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ရန်ကုန်တိုင်း ဒေသကြီး တာဝန်ခံဖြစ်သည့် ၎င်းက ပြောသည်။
ပြင်ဆင်မည့်အချက်များ၊ မည်ကဲ့သို့ ပြင်ဆင်မည်ဆိုသည်များကို အသေး စိတ် ပြောဆိုခြင်းမရှိပေ။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက တင်သွင်းပြီး မတ်လအတွင်း ပြည်ထောင်စုလွှတ်တော်က အတည်ပြု ခဲ့သည့် လယ်ယာမြေဥပဒေတွင်လည်း အသစ်တွေ့ရှိသည့် အချက်များပေါ် မူတည်၍ လွှတ်တော်တွင်တင်ပြကာ အများဆုံးဖြတ်ချက်နှင့် ဆောင်ရွက်မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။
"လယ်ယာမြေဥပဒေမှာလည်း ထုတ် ပြန်ထားပြီးပြီဆိုပေမယ့် သဘာဝကျတဲ့ ဟာတွေ၊ မြေပြင်မှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဟာတွေကို ခိုင်ခိုင်လုံလုံ တည်ဆောက် ပြီး လွှတ်တော်ထဲမှာ ဆွေးနွေးတိုင်ပင် ပြီးတော့မှ ဆုံးဖြတ်မယ်ဆိုရင် ထပ်ဖြည့် လို့လည်းရတယ်။ ပြင်လို့လည်းရတယ်။ "အခြေအနေတွေကို များများလေ့ လာရင် ထူးခြားတဲ့ အခြေအနေတွေ၊ ဒါ့ ထက်ပိုပြီး ထဲထဲဝင်ဝင် ပိုပြီးသိ လာမယ်။ သိလာတဲ့အချက်အလက်ပေါ် မူတည်ပြီး ကိုယ့်ရေမြေအခြေအနေ၊ ကိုယ့်လူမျိုး အခြေအနေနဲ့ လိုက်လျောညီထွေဖြစ် မယ့် အချက်အလက်တွေကို တွေ့လာလို့ ရှိရင် တွေ့တဲ့အခြေအနေပေါ်မှာ မူတည် ပြီး လွှတ်တော်မှာ ဆက်တင်ပြပြီး အများ ဆုံးဖြတ် ချက်နဲ့ ဆောင်ရွက်သွားမှာ ဖြစ် ပါတယ်" ဟု ၎င်းက ပြောသည်။
တောင်သူလယ်သမားများနှင့် ကုမ္ပဏီ များ၏ မြေယာပိုင်ဆိုင်မှုဆိုင်ရာ အငြင်း ပွားမှုများ ပေါ်ပေါက်လျက်ရှိသည့် ရွှေပြည်သာ မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီးတင်မောင်ဦး (ငြိမ်း)က လယ်ယာမြေဥပဒေနှင့် ပတ် သက်၍ ဆက်လက် ဆောင်ရွက်သွား မည်ဟု ပြောသည်။
"ဥပဒေရဲ့သဘောက အရှင်ဖြစ်ပါ တယ်။ လယ်ယာမြေဥပဒေကို ကျွန်တော် ကိုယ်တိုင် ၂၆ ကြိမ် ဆွေးနွေးပြီး လိုက်ပြင် ခဲ့ပါတယ်။ ပြည်သူလူထုကိုမေးပြီးတော့ ပြည်သူက ဖြစ်သင့်တယ်လို့ ပြောတာ ကို လိုက်ပြင်ပါတယ်။ "ဥပဒေတစ်ခု ပြုတိုင်းပြုတိုင်းမှာ ဘက်စုံ ထောင့်စုံကနေ ထင်သာ မြင်သာ နဲ့ လေ့လာဖို့လိုပါတယ်။ ဒါတွေကို ထည့် ပေးလိုက်ရင်တော့ ဥပဒေက အသက် ရှည်တာပေါ့။ အကုန်လုံး မမြင်ဘဲနဲ့ တချို့ ပဲ ထည့်ပေးလိုက်ရင် ဥပဒေက အသက် တိုပါတယ်။ "တိုတဲ့အခါမှာ ပြည်သူလိုအပ်ချက် ပြည့်စုံအောင် ဒီဥပဒေကို ပြန်ပြီးတော့ အသက်သွင်းရပါတယ်။ ဒီနေ့ပေါ်သွား တဲ့ လယ်ယာမြေဥပဒေက အဲဒီနေ့က အနေအထားနဲ့ ကောင်းရင် ကောင်း မယ်။ အခု ပြည်သူကြား သွားပြီး ပြန် လာတဲ့အနေအထားနဲ့ဆိုရင် လွဲချက် တွေ ရှိချင်လည်း ရှိနေဦးမှာပဲ။ ရှိနေ ရင် ပြောင်းလဲနေတဲ့အပေါ် မူတည်ပြီး ဒါကို ပြန်ပြင်ရမှာ။ မပြင်လို့မရဘူး။ ပြင်သင့်တာတွေက ထပ်တွေ့လေ ပြင်လေ၊ ထပ်တွေ့လေ ပြင်လေပဲ" ဟု ၎င်းက ပြောသည်။
ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်း ထားသည့် မြေအသုံးချမှုဆိုင်ရာ ဥပဒေ နှစ်ရပ်သည် တောင်သူလယ်သမားများ၊ ပြည်သူ ပြည်သား အများစုအတွက် ပြည့်စုံလုံလောက်မှု မရှိကြောင်း၊ မူဝါဒ ရေးရာ အငြင်းပွားဖွယ်ရာများ ပါဝင် ကြောင်း၊ ပညာရှင်များကြား ဝေဖန်မှုများ ဖြစ်ပေါ်လျက်ရှိပြီး နိုင်ငံတည်ဆောက် ရာတွင် မှန်ကန်သော လယ်ယာမြေမူဝါဒ ချမှတ်နိုင်ရန် အရေးကြီးကြောင်း မြန်မာ နိုင်ငံသို့ လာရောက်ခဲ့သည့် ကမ္ဘာကျော် စီးပွားရေးပညာရှင်များစွာကလည်း အကြံပေးပြောကြားခဲ့သည်။
စီးပွားရေးပညာရှင် ဂျိုးဇက်စတစ် ဂလစ်က လယ်ယာမြေ ဥပဒေတစ်ရပ် ရှိရန်မှာ မဖြစ်မနေလိုအပ်ဟု ပြော ကြားခဲ့သည်။
