လမ်းများပေါ် သစ်လုံးတင်ယာဉ်များ ဖြတ်သန်းခွင့်ပိတ်လိုက်ခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့

စုလှိုင်ထွန်း
အတွဲ ၂၉ ၊ အမှတ် ၅၇၅ (၂၉ ၊၆ - ၅ ၊၇ ၊ ၂၀၁၂)

ဖြတ်သန်းခွင့်ပိတ်ပင်လိုက်သဖြင့် သစ်လုံးတင်ယာဉ်များ
စစ်ဆေးရေးဂိတ်တွင် ရပ်နားထားရစဉ်။
ဓာတ်ပုံ-စုလှိုင်ထွန်း

ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းက ထုတ်ပြန်လိုက်သည့် မိုးတွင်းကာလ၊ လမ်းခံနိုင်ဝန် ကျဆင်းနေသည့် အချိန်တွင် သစ်လုံး တင်ကားများ ဖြတ်သန်းသွားလာခွင့်မပြုရန် တိုင်းဒေသကြီးများသို့ ညွှန်ကြားချက်ကို ဇွန်လ ၁၉ ရက်နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။

ထိုသို့ ဆောင်ရွက်ချက်များကြောင့် သစ်များစွာထွက်ရှိသည့် ရှမ်း/တောင် ဒေသ၏ ဟဲကယ်ဂိတ်၊ ကလောဂိတ်၊ ပြည်ညောင်ဂိတ်၊ ဘုရားငါးဆူဂိတ် တို့ တွင် ဇွန်လ ၁၇၊ ၁၈၊ ၁၉ ရက်တို့တွင် ယာဉ်စီးရေများစွာ ယာဉ်ကြော ပိတ်ဆို့မှု များဖြစ်ခဲ့သည်ဟု သယ်ယူပို့ဆောင်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။

"ဟဲကယ်ဂိတ်မှာ စီးရေ ၁၀၀ လောက် ရှိတယ်။ ကလောမှာလည်း စီးရေ ၆၀ လောက်နဲ့ မိုင်သုံးမိုင်လောက်တောင် ကားတန်းကြီးက ရှည်လျားပြီး သုံးနာရီ လောက် လမ်းပိတ်ဆို့မှုတွေ ဖြစ်ခဲ့ပါတယ်"ဟု သယ်ယူပို့ ဆောင်ရေးလုပ်ကိုင်သူတစ်ဦးက ဇွန်လ ၁၉ ရက်နေ့က မြန်မာတိုင်း(မ်)ကို ပြောသည်။

သစ်လုံးတင်ယာဉ်များ ဖြတ်သန်းခွင့် ပိတ်လိုက်သည့်အတွက် တခြားကုန်တင် ယာဉ်များနှင့် သစ်လုံးတင်ယာဉ်တချို့တို့ မှာ နောက်ဆက်တွဲဖြစ်ရပ်များအဖြစ် အငြင်းပွားမှုများဖြစ်ပွားခဲ့သည်။

"ဒါက မဖြစ်သင့်ပါဘူး။ သစ်တင်လာပေမယ့် လမ်း/တံတားက သတ်မှတ်ထားတဲ့ အာဆီယံစံနှုန်းအတိုင်းဘဲ တင်တာပါ။ သစ်လုံး မဟုတ်တဲ့ သစ်ခွဲသားယာဉ်ကို ဖြတ်သန်းခွင့်ပေးလိုက်တဲ့အတွက် ရမည်းသင်းဂိတ်မှာလည်း နည်းနည်း ပူညံပူညံ ဖြစ်သွားတယ်လို့ ကားဆရာ တွေက လှမ်းပြောပါတယ်"ဟု ရပ်စောက် မြို့မှ ထွက်ခွာလာသည့် သစ်လုံးတင် ယာဉ်မောင်းတစ်ဦးက ပြောသည်။

ကလောဂိတ်တွင် သုံးနာရီကြာယာဉ် ပိတ်ဆို့မှုများ ဖြစ်ပွားပြီး ယာဉ်ကြောပိတ် ဆို့မှုများ ထပ်မံဖြစ်ပွားခြင်းမရှိရန် ၀င်ရောက် ဆွေးနွေးသည့် သယ်ယူပို့ဆောင် ရေးလုပ်ငန်းရှင်တစ်ဦးက "လမ်းပိတ်တာ တွေ ဒီထက်မဖြစ်အောင်၊ အများပြည်သူ တွေလည်း စိတ်အနှောင့်အယှက်မရှိ အောင် ကျွန်တော်တို့က အတတ်နိုင်ဆုံး ညှိနှိုင်းခဲ့တာပါ။ ဒါကိုပဲ ကလောဂိတ် ဆောက်လုပ်ရေး အင်ဂျင်နီယာကြီးက ရှေ့ဂိတ်က ခွင့်ပြုချက်မပါဘဲ ထွက်လာတဲ့အတွက် တည်ဆဲဥပဒေအရ တရားစွဲ မယ်လို့ပြောပါတယ်"ဟု ပြောသည်။

ကလောဂိတ်ရောက် သစ်လုံးတင်စီး ရေ ၄၀ ခန့်ကို ဆောက်လုပ်ရေးဝန်ကြီး ဌာန၏ တာဝန်ရှိသူများက ဓာတ်ပုံရိုက် မှတ်တမ်း တင်ခြင်းနှင့် နောက်နောင်တွင် ဤယာဉ်သည် သစ်လုံးများတင်ဆောင် ကာ ဖြတ်သန်းခြင်းမပြုပါဟု ခံဝန်ကတိ ရေးထိုးခဲ့ရသည်ဟု သိရသည်။

"ဒီနောက်နောင်တွင်ဆိုတဲ့ ကိစ္စနောက်မှာ ပျက်သွားနိုင်တဲ့ဘ၀တွေ အများကြီးရှိတယ်ဆိုတာ သိစေချင်တယ်။ လတ်တလောအနေနဲ့ ဒီဖြတ်သန်း ဂိတ်တွေမှာ ပိတ်ဆို့နေတဲ့ ယာဉ်မောင်းတွေ ယာဉ်နောက်လိုက်တွေနဲ့ မိသားစုတွေ သူတို့တွေမှီခိုနေတဲ့ လုပ်ငန်းရှင်က ဒီပုံနဲ့ဆို လေးငါးရက်အတွင်းမှာ ဒေ၀ါလီ ခံသွားနိုင်ပါတယ်"ဟု ယာဉ်ပိုင်ရှင် တစ်ဦးက ပြောသည်။

"ယာဉ်ပိတ်ဆို့မှုတွေ များလာလွန်းလို့သာ လက်မှတ်ထိုးပြီးသွား ခွင့်ပြုတာပါ။ နောက်တစ်ဂိတ်ကတော့ ဖြတ်သန်းသွားသမျှ ဂိတ် အလိုက်က အရေးယူသွားမယ် လို့ ပြောပါတယ်"ဟု ယာဉ်မောင်းတစ်ဦး က ပြောသည်။

အဆိုပါထုတ်ပြန်ချက်ကြောင့် ယာဉ် ပိတ်ဆို့မှုများကြောင့် ၂၁ ရက်နေ့တွင် အထက်ပါယာဉ်ဂိတ်များတွင် မနက် ၆ နာရီမှ ည ၆ နာရီအတွင်း ပြန်လည် ဖြတ်သန်းခွင့်ပြုလိုက်သည်ဟုသိရသည်။

"ထုတ်ပြန်ချက်တွေအတွက် ဘာမှ စောဒကမတက်လိုပါဘူး။ ဒါပေမယ့် အချိန်သတ်မှတ်ချက်လေးတစ်ခုတော့ ပေးသင့်တယ်"ဟု ပို့ဆောင်ရေးလုပ်ငန်း ရှင်တစ်ဦးက ပြောသည်။