လေးအိမ်စုကျေးရွာ မင်္ဂလာ ဗုဒ္ဓဘာသာသင်တန်း ကျောင်းဖွင့်လှစ်

ချယ်ရီသိန်း
အတွဲ ၂၉ ၊ အမှတ် ၅၇၅ (၂၉ ၊၆ - ၅ ၊၇ ၊ ၂၀၁၂)

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့ နယ်၊ လေးအိမ်စုကျေးရွာ မင်္ဂလာဗုဒ္ဓ ဘာသာ သင်တန်းကျောင်းတွင် ယခု ဇွန်လမှစတင်၍ သင်တန်းများ သင်ကြား ပေးနေကြောင်း လေးအိမ်စု ကျေးရွာ မင်္ဂလာ ဗုဒ္ဓဘာသာအသင်းမှ သိရသည်။

"အခု သင်တန်းကျောင်း အကြမ်းထည် ပြီးသွားလို့ တက္ကသိုလ်ဝင်တန်းအောင်နဲ့ ဘွဲ့ရလူငယ်တွေအတွက် အင်္ဂလိပ်ဘာသာ စကား သင်တန်းတွေ စသင်နေပြီ။ ပရဟိတစိတ်ဓာတ်အပြည့် နဲ့ လူထုအကျိုးပြုလုပ်ငန်းတွေကို ဦးဆောင်နိုင်တဲ့ လူတော်လူကောင်း၊ ခေါင်းဆောင်ကောင်း၊ အသိုင်းအ၀ိုင်း ကောင်းတွေ ပေါ်ထွန်းလာဖို့ ရည်ရွယ် တယ်။ အကျင့်စာရိတ္တကောင်းတဲ့ လူကောင်းအရည် အချင်းနဲ့ ပြည့်စုံရင် တိုင်းပြည် ငြိမ်းချမ်းရေးအတွက် အထောက်အကူပြုမယ်။ ပညာဉာဏ် ပြည့်စုံတဲ့ လူတော်တွေက တိုင်းပြည်တိုး တက်ဖွံ့ဖြိုးမှုမှာ ပံ့ပိုးပေးနိုင်မှာပါ"ဟု လေးအိမ်စု ဗုဒ္ဓဘာသာ မင်္ဂလာအသင်း မှ အတွင်းရေးမှူးဆရာလေး ဒေါ်ဟေမာ စာရီက မြန်မာတိုင်း(မ်)ကို ပြောသည်။

ကျောင်းပညာရေးတွင် အထောက် အကူဖြစ်စေရန်အတွက် အင်္ဂလိပ်စာ၊ သင်္ချာဘာသာရပ်များကိုလည်း သင် ကြားပေးလျက် ရှိသည့်အပြင် ယခုလမှ စတင်ခါ အထွေထွေဗဟုသုတ ဘာသာ ရပ်များကိုပါ ထည့်သွင်းသင်ကြားပေး သွားမည်ဖြစ်ကြောင်း အဆိုပါကျောင်းမှ လုပ်အားပေးဆရာ စောသန်းအောင်ကြီး က ပြောသည်။

"အတန်းစာ အင်္ဂလိပ်၊ သင်္ချာအပြင် တက္တသိုလ်ဝင်တန်းအောင်နဲ့ ဘွဲ့ရ ကလေးအတွက် နေ့စဉ်သုံး ဘာသာ စကား အင်္ဂလိပ်စာ ရေး၊ ဖတ်၊ ပြော၊ နားထောင်တာ ကျွမ်းကျင်အောင် သင် ကြားပေးသွားမယ်။ ဒီအနီးတစ်ဝိုက်ရွာ တွေက ကလေးတွေမှာ ဘွဲ့ရတွေ အများ ကြီးရှိတယ်။ ဒါပေမယ့် မြို့မှာအလုပ်ရဖို့ သူတို့မတိုးနိုင်ကြဘူး။ ဘွဲ့ရအောင်အထိ ပညာသင်ပြီး မိဘလက်ငုတ်လက်ရင်း ဖြစ်တဲ့ လယ်ထဲ၊ ကိုင်းထဲပဲ ပြန်ဆင်းနေကြ တယ်။ ဘာကြောင့်လဲဆိုတော့ အင်္ဂလိပ် စာကြောင့်ပဲ။ အသုံးချအင်္ဂလိပ်စာကို တတ်ဖို့လိုတယ်" ဟု၎င်းကပြောသည်။

သင်တန်းကျောင်းမှ ကလေးများ အသိပညာနှင့် အထွေထွေဗဟုသုတ များ တိုးတက်လာစေရန်အတွက် ပညာ သင်ဆု ထောက်ပံ့ ပေးခြင်းများလည်း ပြုလုပ်သွားမည်ဖြစ်ပြီး ပထမခြေလှမ်း အဖြစ် ရန်ကုန်မြို့သို့ ပို့လွှတ်၍ထူးချွန်ရာ ပညာများ သင်ကြားပေး သွားမည်ဟု ဒေါ်ဟေမာစာရီက ပြောသည်။

လေးအိမ်စု ဗုဒ္ဓဘာသာမင်္ဂလာ အသင်းမှ ၃၈ ဖြာမင်္ဂလာတရားကို အခြေ ခံ၍ လူငယ်၊ လူရွယ်များ မင်္ဂလာတရား တော်နှင့်အညီ ကျင့်ကြံနေထိုင်နိုင်စေ ရန်အတွက် ဗုဒ္ဓကလျာဏယုဝအသင်း (ရန်ကုန်)၏ အကူအညီဖြင့် မင်္ဂလာ တရားတော် ပြန့်ပွားရေးအတွက် သင်တန်းများ ဖွင့်လှစ်ပေးခဲ့သည်။

အလားတူ ဧရာဝတီတိုင်းဒေသကြီးမှ မြို့နယ်များအပြင် ကယား၊ ချင်းပြည်နယ် နှင့် ထားဝယ်မြို့နယ်တို့တွင်လည်း သင်တန်းများ အလှည့်ကျဖွင့်လှစ်ပေး လျက်ရှိကြောင်း သိရသည်။