ခရီးသွားလုပ်ငန်းတွင် ဆောင်ရန်ရှောင်ရန်များစာအုပ် ထုတ်ဝေမည်

ယုယုမော်
အတွဲ ၂၉ ၊ အမှတ် ၅၇၆ (၆ - ၁၂ ၊ ၇ ၊ ၂၀၁၂)

ဂျာမနီနိုင်ငံ Hanns Seidel Foundation မှ ခရီးသွား လုပ်ငန်းဆိုင်ရာကျွမ်းကျင်သူ Dr Ms.Adrea Valentin ၏ အကူအညီဖြင့် ခရီးသွားလုပ်ငန်းတွင် ဆောင်ရန် ရှောင်ရန်လမ်းညွှန်ချက်များ ပါဝင်သော Tourism Best Practice Guidelines-Cartoon Project လက်စွဲစာအုပ်ကို ထုတ်ဝေသွားမည်ဖြစ်သည်။

အဆိုပါ ကာတွန်းပုံစံ လက်စွဲစာအုပ်သည် အထူး စိတ်ဝင်စားဖွယ်ကောင်းသည့် လက်စွဲစာစောင်တစ်ခု ဖြစ်လာမည်ဟု ယုံကြည်ပါ ကြောင်းနှင့် ၀န်ကြီးဌာန အနေဖြင့်လည်း ၎င်းလက်စွဲစာအုပ်ကို A Guide To Travel In the Union of Myanmar ခေါင်းစဉ်ဖြင့် ထုတ်ဝေသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးဌေးအောင်က ဇွန်လ ၂၉ ရက်နေ့က ပြောသည်။

လက်စွဲစာစောင်တွင် ခေါင်းစဉ်ငယ်များခွဲထားမည် ဖြစ်ပြီး ခေါင်းစဉ်များတွင် ဘာသာရေးဆိုင်ရာ ဓလေ့ ထုံးစံများ၊ ယဉ်ကျေးမှုဆိုင်ရာ ဓလေ့ထုံးစံများ၊ ဘေးကင်း လုံခြုံရေးဆိုင်ရာများ၊ ကျေးရွာများသို့ လည်ပတ်သည့် ခရီးစဉ်များ၊ အခွန်ပေးဆောင်ခြင်းကိစ္စများ၊ ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေး၊ ယာယီတည်းခိုရာများတွင် နေထိုင်ခရီးစဉ်များ၊ ခရီးစဉ်အလိုက် သယ်ယူ ပို့ဆောင်ရေးကိစ္စရပ်များကို ဖော်ပြမည်ဖြစ်သည်။

'ဒီစာအုပ်မှာလိုအပ်တဲ့ ကာတွန်းရေးဆွဲမှုတွေကို ကာတွန်းဆရာအော်ပီကျယ်အပြင် တခြား ကာတွန်းရေးဆရာတွေနဲ့ Dr Ms Andrea Valentin တွေ့ဆုံဆွေးနွေးပြီးပါပြီ။ ထုတ်ဝေနိုင်ဖို့စီစဉ်နေတုန်းပါ" ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ အတွင်းရေးမှူး ဦးကြည်သိန်းကိုက ပြောသည်။