ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်အား ဒု-သမ္မတနေရာအတွက် အဆိုတင်သွင်း၊ ဇူလိုင် ၁၆ တွင် ဒု-သမ္မတသစ်ကို အတည်ပြုနိုင်မည်

စိုးသန်းလင်း
အတွဲ ၂၉ ၊ အမှတ် ၅၇၇ (၁၃ - ၁၉ ၊ ၇ ၊ ၂၀၁၂)

ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ။
ဓာတ်ပုံ - မြန်မာတိုင်း(မ်)

တပ်မတော်သားကိုယ်စားလှယ် အစု အဖွဲ့က ဇူလိုင်လ ၉ ရက်၌ ရွေးချယ်ခဲ့ကာ ၁၀ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့ ထားပြီးဖြစ်သော ဒုတိယသမ္မတသစ်အမည်ကို ၁၆ ရက်နေ့ ၌ ပြည်ထောင်စုလွှတ်တော်က အတည်ပြု ထုတ်ပြန်နိုင်မည်ဟု လွှတ်တော်ရုံး တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

"စတုတ္ထပုံမှန်အစည်းအဝေး စတင်တဲ့ ဇူလိုင် ၄ ရက်နေ့ ပြည်ထောင်စု လွှတ် တော်အစည်းအဝေးမှာ နာယကဦးခင် အောင်မြင့်က မှာကြား ခဲ့တဲ့အတိုင်း ဒုတိယသမ္မတအမည်စာရင်းကို တပ် မတော်သား ကိုယ်စားလှယ်အစုအဖွဲ့က ဇူလိုင် ၁၀ ရက်နေ့ နောက်ဆုံးထားပြီး ပြည်ထောင်စုလွှတ်တော် နာယကထံ ပေးပို့ခဲ့ပြီးပါပြီ။ "ဦးခင်အောင်မြင့် က နိုင်ငံခြားခရီးစဉ် က ပြန်မရောက်သေးပါဘူး။ ၁၂ ရက်နေ့ကျမှ ပြန်ရောက်မှာဖြစ်လို့ ၁၆ ရက်နေ့မှာ ကျင်းပမယ့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးကျမှ ဒုတိယသမ္မတသစ် ရဲ့အမည်ကို အတည်ပြုထုတ်ပြန်နိုင်မှာ ဖြစ်ပါတယ်"ဟု လွှတ်တော်ရုံးမှ အရာရှိ တစ်ဦးက ပြောကြားသည်။

တပ်မတော်သားကိုယ်စားလှယ်များ အစုအဖွဲ့က ဇူလိုင် ၉ ရက်နေ့တွင် အပြီး ရွေးချယ်ခဲ့သော ဒုတိယသမ္မတသစ်မှာ ရန်ကုန်တိုင်း ဒေသကြီး၏ ၀န်ကြီးချုပ် တာဝန်ကိုယူထားသော ယခင်က ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်းဖြစ်ခဲ့သူ ဦးမြင့်ဆွေ ဖြစ်သည်ဟု ပြည်သူ့လွှတ်တော် တပ်မတော်သားကိုယ်စားလှယ်တစ်ဦး က ပြောကြားသည်။

ကျန်းမာရေးအခြေအနေအရ မိမိ သဘောဆန္ဒဖြင့် နုတ်ထွက်သွားခဲ့သော ဒုတိယသမ္မတဟောင်း သီဟသူရ ဦးတင်အောင်မြင့်ဦး၏ နေရာတွင် ရွေးချယ်ခန့်အပ်ရန် တပ်မတော်သား ကိုယ်စားလှယ်များအစုအဖွဲ့က မည်သူ တို့အား လျာထားပါသလဲဟူသော ထင်ကြေး အမျိုးမျိုးပေးခဲ့သည့် လွန်ခဲ့ သော ၁၀ ရက်အတွင်း၌ ဒုတိယသမ္မတ အလောင်းအလျာ ဖြစ်နိုင်ခြေရှိသူတို့၏ အမည်စာရင်းများလည်း ပေါ်ထွက်ခဲ့ပြီး ဖြစ်သည်။

ထိုသူတို့ထဲတွင် ဦးမြင့်ဆွေလည်း ပါဝင်ခဲ့ပြီး ၎င်းနှင့်အတူ ဖြစ်နိုင်ခြေ အလားအလာကောင်းသူတို့မှာ သူရဦးရွှေမန်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး လှဌေး ၀င်း၊ ဦးဌေးဦး၊ ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ ဒုတိယဗိုလ်ချုပ်ကြီး ဉာဏ်ထွန်း၊ ဦးတင်အေး စသည့် ပုဂ္ဂိုလ်များ ဖြစ်ကြသည်။

"ဒုတိယသမ္မတဖြစ်နိုင်သူတွေထဲမှာ လွှတ်တော် ကိုယ်စားလှယ်တွေထဲကလည်း ဖြစ်နိုင်သလို အပြင်က လူတွေလည်းဖြစ်နိုင်တာပါပဲ။ အရေးကြီး တာက တကယ်လုပ်နိုင်မယ့်လူကို ရွေးပေးဖို့ပဲ လိုတယ်။ ကျွန်တော်တို့ပါတီအနေနဲ့တော့ ဘယ်သူပဲလာလာ ကျွန်တော် တို့ရဲ့ ရည်မှန်းချက် တွေ အောင်မြင်ဖို့အတွက် ဒီအတိုင်းလုပ်ပါ လို့တော့ ကျွန်တော်တို့ တိုက်တွန်းရမှာပေါ့"ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးက မြန်မာတိုင်း(မ်)ကို ပြောသည်။

"သီဟသူရဦးတင်အောင်မြင့်ဦး နာမကျန်းဖြစ်စဉ်တုန်းက အလားအလာရှိသူတွေရဲ့ နာမည်တွေ ထဲမှာ ဒုတိယ ဗိုလ်ချုပ်ကြီး လှဌေးဝင်းနဲ့ ဦးမြင့်ဆွေ တို့ ပါခဲ့ပါတယ်။ ဘယ်သူအနားယူရင် ဘယ်သူဝင်ရမယ်ဆိုတဲ့ well plan ချထားပြီးသားလို့ ကျွန်တော် ယူဆပါတယ်။ တကယ်လို့ ဦးမြင့်ဆွေသာဆိုရင်လည်း တာဝန်တစ်ခုကို ပေးအပ်တဲ့အတိုင်း ရအောင်လုပ်နိုင်သူပါပဲ။ ပျော့ပျော့ ပျောင်းပျောင်း လုပ်ပါဆိုရင်လည်း လုပ်နိုင်သလို၊ မာမာလုပ်ဖို့ မှာရင်လည်း လုပ်နိုင်သူဖြစ်တယ်လို့ ကျွန်တော် မြင်ပါတယ်"ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က သူ့အမြင်ကို ပြောကြားသည်။