ရေတံခါး နွံအနည်ထိုင်၍ လယ်မြေများရေမြုပ်
အတွဲ ၂၉ ၊ အမှတ် ၅၇၈ (၂၀ - ၂၆ ၊ ၇ ၊ ၂၀၁၂)

ရေတံခါး နွံအနည်ထိုင်မှုကြောင့် လယ်မြေအချို့ ရေနစ်မြုပ်
နေသည်ကို တွေ့ရစဉ်။
ဓာတ်ပုံ-ကိုတိတ်
သုံးခွမြို့ တကောရေတံခါးတွင် နွံအနည်ထိုင်၍ လယ်မြေဧက ၄,၀၀၀ ခန့် ခေတ္တရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့ကြောင်း သုံးခွမြို့နယ် ဆန်စပါးလုပ်ငန်း အသင်းဥက္ကဋ္ဌ ဦးထွေးက ပြောသည်။
"အခုတော့ သောင်တူးစက်နှစ်စီး ရောက်နေပါပြီ။ ဒါပေမယ့်ရေကြီးတော့ တစ်စီးက တူးလို့မရဘူး။ တကော ရေတံခါးရဲ့အထက်မှာ ရွာအစိတ် သုံးဆယ်လောက်ရှိတယ်။ သူတို့တွေ တော့ အခက်အခဲကြုံရတာပေါ့။ အဓိက လိုအပ်နေတာက ရေတံခါးမှာ Log gate တပ်ပေးဖို့ပါပဲ။ ရေ အမြဲစီးသွားနိုင်ဖို့လိုပါတယ်။ သုံးခွမြို့မှာ စုစုပေါင်းစိုက်ဧက ခုနစ်သောင်းကျော် ရှိပါတယ်။ အားလုံး ရေလွှမ်းတာတော့ မဟုတ်ပါဘူး။ တကောရေတံခါးရဲ့ အကျိုးပြုဧရိယာမှာ ပဲ ဖြစ်တာပါ"ဟု ဦးထွေးက ဆက်လက် ပြောကြားသည်။
အဆိုပါရေလွှမ်းမိုးမှုတွင် ညွန့်ပေါင်း ကျေးရွာ၊ မင်းရွာကျေးရွာ၊ အသင်း ကျေးရွာ၊ တာသာမြိုင်ကျေးရွာ၊ မိချောင်း ခေါင်း ကျေးရွာ၊ ပိုက်စည်းကျေးရွာတို့ ပါဝင်ပြီး စုစုပေါင်း ရွာငယ် ၄၀ ခန့်၏ စိုက်ပျိုးဧကများ ပါဝင်နိုင်ကြောင်း ကဒပ္ပနကျေးရွာမှ လယ်သမားတစ်ဦး ဖြစ်သူ ဦးဇော်မင်းက ပြောသည်။
"ဒီမှာ တစ်နှစ်တစ်ခါလောက် ဖြစ်နေ ကျပါပဲ။ အရင်တုန်းကဆို ဆားငန်ရေ ၀င်ပါတယ်။ ကျွန်တော်တို့ သုံးခွမှာ ကဒပ္ပနရေတံခါး၊ တကောရေတံခါး၊ သုံးခွရေတံခါးဆိုပြီး ရေတံခါးသုံးခု ဆောက်ပြီး နောက်မှ ဆားငန်ရေ မ၀င်တော့တာ"ဟု ဦးဇော်မင်းက ပြောကြား သည်။
အဆိုပါကဲ့သို့ ရေလွှမ်းမိုးမှုများဖြစ် ပေါ်ပါက ဆည်မြောင်း၊ ချောင်း၊ တာ တမံများတွင်သာမက လယ်စိုက်သူများ၏ ရေထိန်းသိမ်းမှု များသည်လည်း အရေးပါကြောင်း ကဒပ္ပနရေတံခါးမှ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဦးစီးဌာန ဒုလက်ထောက်ဦးစီးမှူး ဦးညီညီက သုံးသပ်ပြောကြားသည်။
"ကျွန်တော် ကဒပ္ပန ရေတံခါးရဲ့ အကျိုးပြုဧရိယာမှာတော့ အားလုံး အေးအေးဆေးဆေးပါပဲ။ ကျွန်တော်တို့ ရေတံခါးတွေက ပုံမှန် အလုပ်လုပ်နေတာပါပဲ။ လယ်သမားအချင်းချင်း တာပိတ် ပြီး ရေတားတာတွေကြောင့်လည်း ရေမြုပ်တာမျိုး ဖြစ်နိုင်ပါတယ်။ အခု တော့ အကုန်လုံး ပြန်တည်ငြိမ်သွားပါပြီ" ဟု ဦးညီညီက ပြောကြားခဲ့သည်။
