နိုင်ငံသားအမည်ခံ လုပ်ကိုင်နေသည့် ပြည်ပ လုပ်ငန်းရှင်များ မှတ်ပုံပြန်တင်ရန်ဖိတ်ခေါ်ထား
အတွဲ ၂၉ ၊ အမှတ် ၅၇၈ (၂၀ - ၂၆ ၊ ၇ ၊ ၂၀၁၂)
နိုင်ငံသားအမည်ခံ၍ လုပ်ကိုင်လျက်ရှိသည့် ပြည်ပလုပ်ငန်းရှင်များကို တစ်စုံတစ်ရာမျှ အရေးယူခြင်းမရှိသေးဘဲ မှန်ကန်စွာ မှတ်ပုံပြန်တင်ရန်အတွက် ဖိတ်ခေါ်ထားသော်လည်း ပြောင်းလဲ သူ နည်းပါးသေးကြောင်း တာဝန်ရှိသူတစ်ဦးကပြောသည်။
ယခုအချိန်တွင် နိုင်ငံသားအမည်ခံ၍ လုပ်ကိုင်လျက်ရှိသည့် ပြည်ပလုပ်ငန်းရှင်များကို တစ်စုံတစ်ရာမျှ အရေးယူခြင်းမရှိဘဲ မှန်ကန်စွာ မှတ်ပုံပြန်တင်ရန်အတွက် ဖိတ်ခေါ်ထားကြောင်း၊ ရက်ပေါင်း ၉၀ သတ်မှတ်ပေးထားသော်လည်း ကုမ္ပဏီများဘက် မှ လာရောက် ပြောင်းလဲမှုနည်းနေပြီး နိုင်ငံခြားသား ရင်းနှီး မြှုပ်နှံမှုနှင့် အမည်ခံလုပ်နေသော်လည်း လာရောက်လျှောက် ထားခြင်းမရှိဘဲ မူလ အတိုင်းသာ လုပ်ကိုင်နေသေးကြောင်း၊ FDI ဥပဒေအရ ဆောင်ရွက်နိုင်ရန် ဖိတ်ခေါ်ထားသော်လည်း နိုင်ငံခြားသား ကုမ္ပဏီများ အနေနှင့် သတ်မှတ်ရက်အတွင်းပင် လာရောက်ပြောင်းလဲခြင်း နည်းပါးနေကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ကုမ္ပဏီ များဌာန၊ ဒုတိယညွှန်ကြား ရေးမှူး ဒေါ်စန်းစန်းနွဲ့မှ ပြောသည်။
နိုင်ငံခြားသားက မြန်မာနိုင်ငံသားအမည်ခံကာ လုပ်ကိုင် နေသည့်လုပ်ငန်းများ ပြန်လည်မှတ်ပုံတင်ရန် ရက် ၉၀ သတ်မှတ် ထား သော်လည်း လာရောက်လျှောက်ထားသည့် ကုမ္ပဏီမှာ ၁၄ ခုသာရှိသေးကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ၏ ထုတ်ပြန် ကြေညာချက်အရ သိရသည်။
"နာမည်ခံ ရှဲဒိုးတွေ မြန်မာ့ရင်းနှီးမြှပ်နှံမှုကော်မရှင်မှာ မူလအတိုင်း ပိုင်ရှင်အမှန် ပြန်ပြောင်းနိုင်တယ်။ ရှဲဒိုးတွေကို နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု FDI လုပ်မယ်ဆိုလည်းလုပ်ပါ။ နိုင်ငံသား လုပ်မယ်ဆိုလည်းလုပ်ပါ"ဟု အလုပ်သမားဝန်ကြီးဌာန အလုပ် သမားညွှန်ကြားရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းရှိန် က ယခုလ ၆ ရက်နေ့က ပြောသည်။
ယခုအချိန်ကာလသည် စည်းရုံးရေးကာလဖြစ်ကြောင်း ၎င်းက ပြောသည်။ ယခုအခါ ရင်းနှီးမြှုပ်နှံမှုအသစ်များ အတွက်အလားအလာ ကောင်းများရှိနေသော်လည်း လက်တွေ့အရင်းအနှီးများ မ၀င် ရောက်သေးမီ အလုပ်သမားဈေးကွက် ပီပီပြင်ပြင် မပေါ်ပေါက် သေး၍ ပြတ်ပြတ်သားသား ဥပဒေအရဆောင်ရွက်လျှင် အလုပ်အကိုင်အခွင့်အလမ်းများအသစ်များ ပေါ်ပေါက်ရေး အတွက်ပင် အဟန့်အတား ဖြစ်လာနိုင်သဖြင့် အသိပညာပေး ရှင်းလင်း ဆွေးနွေး ဆောင်ရွက်ခဲ့မှုအပေါ် သဘောပေါက်စေလိုကြောင်း ၎င်းကပြောသည်။
