ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်ပညာရေးဥပဒေ ရေးဆွဲမည်
အတွဲ ၂၉ ၊ အမှတ် ၅၈၀ ( ၃ - ၉ ၊ ၈ ၊ ၂၀၁၂ )
ပညာရေးဝန်ကြီးဌာနက လွှတ်တော်သို့ တင်သွင်းလာသည့် ၂၀၁၂ ခုနှစ် တက္ကသိုလ် ပညာရေး ဥပဒေကြမ်းသည် အာဆီယံအဆင့် အရည်အသွေးမြင့်လာနိုင်သည့် ကောင်းကျိုး များ ပါဝင်နေသည့်တိုင် လွှတ်တော် ကိုယ်စားလှယ်များလိုလားသည့် ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရ တက္ကသိုလ်များမဟုတ်ဘဲ ၀န်ကြီး ဌာနများ၏ အုပ်ချုပ်မှုအောက်တွင်သာ ဆက် လက်တည်ရှိနေမည်ဖြစ်သောကြောင့် ၎င်း ဥပဒေကြမ်းအား လွှတ်တော်၌ဆွေးနွေးခြင်း ကို ရပ်ဆိုင်းထားရန်နှင့် ၎င်းတက္ကသိုလ်ပညာ ရေးဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ရေးဆွဲ သွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက အတည်ပြုပြောကြားသည်။
"၂၀၁၂ ခုနှစ်၊ တက္ကသိုလ်ပညာရေး ဥပဒေ ကြမ်းနဲ့စပ်လျဉ်းပြီး လွှတ်တော် ကိုယ်စားလှယ် သုံးဦးတို့ ဒီကနေ့ဆွေးနွေးချက်များအရ ဒီဥပဒေ ကြမ်းအပေါ် ပြင်ဆင်အတည်ပြုချက်တို့ကို ဆက်လက်မဆောင်ရွက်တော့ဘဲ ပြည်သူ့ လွှတ်တော်နည်းဥပဒေပုဒ်မ ၁၅၈(င) အရ အခုဆွေးနွေးခြင်းကို ရပ်ဆိုင်းပြီး ပြည်သူ့ လွှတ်တော်ဥပဒေကြမ်းကော်မတီ၊ ဥပဒေရေးရာ နှင့် အထူးကိစ္စရပ်များ လေ့လာရေး ကော်မရှင်၊ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနနှင့် စိတ်ပါဝင်စားသော လွှတ်တော်ကိုယ်စားလှယ် များ ညှိနှိုင်းရေးဆွဲပြီး ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ထံ တင်ပြရန်နှင့် တင်ပြချက်များ အပေါ်မူတည် ပြီး လွှတ်တော်ရဲ့ ဆန္ဒရယူ၍ ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း လွှတ်တော်သို့ အသိပေးအတည်ပြုတင်ပြပါတယ်"ဟု သူရ ဦးရွှေမန်းက ပြည်သူ့လွှတ်တော် စတုတ္ထ ပုံမှန် အစည်းအဝေး ၁၈ ရက်မြောက်နေ့၊ ဇူလိုင် ၃၁ ရက်တွင် အတည်ပြု ပြောကြားခဲ့သည်။
ပညာရေးဝန်ကြီးဌာနက ရေးဆွဲတင်ပြလာ သည့် အဆိုပါတက္ကသိုလ် ပညာရေးဥပဒေ ကြမ်းအား ကော့မှူးမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ် စားလှယ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဒဂုံမြို့သစ်မြောက်ပိုင်းမဲဆန္ဒနယ်မှ ဒေါ်တင်နွယ်ဦးနှင့် ကန်ပက်လက်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကိုတို့ ဆွေးနွေး ပြီးနောက် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေးက ရှင်းလင်းအပြီးတွင် သူရ ဦးရွှေမန်းက ပြောခဲ့ခြင်း ဖြစ်သည်။
ပြည်သူ့လွှတ်တော်၏ ကော်မတီ၊ ကော်မရှင် နှင့် လွှတ်တော်ကိုယ်စားလှယ်များအား ယခု ကဲ့သို့ တက္ကသိုလ်ပညာရေး ဥပဒေကြမ်းကို ရေးဆွဲရန် တာဝန်ပေးခြင်းမှာ ပညာရေး ၀န်ကြီးဌာနက ရေးဆွဲတင်ပြလာခြင်းသည် အဆင့်ဆင့်တင်ပြရသည့်အတွက် အချိန်အား ဖြင့်ကြန့်ကြာကာ မည်သည့်အချိန်တွင် ပြီးဆုံး မည်ဟု မခန့်မှန်းနိုင်ခြင်းကြောင့်လည်းဖြစ် ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။
ပညာရေးဝန်ကြီးဌာနက ရေးဆွဲထားသော ၂၀၁၂ ခုနှစ်၊ တက္ကသိုလ်ပညာရေးဥပဒေကြမ်း သည် အဆိုပါနေ့၌ အပိုဒ်လိုက် ပြင်ဆင် ချက်များ အား ဆွေးနွေးအတည်ပြုပြီး လွှတ်တော်က ဆုံးဖြတ်နိုင်ရန်အဆင့်သို့ ရောက်ရှိနေသော်လည်း ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါ်တင်နွယ် ဦးနှင့် သူရဦးအောင်ကိုတို့၏ ခိုင်လုံသော ကန့်ကွက်ဆွေးနွေးချက်များ၊ အလားတူ ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုမေတ္တာ ရပ်ခံချက်များ၊ ဦးသိန်းညွန့်၏ လွှတ်တော်ဥက္ကဋ္ဌ သဘောတူခွင့်ပြုချက်အရ ကြားဖြတ်အဆို တင်သွင်းမှုများကြောင့် ရှောင်တခင် ရပ်ဆိုင်း သွားခဲ့ပြီး လွှတ်တော်ကပင် ဤဥပဒေကြမ်းကို ရေးဆွဲရန် အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။
