ဂျပန်ဦးနှောက်အမြှေးရောင်ရောဂါ ကျေးလက်ဒေသများတွင် အဖြစ်များနေ

ရွှေရည်စောမြင့်
အတွဲ ၂၉ ၊ အမှတ် ၅၈၀ ( ၃ - ၉ ၊ ၈ ၊ ၂၀၁၂ )

ဗိုင်းရပ်စ်ပိုး ကူးစက်ခံရခြင်းမှတစ်ဆင့် ဖြစ်ပေါ်သော ရောဂါတစ်မျိုးဖြစ်သည့် ဂျပန်ဦးနှောက်အမြှေးရောင် ရောဂါကို မြန်မာနိုင်ငံ၏ ကျေးလက်ဒေသတွင် နေထိုင်သူများ၊ အထူးသဖြင့် ကလေးငယ်များတွင် ပို၍အဖြစ်များသည်ကို တွေ့ရှိရသည်ဟု ရန်ကုန်ဆေးတက္က သိုလ်(၁) မှ ကလေးအထူးကုသမားတော် ပါမောက္ခ ဦးစောဝင်းက ပြောသည်။

"ဘာကြောင့်လဲဆိုတော့ ဒီရောပါပိုးက ၀က်တွေ၊ ငှက်တွေ၊ ခြင်တွေကနေ တစ်ဆင့် လူကိုကူးစက်တဲ့ရောဂါဖြစ်တာကြောင့် တောရွာ ဒေသတွေ၊ အထူးသဖြင့် လယ်ကွင်းတွေရှိတဲ့နေရာ၊ ၀က်တွေမွေး တဲ့နေရာမျိုးတွေမှာ ပိုအဖြစ်များပါတယ်" ဟု ၎င်းက ပြော သည်။

ယခုလက်ရှိတွင် အဆိုပါရောဂါ ကြောင့် ပြင်းထန်သော ဦးနှောက်အမြှေး ရောင်ဖြစ်ပွားသူများတွင် သေဆုံးမှုနှုန်း မှာ ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ ရှိပြီး၊ ၅၀ ရာခိုင်နှုန်းခန့်မှာလည်း နောက် ဆက်တွဲရောဂါလက္ခဏာများဖြစ်သည့် မသန်စွမ်းခြင်း၊ နားမကြားခြင်း၊ အမြင် အာရုံချို့တဲ့ခြင်းနှင့် ကိုယ်လက်မသန် မစွမ်းဖြစ်ခြင်းတို့ ဖြစ်ပွားနေသည်ဟု ပါမောက္ခဦးစောဝင်းက ပြောသည်။

ဂျပန်ဦးနှောက်အမြှေးရောင်ရောဂါ သည် မြန်မာ၊ ဂျပန်၊ ဗီယက်နမ်၊ ကမ္ဘော ဒီးယား၊ အိန္ဒိယ၊ နီပေါ၊ မလေးရှား၊ တရုတ်၊ ကိုရီးယား၊ တရုတ်(တိုင်ပေ)နှင့် ထိုင်း နိုင်ငံတို့တွင် ကြုံတွေ့ရသော လူထု ကျန်းမာရေးပြဿနာတစ်ရပ်ဖြစ်သည်။

ခန့်မှန်းချက်များအရ လွန်ခဲ့သော နှစ် ၆၀ အတွင်း ကမ္ဘာတစ်ဝန်းတွင် ဦးနှောက် အမြှေးရောင်ရောဂါ ကူးစက်ခံရသူမှာ ၁၀ သန်းနှင့် အထက်ရှိခဲ့ပြီး ၎င်းတို့ အနက်မှ သုံးသန်းခန့်မှာ သေဆုံးခဲ့ကာ လေးသန်းခန့်မှာ ပြင်းထန်သော ခြေလက်အကြောသေရောဂါ ခံစားခဲ့ရ ကြောင်း သိရသည်။

မြန်မာနိုင်ငံမှာတော့ အဆိုပါရောဂါပိုးသည် အသက်ငယ်သော ကလေးများတွင် အဖြစ်များရာ အသက် ၁၀ နှစ် အောက်များတွင် အဖြစ်များလျက်ရှိ သော်လည်း မည်သည့်အရွယ်မဆိုတွင် လည်း ဖြစ်နိုင်သည်ဟု ပါမောက္ခ ဦးစောဝင်းက ပြောသည်။

"အဆိုပါဗိုင်းရပ်စ်ပိုးကို မြန်မာနိုင်ငံ တွင် ၁၉၇၄ က တာချီလိတ်တွင် စတင် တွေ့ရှိခဲ့ပြီး ၁၉၈၀ ခုနှစ်တွင် ရန်ကုန်၊ မန္တလေး၊ ဘားအံ နှင့် အချို့ဒေသများတွင် အဆိုပါဗိုင်းရပ်စ်ပိုးနှင့် ပတ်သက်ပြီး သုတေသနပြုခဲ့ရာ ကလေး ငါးရာခိုင်နှုန်း ကနေ ၅၀ ရာနှုန်းအထိ ဗိုင်းရပ်စ်ပိုး ၀င်ဖူး ခဲ့သည်ကို တွေ့ရှိခဲ့ရသည်"ဟု ၎င်းက ပြောသည်။

လက်ရှိတွင် အဆိုပါဗိုင်းရပ်ပိုးနှင့် ပတ်သက်ပြီး ကလေးများ၏ သွေးနမူနာများကို အမျိုးသားကျန်းမာရေးသုတေသန ဓာတ်ခွဲခန်းတွင် စစ်ဆေးသုတေသန ပြုလုပ်လျက်ရှိနေပြီး ကလေးဆေးရုံရှိ ကလေးများ၏ စစ်ဆေးသောရလဒ်များ နှင့်ပတ်သက်သော အချက် အလက်များ မရရှိသေးသော်လည်း ယမန်နှစ်က ရန်ကုန်ဆေးရုံကြီးမှ ပေးပို့သော နမူနာ များအရ ၁၂ ဒသမ ၅ ရာခိုင်နှုန်းကျော် တွေ့ရှိနေရသည်ဟု သိရသည်။