အက်ဖ်အီးစီကို တစ်နှစ်အတွင်း ပြန်လည်ရုပ်သိမ်းရန်မျှော်မှန်း

ဝင်းကိုကိုလတ်
အတွဲ ၃၀ ၊ အမှတ် ၅၈၁ ( ၁၀ - ၁၆ ၊ ၈ ၊ ၂၀၁၂)

မြန်မာနိုင်ငံတွင် ၁၉၉၃ ခုနှစ်မှစ၍ နိုင်ငံခြားငွေနှင့် လဲလည်နိုင်သော ကြားခံ ငွေကြေးအဖြစ် အသုံးပြုနေသည့် အက်ဖ်အီးစီကို လာမည့် တစ်နှစ်အတွင်း အသုံးပြုမှု ပြန်လည်ရုပ်သိမ်းရန် မျှော်မှန်းထားသည်ဟု ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက မြန်မာတိုင်း(မ်) ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့သည်။

အက်ဖ်အီးစီလက်ဝယ်ရှိသူများ မနစ် နာစေရန် ညီမျှသည့် ဒေါ်လာတန်ဖိုး ကိုဖြစ်စေ၊ ၎င်းနေ့တွင် ဖြစ်ပေါ်လာ သည့် ငွေလဲနှုန်းအရ ညီမျှသည့် ကျပ်ကို ဖြစ်စေရရှိစေရန် စီစဉ်ဆောင်ရွက်ပေး မည်ဖြစ်ကြောင်းနှင့် လုံလောက်သည့် အချိန်ကာလကိုလည်း ပေးမည်ဖြစ် သည်ဟု ဖြေကြားချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြားငွေ လဲလှယ်နှုန်းကို ပြင်ဆင်သတ်မှတ်ရာ တွင် အက်ဖ်အီးစီကို ပြန်လည် ရုပ်သိမ်းမည်ဖြစ်ပြီး လက်ဝယ် ရှိသူများ မနစ်နာစေရန် ဆောင်ရွက်မည်ဟု နေပြည်တော် ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင် ယမန်နှစ်၊ ဩဂုတ်လက ကျင်းပပြုလုပ် သော သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ဗဟိုဘဏ်ဥက္ကဌ ဦးသန်းညိမ်းက ပြောခဲ့ပြီး တစ်နှစ်တိတိအကြာတွင် ယခုကဲ့သို့ တစ်နှစ် အတွင်း အက်ဖ်အီးစီကို ရုပ်သိမ်းမည်ဟု တရားဝင်ထုတ်ပြန်ခဲ့ ခြင်းဖြစ်သည်။

"ငွေကြေးလဲလှယ်နှုန်း တူညီရေး လုပ်ရင် အက်ဖ်အီးစီရုပ်သိမ်းရေးက အလိုအလျောက်ပါသွားမှာပါ။ အဲဒီလို ရုပ်သိမ်းရင် အက်ဖ်အီးစီ လက်ဝယ်ရှိတဲ့ နိုင်ငံသားတွေ နစ်နာမှုမရှိအောင် အက်ဖ်အီးစီအစား သူနဲ့ညီမျှတဲ့ နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာဖြစ်စေ(သို့မဟုတ်) အဲဒီအချိန်မှာရှိတဲ့ သတ်မှတ်ထားတဲ့ ပေါက်ဈေးနဲ့ ညီမျှတဲ့ ကျပ်ငွေဖြစ်စေ ရရှိမှာပါ" ဟု ၎င်းက ဖြေကြားခဲ့သည်။

ငွေလဲလှယ်နှုန်းသည် နိုင်ငံ၏ ငွေကြေးမူဝါဒတွင် အရေးကြီးသည့် ကိရိယာတစ်ခုဖြစ်သည့်အတွက် အလေးထားဆောင်ရွက်နေပြီး နိုင်ငံနှင့် ပြည်သူ အကျိုးစီးပွားနှင့် နေ့စဉ် လူမှုစီးပွားဘ၀ များတွင် ထိခိုက်မှုမရှိစေရန် ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။