သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တတိယအကြိမ်တွေ့ဆုံ

ကျော်ဆုမွန်
အတွဲ ၃၀ ၊ အမှတ် ၅၈၂ ( ၁၇ - ၂၃ ၊ ၈ ၊ ၂၀၁၂)

သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်း စုကြည်တို့သည် ယခုလ ၁၂ ရက်နေ့က နေပြည်တော်တွင် ထပ်မံတွေ့ဆုံခဲ့ကြရာ အဆိုပါ တွေ့ဆုံမှုသည် တစ်နှစ်အတွင်း သုံးကြိမ်မြောက် တွေ့ဆုံခြင်းဖြစ်ပြီး ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး အလားတူ တွေ့ဆုံမှု မျိုး ဆက်လက်လုပ် ဆောင်ဖွယ်ရှိကြောင်း နိုင်ငံတော် သမ္မတအကြံပေးတစ်ဦးဖြစ်သူ ဦးကိုကို လှိုင်က မြန်မာတိုင်း(မ်)ကို ပြောသည်။

အိမ်နီးချင်းနိုင်ငံများတွင်ပင် တွေ့ဆုံ ခဲသည့် အာဏာရအစိုးရနှင့် အတိုက် အခံပါတီခေါင်းဆောင်တို့ တွေ့ဆုံမှုမှ ကောင်းမွန်သည့် ရလဒ်များ ထွက်ပေါ် လာနိုင်ရန် တွန်းအားပေးမှုများရှိ ကြောင်း လေ့လာသူများကလည်း သုံးသပ်သည်။

"ယေဘုယျအားဖြင့် နှစ်ဦးနှစ်ဖက် များများတွေ့ဆုံလေ၊ ထိတွေ့ရင်းနှီးမှု ပိုရလေ၊ ရလဒ်ကောင်းတွေ ထွက်ပေါ် လာမှာပါ။ နှစ်ဦး နှစ်ဖက် ယုံကြည်မှုပိုရ ပါတယ်"ဟု ဦးကိုကိုလှိုင်က၊ပြောသည်။

ယမန်နှစ် ဩဂုတ်လ ၁၅ ရက်နေ့က သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်း စုကြည်တို့ နေပြည်တော်တွင် ပထမဆုံး အကြိမ်တွေ့ဆုံမှု အပြီး၌ ဒေါ်အောင် ဆန်းစုကြည်သည် ၎င်း၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ပြန်လည် မှတ်ပုံတင်ရန် ဆုံးဖြတ်ခဲ့ပြီး ၎င်း ကိုယ်တိုင်လည်း ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကာ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရပြီး ယခုအခါ လွှတ်တော်အစည်းအဝေးများ တက်ရောက်နေပြီဖြစ်သည်။

"ခေါင်းဆောင်နှစ်ယောက်စလုံးမှာ တူညီတဲ့စေတနာရှိတယ်။ တိုင်းပြည်ကို တိုးတက်ဖို့၊ ငြိမ်းချမ်းဖို့ ဆောင်ရွက်ချင်တဲ့ စိတ်ရှိတယ်။ ပထမဆုံးတွေ့ဆုံစဉ် ကတည်းက မတူညီတဲ့သဘောထား တွေရှိရင် ဘေးချိတ်ထားပြီး ပြည်သူ့ အကျိုးအတွက် လက်တွဲလုပ်မယ်လို့ ဆိုခဲ့ တယ်"ဟု ဦးကိုကိုလှိုင်က ပြောသည်။

တတိယအကြိမ်မြောက် တွေ့ဆုံပွဲ တွင် အစိုးရအရာရှိကြီး အချို့ပါပါဝင်ခဲ့ သည်ဟု သတင်းရရှိပြီး အဓိကအားဖြင့် တိုင်းရင်းသား အရေးကို ဦးစားပေး ဆွေးနွေးခဲ့ဖွယ်ရှိသည်ဟု သိရသည်။

"တိုင်းရင်းသား အရေးဆိုတာက တော့ လက်ရှိတိုင်းပြည်မှာ ဦးစားပေး လုပ်ဆောင်ရမယ့် ကိစ္စပါပဲ။ ငြိမ်းချမ်း ရေးမရဘဲ ဖွံ့ဖြိုးမှုမရနိုင် ပါဘူး။ ရှေ့ လျှောက်လည်း တိုင်းရင်းသားအရေးကို ဦးစားပေး ဆွေးနွေးသွားဖွယ်ရှိတယ်လို့ သုံးသပ်ရပါတယ်"ဟု ဦးကိုကိုလှိုင်က ပြောသည်။

ဦးကိုကိုလှိုင်က ယခုကဲ့သို့ နှစ်ဖက် တွေ့ဆုံမှုကို အကောင်းမြင်မှု ရှိနေပြီး တိုင်းရင်းသားအရေးကို ဦးစားပေး လုပ်နိုင်ရန်ကို ပိုမို မျှော်လင့်ထားသည်။

လန်ဒန်မြို့အခြေစိုက် ဘီဘီစီသတင်း ဌာန မြန်မာပိုင်းအစီအစဉ်မှ သတင်း ထောက် ကိုမျိုးသာထက်ကလည်း သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုမှသည် နှစ်ပေါင်းများစွာ ပြည်သူအများ စောင့်မျှော်နေကြသော အပြောင်းအလဲတချို့ကို တွေ့မြင်ရသော် လည်း အားရပါးရပျော်ရွှင်ရမှုကိုမူ တွေ့မြင်ရသေးခြင်းမရှိဟု ဆိုသည်။

"ဒီကနေ တွေ့ရတဲ့ အပြောင်းအလဲ တွေမှာဆိုရင် လွတ်လပ်စွာ စုစည်း လှုပ်ရှားမှုတွေ ရတာတော့ တွေ့ရပါ တယ်။ ဒီကြားထဲ ပြည်နယ်တချို့မှာ မတည်ငြိမ်တဲ့ အရိပ်အယောင်တွေ တွေ့နေရတော့ စိတ်ပူရတာလည်း ရှိပါ တယ်"ဟု ၎င်းကပြောသည်။

ဩဂုတ် ၁၂ ရက်က နေပြည်တော်၌ ပြုလုပ်ခဲ့သည့် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ငြိမ်းချမ်းရေး ဖော် ဆောင်ရေး ကော်မတီတွေ့ဆုံမှုတွင် လည်း နိုင်ငံ၏ ကံကြမ္မာအတွက် ငြိမ်းချမ်း ရေးမှတစ်ပါး အခြားမရှိဟုပြောဆိုခဲ့ သည်ကိုလည်း တွေ့မြင်ခဲ့ရ ကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်းရေးသည် အရေးကြီး သည့်ကဏ္ဍသို့ ရောက်ရှိနေသည်ကို တွေ့ရသော်လည်း ငြိမ်းချမ်းသည့် ရွှေပြည်တော် မျှော်တိုင်းဝေးဖြစ်မှာကို စိုးရိမ်မိကြောင်း ၎င်းက ပြောသည်။