ကလေးသူငယ်ဥပဒေသစ် ယခုနှစ်မကုန်ခင် ပြဋ္ဌာန်းနိုင်ဖွယ်ရှိ
အတွဲ ၃၀ ၊ အမှတ် ၅၈၂ ( ၁၇ - ၂၃ ၊ ၈ ၊ ၂၀၁၂)
၁၉၉၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော ကလေးသူငယ်ဥပဒေအား စီအာရ်စီ (ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ကုလ သမဂ္ဂညီလာခံ သဘောတူစာချုပ်-Convention on the Rights of the Child)နှင့်အညီ ပြန်လည်ပြင်ဆင် ရေး ဆွဲလျက်ရှိရာ အတည်ပြုပြဋ္ဌာန်းရန် ယခု နှစ်မကုန်ခင် လွှတ်တော်၌ ဆွေးနွေး နိုင်ရန် မျှော်လင့်ကြောင်း ဥပဒေပြင်ဆင် ရေးဆွဲရာတွင် ပါဝင်ခဲ့သော ပညာရှင်များက ပြောသည်။
"ကလေးသူငယ်ဥပဒေပြင်ဆင်ချက်တွေကတော့ ပြီးသွားပြီလို့ထင်ပါတယ်။ အခု ဥပဒေအသစ်အဖြစ် လွှတ်တော်မှာတရားဝင် အတည် ပြုနိုင်ဖို့ ကျွန်တော်တို့ စောင့်နေတာပါ"ဟု ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စား လှယ် မစ္စတာ ရာမက်ရှ်ရှရက်စ်သာက ပြောကြားသည်။
ယင်းဥပဒေအား ပြန်လည်ပြင်ဆင်ရေးအတွက် လူမှုဝန်ထမ်းဦးစီးဌာနနှင့် အတူ သက်ဆိုင်ရာအစိုးရဌာနများ၊ ယူနီဆက်ဖ်(ကုလသမဂ္ဂ နိုင်ငံတကာကလေး များရန်ပုံငွေအဖွဲ့)မှ ဦးဆောင်သော ကလေးသူငယ်ကာကွယ်စောင့်ရှောက် ရေးအဖွဲ့အစည်းများ ပူးပေါင်းကာ ၂၀၁၁ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
မြန်မာနိုင်ငံသည် ကလေးသူငယ်များ၏ အခွင့်အရေးများကို ကာကွယ်စောင့် ရှောက်ရန် စီအာရ်စီကို ၁၉၉၁ ခုနှစ်တွင် လက်မှတ်ရေး ထိုးပြီး ကလေးသူငယ် ဥပဒေကို ၁၉၉၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ သည်။ နည်းဥပဒေကိုမူ ၂၀၀၁ ခုနှစ်တွင် ထပ်မံရေးဆွဲ ပြဋ္ဌာန်းခဲ့သည်။
သို့ရာတွင် ယင်းဥပဒေသည် စီအာရ်စီ အရပေးထားသော ကလေးသူငယ် အခွင့်အရေးများနှင့် ကွာဟချက်များရှိ နေရာ မြန်မာနိုင်ငံရှိ ကလေးသူငယ်များ ၏ အခွင့်အရေးချိုးဖောက်ခံနေရမှုများအား ကာကွယ်စောင့်ရှောက်ရေးနှင့် နိုင်ငံတကာ ကလေးသူငယ်အခွင့် အရေး များနှင့်အညီ ခံစားခွင့်ရရန် ပိုမိုအားကောင်းသော ဥပဒေတစ်ရပ်ပေါ်ထွက် လာရေးအတွက် ၀ိုင်းဝန်းကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခုပြင်ဆင်ထားသော ကလေးသူငယ်ဥပဒေတွင် ကလေးသူငယ်များ၏ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာထိခိုက်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခံရ ခြင်း၊ ခေါင်းပုံဖြတ်ခြင်း၊ လျစ်လျူရှုခံရခြင်း စသည့် အခွင့်အရေးချိုးဖောက်ခံရမှုများကို ကာကွယ်ပေးထားသည့်အပြင် အရွယ်မရောက် မီ စစ်မှုထမ်းဆောင်နေရခြင်းနှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များတွင် တာဝန်ထမ်းဆောင်နေရသော ကလေးသူငယ်များ အတွက် စောင့်ရှောက် ကာကွယ်ပေးမည့် လုပ်ငန်းများလည်း ပါဝင်ကြောင်း သိရသည်။
"အရင်ဥပဒေမှာလည်း ကလေးငယ် တွေရဲ့ အခွင့်အရေးတော်တော်များများ ကို ပြဋ္ဌာန်းပေးထားပြီးသားပါ။ ဒါပေမယ့် တချို့နေရာ တွေမှာ ကွန်ဗင်းရှင်းက သတ်မှတ်ထားတဲ့အချက်တွေနဲ့ ကွဲလွဲနေတော့ ကလေးတွေအနေနဲ့ သူတို့အခွင့် အရေးကို ပြည့်ပြည့်၀၀မရ ကြဘူး။
"ဥပမာ ကွန်ဗင်းရှင်းအရပေးထားတဲ့ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးတွေကို ဘယ်သူမဆို အသက် ၁၈ နှစ်အထိ ခံစားခွင့်ရှိတယ် လို့ ဖွင့်ဆိုထားပေမယ့် လက်ရှိဥပဒေမှာ အသက် ၁၆ နှစ်အထိ ပဲ ကလေးလို့ သတ်မှတ်ထားတယ်။ ဒါကြောင့် အသက်အရွယ် အဓိပ္ပာယ် ဖွင့်ဆိုချက်တွေ၊ ကလေးသူငယ်ဆိုင်ရာ ရာဇ၀တ်မှုတွေကို တာဝန်ယူရတဲ့ ကလေး ရဲ့အသက်အရွယ်ကိုလည်းထပ်မြှင့်ဖို့ဆို တဲ့ အချက်တွေပါဝင်ဖို့ ကျွန်မတို့ကြိုးစားထားတယ်။ နှစ်မကုန်ခင် လွှတ်တော်မှာ ဆွေးနွေးနိုင်မယ်လို့ မျှော်လင့်တယ်"ဟု ယူနီဆက်ဖ် (မြန်မာ)၏ ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေးဌာနမှ အကြီး အကဲဖြစ်သူ Ms.NetteWijnants က မြန်မာတိုင်း(မ်)ကို ပြော သည်။
မြန်မာနိုင်ငံ၌ ကလေးသူငယ်များ ၏ အခွင့်အရေးများချိုးဖောက်ခံနေရ ခြင်း၏ အကြောင်းရင်းများမှာ ယင်း အခွင့်အရေးများနှင့်ပတ် သက်၍ ၎င်းနှင့် ၎င်းတို့၏ မိဘများကိုယ်တိုင်အသိပညာ နည်းပါးခြင်းကြောင့်ဖြစ်ကြောင်း World Vision မှ ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေး ကျွမ်းကျင်သူ ဒေါ်စီစီမြင့်က ပြောသည်။
ကလေးသူငယ်ဥပဒေသစ်မှာ ထွက် ပေါ်လာခြင်းမရှိသေးသော်လည်း မကြာမီက ကာကွယ်ရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂတို့ အကြား အရွယ်မရောက်သေး သောကလေးသူငယ်များ စစ်မှုထမ်းခြင်း မှ ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းစီမံချက် လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်း သည် ကလေး ငယ်များအတွက် အင်မတန်ထိရောက် သော ကာကွယ်မှုတစ်ခုဖြစ်ခဲ့ကြောင်း ပညာရှင်များက ပြောသည်။
"အစိုးရအနေနဲ့ ဒီအတိုင်း တကယ်လုပ်မလုပ်ဆိုတာ စောင့်ကြည့်ရမှာပါ။ တကယ်အကောင်အထည်ဖော်တဲ့အခါမှာတော့ တိုင်းရင်း သားကလေးငယ်တွေ ကို ကာကွယ်ပေးဖို့၊ စစ်ထဲဝင်တဲ့အခါ မှာ ကလေးကသဘောတူလို့ ၀င်ခွင့်ပြုတယ်ဆိုတဲ့ အကြောင်းပြချက်တွေ၊ ၀င်တဲ့ အချိန်မှာ စာရွက်စာတမ်းအတုပြုလုပ်ပြီး ၀င်တဲ့ကိစ္စတွေကို ထိထိရောက်ရောက် ကိုင်တွယ်ဖို့ အကြံပြုချင်တယ်"ဟု ဥပဒေပြင် ဆင်ရေးဆွဲရာတွင် ပါဝင်ခဲ့ သော World Vision မှ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး မန်နေဂျာ ဒေါက်တာဥမ္မာခိုင်က မြန်မာတိုင်း(မ်) ကို ပြောသည်။
