မထသ နှစ် ၅၀ပြည့်နေ့တွင် ယာဉ်စီးခအခမဲ့ ပြေးဆွဲမည်

သီဟတိုး
အတွဲ ၃၀ ၊ အမှတ် ၅၈၂ ( ၁၇ - ၂၃ ၊ ၈ ၊ ၂၀၁၂)

လာမည့် ဩဂုတ်လ ၂၀ ရက်နေ့တွင် ကျရောက်မည့် မော်တော်ယာဉ်လိုင်း ပေါင်းစုံထိန်းသိမ်းရေးကော်မတီ (မထသ) ယာဉ်လိုင်းများ ၏ နှစ် ၅၀ ပြည့် ရွှေရတုအထိမ်းအမှတ်အဖြစ် ယင်းနေ့တွင် မထသယာဉ်လိုင်းများကို အသုံးပြု စီးနင်းနေကြသော ခရီးသွားမိဘပြည် သူများအား ယာဉ်စီးခအခမဲ့ဖြင့် ပြေးဆွဲ လှူဒါန်းပေးလိုသော ယာဉ်ပိုင်ရှင်များ၏ ဆန္ဒအရ ပြေးဆွဲမည်ဟု သိရသည်။

"ဒီလာမယ့် နှစ် ၅၀ ပြည့်နေ့မှာ မထသယာဉ်လိုင်းတွေအနေနဲ့ ယာဉ်ပိုင်ရှင်အချို့က ကိုယ့်ထမင်းရှင်ခရီးသွားမိဘပြည်သူတွေကို ကျေးဇူး တုံ့ပြန်သောအား ဖြင့် မထသယာဉ်လိုင်းအချို့ကို အခမဲ့ ပြေးဆွဲလှူဒါန်းပေးမယ်။ ပြီးတော့ အဲဒီနေ့မှာပဲ ခရီးသည်တွေကို အမှတ်တရ အနေနဲ့ လက်ဆောင်ပစ္စည်း တစ်ခုခုပေးဖို့လည်း ရည်ရွယ်ထားပါတယ်။ ရွှေရတု အထိမ်းအမှတ်တီရှပ် ဒါမှမဟုတ်မျက်နှာ သုတ်ပ၀ါ၊ သို့မဟုတ် သော့ချိတ်သင့်တော်တာတစ်ခုခုပေါ့။ အဲလိုမျိုး စီစဉ်ထားပါတယ်။ မထသကော်မတီရဲ့ အတည်ပြုချက်အရ ဆောင်ရွက်သွားမှာပါ" ဟု မထသရုံးချုပ် (ရန်ကုန်တိုင်းဒေသကြီး)မှ ဒုဦးစီးမှူး(စီမံဌာန) ဦးဝင်းဇော်က ပြော ပြသည်။

၁၉၆၂ ခုနှစ်တွင် စတင်တည်ထောင် ခဲ့သော မထသယာဉ်လိုင်းများသည် ယခုလက်ရှိတွင် ယာဉ်စီးရေ ၂,၁၄၈ စီး ပြေးဆွဲနေပြီဖြစ်ပြီး ရုံးဝန်ထမ်း ၁,၁၉၇ ဦး၊ ယာဉ်မောင်း ၃,၄၁၂ ဦး၊ ယာဉ်နောက် လိုက် ၅၈၂ ဦး ရှိသည်။