ပြစ်ဒဏ်ချမှတ်ခံရသည့် ကုလသမဂ္ဂ ၀န်ထမ်းသုံးဦးကို သမ္မတအမိန့်ဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ပေးအပ်
အတွဲ ၃၀ ၊ အမှတ် ၅၈၄ ( ၃၁ ၊ ၈ - ၆ ၊ ၉ ၊ ၂၀၁၂)
ရခိုင်ပြည်နယ်၌ ပဋိပက္ခများ ဖြစ်ပွားစဉ် ကာလက ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရ ကာ ဩဂုတ်လ ၂၄ ရက်နေ့က မောင်တောတရားရုံး၌ ပြစ်ဒဏ်ချမှတ် ခြင်းခံခဲ့ရသည့် ကုလသမဂ္ဂနှင့် နိုင်ငံ တကာ အကူအညီပေးရေးအဖွဲ့အစည်း မှ ၀န်ထမ်းသုံးဦးကို နိုင်ငံတော်သမ္မတ က ဩဂုတ်လ ၂၉ ရက်နေ့တွင် လွတ်ငြိမ်း ချမ်းသာခွင့်ပြုခဲ့သည်။
အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့်ပြု အမိန့်ကို နိုင်ငံတော်သမ္မတရုံး၏ တရားဝင်ဝက်ဘ်ဆိုက်တွင် အဆိုပါနေ့ တွင်ပင် ထုတ်ပြန်ခဲ့သည်။ လွတ်ငြိမ်းသက်သာခွင့်ရရှိသူများမှာ မောင်တောမြို့နယ်အတွင်း ဆူပူဖြစ်ပွား ရာတွင်ပါဝင်ပတ်သက်မှု၊ နိုင်ငံတော် အကြည်ညို ပျက် အောင် ပြောဆိုမှုတို့ဖြင့် အရေးယူခြင်းခံရပြီး ထောင်ဒဏ်နှစ်နှစ် ချမှတ်ခံရသူ ကုလသမဂ္ဂကမ္ဘာ့စားနပ် ရိက္ခာအစီအစဉ်(WFP)မှ ၀န်ထမ်း ဦးကာယက်စ်(ခ) ဦးခင်ရွှေ၊ ဆူပူမှုဖြစ် ပွားရာတွင် ပါဝင်ပတ်သက်မှု၊ နိုင်ငံတော် အကြည်ညိုပျက်အောင် ပြောဆိုမှု၊ တရား မ၀င်နိုင်ငံခြားငွေ လက်ဝယ်တွေ့ ရှိမှုတို့ဖြင့် စုစုပေါင်း ထောင်ဒဏ်သုံးနှစ် ချမှတ်ခံရသူ ကုလမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး များရုံး (UNHCR) မှ ၀န်ထမ်း ဦးအဏာဝါဆာဒဏ်(ခ) ဦးခင်မောင်နှင့် မောင်တောမြို့ အရေးအခင်း ဖြစ်ပေါ်အောင် ဆူပူလှုံ့ဆော်ရာ တွင် ပါဝင်ပတ်သက်မှု၊ အိမ်တစ်အိမ်အား မီးရှို့ရန်လောင်စာထားရှိမှုနှင့် မီးရှို့မှု၊ တရားမ၀င် နိုင်ငံခြားငွေ လက်ဝယ် တွေ့ရှိမှုတို့ဖြင့် ထောင်ဒဏ်ခြောက်နှစ် ချမှတ်ခံရသူ ရပ်ရွာလူထုဖွံ့ဖြိုးရေး စီမံချက် (CSSEP)မှ ၀န်ထမ်း မချိုလေးမာ (ခ)ချိုမာတို့ဖြစ်ကြသည်။
နယူးယော့ခ်အခြေစိုက် ကုလသမဂ္ဂ တွဲဖက်ပြောရေးဆိုခွင့်ရှိသူ Mr. Farhan Haq က ထိုကဲ့သို့ လွှတ်ပေးမှုကို ကုလ သမဂ္ဂအနေဖြင့် ကြိုဆိုကြောင်း ပြော ကြားခဲ့သည်။ ရခိုင်ပြည်နယ်၌ ပဋိပက္ခ ပြဿနာ များဖြစ်ပွားချိန် ပြီးခဲ့သည့် ဇွန်လက ကုလသမဂ္ဂ ၀န်ထမ်းများ အပါအ၀င် အင်န်ဂျီအိုမှဝန်ထမ်း စုစုပေါင်း ၁၀ ဦး ခန့်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ၎င်းတို့ အနက်မှ ငါးဦးမှာ ယခုလ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့များတွင် စစ်တွေနှင့် ဘူးသီးတောင် အကျဉ်းထောင်များမှ လွတ်မြောက်လာခဲ့သည်။
ထို့ကြောင့် လက်ရှိတွင် ၀န်ထမ်းစုစု ပေါင်း ရှစ်ဦးလွတ်မြောက်ခဲ့ပြီး ကုလ သမဂ္ဂ၀န်ထမ်းတစ်ဦးနှင့် အိုင်အင်န်ဂျီအို ၀န်ထမ်းအချို့အား ဆက်လက်ဖမ်းဆီး ထိန်းသိမ်းထားဆဲဖြစ်သည်။
ကုလသမဂ္ဂနှင့် လူသားချင်းစာနာ
ထောက်ထားမှုဆိုင်ရာဌာနေညှိနှိုင်းရေးမှူး
Mr. Ashok Nigamက မြန်မာအစိုးရ ထံသို့ ဆက်လက် ဖမ်းဆီးထိန်းသိမ်း လျက်ရှိသော ကုလသမဂ္ဂနှင့် အင်န်ဂျီအို ၀န်ထမ်းများအား အမြန်ဆုံး လွှတ်ပေးပါ
ရန် ဩဂုတ်လ ၁၉ ရက်နေ့၌ ကျရောက်
သည့် ကမ္ဘာ့လူသားချင်း စာနာ ထောက်
ထားမှုဆိုင်ရာ အထိမ်းအမှတ် နေ့တွင် ပြောကြားခဲ့သည်။
