သဘင်ပညာရှင်များအစည်းအရုံး ပြန်လည် ရွေးကောက်မယ့်အစီအစဉ် ရက်ရွှေ့ဆိုင်းလိုက်
အတွဲ ၃၀ ၊ အမှတ် ၅၈၄ ( ၃၁ ၊ ၈ - ၆ ၊ ၉ ၊ ၂၀၁၂)
မြန်မာနိုင်ငံ သဘင်ပညာရှင်များအစည်းအရုံးရဲ့ အမှုဆောင်သစ်များ ပြန်လည်ရွေးကောက်မယ့် အစီ အစဉ်ကို ဩဂုတ်လထဲမှာ ပြုလုပ်သွားဖို့ သတ်မှတ်ထား ရာက မြန်မာနိုင်ငံ အမျိုးသားယဉ်ကျေးမှု တိုင်းရင်းသား ရိုးရာ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲအပြီး ၂၀၁၂ ခုနှစ်၊ နှစ်ကုန် ပိုင်းအထိ ရွှေ့ဆိုင်းလိုက်တယ်လို့ သိရပါတယ်။
ဒီအတွက် ပြန်လည်ရွေးကောက်ပွဲကို ကြီးကြပ် ဆောင်ရွက်ပေးမယ့် ကြီးကြပ်ရေးကော်မတီဝင်တွေကို ရွေးချယ် အဆိုတင်သွင်းမယ့် အစီအစဉ်ကိုလည်း စက်တင်ဘာလဆန်းမှာမှ ကျင်းပသွားမှာပါ။
သဘင်ပညာရှင်များအစည်းအရုံး(ဗဟို)ကို နိုင်ငံ တစ်ဝန်းမှာရှိတဲ့ သဘင်ပညာရှင်များရဲ့ ဆန္ဒနဲ့အညီ ဒီမိုကရေစီ နည်းလမ်းတကျ ပြန်လည်ဖွဲ့စည်းဖို့အတွက် ညှိနှိုင်းဆွေးနွေးပွဲကို ဩဂုတ်လ ၁၆ ရက်နေ့က နေပြည်တော်၊ ယဉ်ကျေးမှုဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ရာ ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပြည်ထောင်စု ၀န်ကြီး၊ ဒုတိယ၀န်ကြီးနဲ့ နိုင်ငံတစ်ဝန်းမှ သဘင်ကိုယ် စားလှယ်ပေါင်း ၂၈၀ ကျော် တက်ရောက်ခဲ့ကြပြီး ရွေးကောင်ပွဲရက် ရွှေ့ဆိုင်းဖို့အတွက် သဘောတူညီမှု ရရှိခဲ့ကြတာ ဖြစ်ပါတယ်။
"ကျင်းပနေကျဖြစ်တဲ့ အမျိုးသားယဉ်ကျေးမှု ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲက ဒီနှစ်ဆိုရင် တိုင်းရင်းသားရိုးရာ အဆို၊ အကတွေလည်း ပါဝင်တော့မှာမို့ အမျိုးသားထုတစ်ခု လုံးအတွက် အလွန်အရေးကြီးပါတယ်။ ဒါကြောင့်၊ ကျွန်တော်တို့ သဘင်အစည်းအရုံးအသစ် ပြန်လည် ဖွဲ့စည်းမယ့်ကိစ္စကို အများဆန္ဒနဲ့အညီ နောက်ရွှေ့ လိုက်တာပါ။ ပြီးတော့ အခုလောလောဆယ်မှာလည်း သဘင် အစည်း အရုံးက ပြိုကွဲပျက်စီးနေတဲ့ အခြေအနေ လည်းမဟုတ်ပါဘူး" လို့ မြန်မာနိုင်ငံ သဘင်ပညာရှင် များအစည်းအရုံး (ဗဟို) မှာ တွဲဖက်အတွင်းရေးမှူးအဖြစ် လက်ရှိ တာဝန်ယူထားတဲ့ ဦးမိုးမင်းက ပြောပါတယ်။
နိုင်ငံတစ်ဝန်းလုံးမှာ သဘင်အနုပညာရှင်ပေါင်း ရှစ်သောင်းနီးပါးရှိပြီး အထင်ကရမြို့ကြီးတွေဖြစ်တဲ့ ရန်ကုန်နဲ့ မန္တလေးတို့မှာ တစ်သောင်းခွဲစီနဲ့ မော်လမြိုင် မြို့မှာ ၁၂,၀၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။
"မြန်မာနိုင်ငံမှာရှိတဲ့ အနုပညာအစည်းအရုံးတွေထဲ မှာ လူဦးရေအများဆုံးဖြစ်တဲ့ သဘင်အစည်းအရုံး အနေနဲ့ အချိန်တိုအတွင်း အသစ်ပြန်လည်ဖွဲ့စည်းဖို့လည်း မလွယ်ကူလှပါဘူး။ အဲဒါကြောင့် ကြီးကြပ်ရေး ကော်မတီဝင်တွေကို အရင်ရွေးချယ်သွားမှာပါ။ အဓိက အရေးကြီးတာက သဘင်ထုတစ်ခုလုံးက လာမယ့် အသစ်ပြန်လည် ဖွဲ့စည်းရေးအတွက် အမှုဆောင်သစ်တွေ ရွေးချယ်တဲ့ နေရာမှာ အဲဒီကြီးကြပ်ရေးကော်မတီ ၀င်တွေရဲ့ အဆုံးအဖြတ်ကို လိုက်နာကြဖို့ပါပဲ" လို့ ဦးမိုးမင်းက ပြောပါတယ်။
သဘင်အစည်းအရုံးရဲ့ ဖွဲ့စည်းပုံ ပိုမိုတိုးတက်ကောင်း မွန်လာဖို့၊ မှန်ကန်တဲ့ကော်မတီဝင်တွေ ရွေးကောက် တင်မြှောက်ဖို့၊ သဘင် လောကဘက်စုံဖွံ့ဖြိုး တိုးတက်လာဖို့နဲ့ သဘင်အနုပညာရှင်တွေအတွက် လိုအပ်တဲ့ သင်တန်းနည်းပညာတွေ ပို့ချသင်ယူနိုင်ဖို့ စတဲ့ ရည်ရွယ် ချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ ကြီးကြပ်ရေး ကော်မတီဝင်တွေကို အရင်ရွေးချယ်ခြင်းဖြစ်ပါတယ်။
"တိုင်းနဲ့ပြည်နယ်အသီးသီးမှာ၊သဘင်အစည်းအရုံး ရဲ့ ကော်မတီဝင် မြို့နယ်ပေါင်း ၁၅၃ မြို့နယ်ရှိတယ်။ သဘင်ပညာရှင်တွေက ကိုယ်သဘောတူတဲ့ ကြီးကြပ်သူ တွေကို လေးမြို့နယ်ကို တစ်ဦးနှုန်းနဲ့ အစည်းအရုံး(ဗဟို)ကို ဩဂုတ်လ ၃၀ ရက်နေ့အပြီး စာရင်း ပို့ရမှာပါ။နောက်ဆုံးစာရင်းလက်ခံမယ့် နေရာကတော့ မြန်မာ နိုင်ငံ အနုပညာဦးစီးဌာနက ဖြစ်ပါတယ်" လို့ ကြီးကြပ်ရေး ကော်မတီ အဖွဲ့ဝင်တွေ ရွေးချယ်မယ့်ပုံစံကို ဦးမိုးမင်းက ပြောပြပါတယ်။
ကြီးကြပ်သူတွေကို ရွေးချယ်တဲ့အခါမှာလည်း လောကသားတွေက မဲပေးစနစ်နဲ့ ရွေးချယ်သွားကြမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ "အဲဒီလို ရွေးပြီးသွားရင် အသစ်ပြန်လည်ဖွဲ့စည်းမယ့် ကိစ္စကို၊စဉ်းစားရမှာပါ။ အဲဒီမှာ နှစ်ချက်ရှိတယ်။ ဗဟိုအစည်းအရုံးကို အရင်ဖွဲ့ပြီး အောက်ခြေမြို့နယ်ပိုင်း အထိ တစ်ဆင့်ချင်းဖွဲ့သွားမလား၊ မြို့နယ်တွေကနေ တစ်ဆင့်ချင်း ဗဟိုအထိ ပြန်လည်ဖွဲ့မလားဆိုတာကို ပေါ့" လို့ ပြောပါတယ်။
