မြန်မာ-ထိုင်း နှစ်နိုင်ငံခရီးသွား လုပ်ငန်း ပူးပေါင်းမြှင့်တင်မည်
အတွဲ ၃၀ ၊ အမှတ် ၅၈၅ ( ၇ - ၁၃ ၊ ၉ ၊ ၂၀၁၂)
ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံနှင့် ပူးပေါင်း ပြီး နှစ်နိုင်ငံ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ရန် စိတ်အား ထက်သန်ကြောင်း ထိုင်း ခရီးသွားလုပ်ငန်းအဖွဲ့ (တီအေတီ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
"ထိုင်းနိုင်ငံက မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းကို မြှင့်တင်ပေးလိုပါတယ်။ကျွန်မတို့ ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် လုပ်ဆောင် လာခဲ့တာ နှစ်ပေါင်း ၅၀ လောက်ရှိပါ ပြီ။ နောက် ကျွန်မတို့ အိမ်နီးချင်းနိုင်ငံတွေရဲ့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး မြှင့်တင်ပေးဖို့လည်း လိုအပ်တယ်လို့ ယုံကြည်ပါတယ်။
အထူးသဖြင့် ၂၀၁၅ ခုနှစ်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ အားလုံးပေါင်းပြီး အာဆီယံခရီးသွား ဒေသတစ်ခုတည်းအဖြစ် မြှင့်တင်မှာ ဖြစ် တဲ့အတွက် အိမ်နီးချင်းနိုင်ငံတွေနဲ့ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု အခန်းကဏ္ဍက ပိုအရေးပါ လာပါတယ်" ဟု တီအေတီမှ ဈေးကွက်စီမံခန့်ခွဲရေး အရာရှိ မစ္စ Siriges-a-nong Trirattanasongpol က လွန်ခဲ့သော သီတင်းပတ်က ရန်ကုန်မြို့ ချက်ထရီယံ ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် ထိုင်းခရီး သွားလုပ်ငန်းမြှင့်တင်ပွဲ၌ ပြောသည်။
"တီအေတီ အနေနဲ့ မြန်မာနိုင်ငံက ပုဂ္ဂလိကခရီးသွားလုပ်ငန်းအဖွဲ့အစည်း တွေ ပူးပေါင်းဆောင်ရွက်နေတာ ငါးနှစ် ခြောက်နှစ် လောက် ရှိပါပြီ။ နောက် နှစ်နိုင်ငံအစိုးရကြား ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးနဲ့ ပတ်သက်ပြီး လတ်တလော လပိုင်းက ဆွေးနွေးဖြစ်ခဲ့ ပါသေးတယ်" ဟု ၎င်းကပြောသည်။
ယခုနှစ် ကျင်းပသော တီအေတီ ထိုင်း ခရီးသွားလုပ်ငန်းမြှင့်တင်ပွဲတွင် ထိုင်းနိုင်ငံမှ ဟိုတယ်ရှစ်လုံး၊ ခရီးသွားလုပ်ငန်း ကုမ္ပဏီလေးခု၊ ခေတ်မီကစားကွင်း နှစ်ခု နှင့် လေကြောင်းလိုင်း နှစ်လိုင်းတို့ တက်ရောက်ခဲ့ကြသည်။ ထို့ပြင် ထိုင်းနိုင်ငံသို့ မြန်မာခရီးသွား ဧည့်သည် အ၀င်မှာလည်း အနည်းငယ် မြင့်တက်လာကြောင်း မစ္စ Siriges-a-nong Trirattanasongpol က ပြောကြားသည်။
ထိုင်းခရီးသွားလုပ်ငန်း ၀န်ကြီးဌာန ထုတ်ပြန်ချက်အရ ယခုနှစ် ဇန်န၀ါရီလ မှ မေလအတွင်း မြန်မာခရီးသွားဧည့် သည် စုစုပေါင်း ၅၃,၂၇၁ ဦးဝင်ရောက် ခဲ့ကြောင်း သိရှိရသည်။ ထိုင်းနိုင်ငံသို့ ၀င်ရောက်သော အာဆီယံနိုင်ငံသားများ အနက် မြန်မာနိုင်ငံသည် ဘရူနိုင်းနိုင်ငံ ပြီးလျှင် ထိုင်းနိုင်ငံသို့ ခရီးသည်သွားရောက်မှု ဒုတိယအနည်းဆုံးဖြစ်သည်။
ထိုင်းအစိုးရအနေဖြင့် မြန်မာခရီးသွား ဧည့်သည်များအတွက် ဆိုက်ရောက် ဗီဇာထုတ်ပေးရန် အလား အလာရှိမရှိ မေးမြန်းရာ ၎င်းက ဗီဇာကိစ္စသည် ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံ ဆိုင်ရာသံရုံးနှင့်သာ တိုက်ရိုက်သက်ဆိုင်ကြောင်း ပြောသည်။
"ကျွန်မတို့ ကြုံရင်တော့ ဒီအကြောင်းကို ၀န်ကြီးဌာနကို တင်ပြမှာပါ။ နောက် တီအေတီအနေနဲ့လည်း မြန်မာခရီးသည် တွေအတွက် ဆိုက်ရောက်ဗီဇာ ရစေချင် ပါတယ်"ဟု မစ္စ Siriges-a-nong Trirattanasongpol က ပြောသည်။
