လေဖိအားနည်းရပ်ဝန်းကြောင့် မိုးရေချိန် စံချိန်သစ်များရရှိ
အတွဲ ၃၀ ၊ အမှတ် ၅၈၅ ( ၇ - ၁၃ ၊ ၉ ၊ ၂၀၁၂)
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ် နေသော လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် မြန်မာနိုင်ငံအလယ်ပိုင်း ဒေသများ၌ မိုးရေချိန် စံချိန်သစ်များ ရရှိခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
စက်တင်ဘာလ ၅ ရက်နေ့ မိုး/ဇလ ဌာန၏ တိုင်းထွာချက်အရ မန္တလေးတိုင်း ဒေသကြီး၊ ပခုက္ကူမြို့နှင့် ရမည်းသင်းမြို့ များတွင် မိုးရေချိန် စံချိန်သစ်များအဖြစ် ၅ ဒသမ ၃၅ လက်မနှင့် ၄ ဒသမ ၄၅ လက်မတို့ အသီးသီးရရှိခဲ့သည်။
"ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ် နေတဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် မကွေး၊ မန္တလေးနဲ့ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း ဒေသတွေမှာ မိုးရ တယ်။ မြန်မာနိုင်ငံမြောက်ပိုင်းနဲ့ ရခိုင် ပြည်နယ်တွေမှာလည်း ဒီလေဖိအား နည်းရပ်ဝန်းကြောင့် မိုးတွေရွာတယ်။ ဒါပေမယ့် ဒီလေဖိအားနည်းရပ်ဝန်းဟာ ဒီနေ့ ညနေပိုင်းမှာ အိန္ဒိယကုန်းပေါ်ကို တက်တော့မှာဖြစ်လို့ မုန်တိုင်းငယ်တော့ ဖြစ်မလာ နိုင်ပါဘူး။ ဒါပေမယ့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေမှာ မိုးတွေ ရွာမယ်။ ဒါဆိုရင် နောက်ဆက်တွဲဖြစ် တတ်တဲ့ ရေကြီးတာ၊ လမ်းပန်းဆက် သွယ်ရေး ပြတ်တောက်တာတွေ သတိ ထားရမယ်" ဟု ၎င်းကပြောသည်။
"မိုးရွာတာတော့ နှစ်ရက်လောက်ရှိပြီ။ မြိုင်လမ်းနဲ့ ပေါက်လမ်းဆုံမှာ မနေ့က မိုးရွာနေတုန်း ရေပေါင်လယ်လောက် တက်ပေမယ့် ခဏ နေတော့ ပြန်ကျသွားတယ်။ မြောင်းသေးလို့ ရေကရုတ်တရက် မြစ်ထဲကို မဆင်းနိုင်လည်း နည်းနည်း တက်တာပါ။ ဒီတစ်မိုးလုံး ဒီတစ်ခါနဲ့ပါ ဆို မိုးရွာတာ သုံးခါလောက်ပဲရှိသေး တယ်။ မိုးကို မျှော်နေကြတာပါ။ ပူလိုက် တာလည်း အလွန်ပဲ" ဟု ပခုက္ကူမှ ဦးအောင်ကျော်မိုးက ပြောသည်။
"ဒီဘက်က ပြောင်းလဲစိုက်ရမယ်၊ နှမ်းလည်း စိုက်ရမယ်၊ ပဲတီစိမ်းလည်း စိုက်ရမယ်၊ ဒီမိုးဟာ တောင်သူတွေ အတွက် ရွှေမိုးငွေမိုးပဲ။ ရွာတာကောင်း တယ်" ဟု ပခုက္ကူမှ ဒေါက်တာသက်လွင် ကပြောသည်။ စက်တင်ဘာလ ၈ ရက်၊ ၉ ရက်ခန့် တွင် ဘင်္ဂလား ပင်လယ်အော်၌ လေဖိအား နည်းရပ်ဝန်းတစ်ခု ထပ်မံဖြစ်ပေါ်နိုင် ကြောင်း မိုး/ဇလဌာနမှ သိရသည်။
