ဥပဒေစိုးမိုးရေးနှင့် လွတ်လပ်သောတရားစီရင်ရေး ခွဲခြား၍မရကြောင်း ဥပဒေပညာရှင်များဆို
အတွဲ ၃၀ ၊ အမှတ် ၅၈၆ ( ၁၄ - ၂၀ ၊ ၉ ၊ ၂၀၁၂)

တွေ့ဆုံပွဲသို့တက်ရောက်လာသည့် သူရဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဥပဒေပညာရှင်များ။
ဓာတ်ပုံ-အေအက်ဖ်ပီ
ဥပဒေစိုးမိုးရေးသည် နိုင်ငံတွင် အထူး သဖြင့် လိုအပ်နေပြီး ဥပဒေစိုးမိုးရေးနှင့် လွတ်လပ်သော တရားစီရင်ရေးစနစ် သည် ဒွန်တွဲနေကြောင်း ရန်ကုန်မြို့၌ ကျင်းပသည့် ပြည်သူ့လွှတ်တော် တရား ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်း ရေးကော်မတီနှင့် ဥပဒေပညာရှင်များ တွေ့ဆုံပွဲတွင် တရားလွှတ်တော်ရှေ့နေ ဦးကြည်ဝင်းက ပြောသည်။
"အထူးသဖြင့် ..အထူးသဖြင့် ဥပဒေ စိုးမိုးရေးဟာ ကျွန်တော်တို့နိုင်ငံမှာ လိုအပ်နေတဲ့ ကိစ္စတစ်ခုပါ။ .... ဥပဒေ စိုးမိုးရေးသည် နိုင်ငံတော်ရဲ့ ဥပဒေတွေပြဋ္ဌာန်းတဲ့အပေါ်မှာ အသက် ပါ။ တိုတိုလေးတစ်ခု .. ဥပဒေစိုးမိုးရေး နဲ့ ဒွန်တွဲနေတာ ဘာလဲဆိုတော့ လွတ်လပ်သော judiciary၊ Indepen-dence of Iudiciary ၊ ဒီဥစ္စာက အမြွှာ ညီနောင်..နော်။ ဥပဒေစိုးမိုးရေးနှင့် လွတ်လပ်တဲ့ တရားစီရင်ရေးဟာ အမြွှာ ညီနောင်ဖြစ်တယ်"ဟု ၎င်းက တွေ့ဆုံပွဲ အဖွင့်စကားပြောရာတွင် ပြောသည်။
၁၉၅၀ ခုနှစ်အတွင်း ရန်ကုန်မြို့တော် ကို သူပုန်များ ၀ိုင်းနေစဉ်၌ပင် ထိုစဉ်က ရဲမင်းကြီးက ကျမ်းကျိန်လွှာနှစ်ခုဖြင့် ချုပ်နှောင်ထားသည့် သူပုန်ခေါင်းဆောင် တစ်ဦးဖြစ်သူ ဗိုလ်ရန်နိုင်ကို ဥပဒေနှင့် မညီညွတ်သဖြင့် ချက်ချင်းလွှတ်စေရန် တရားသူကြီးချုပ်က အမိန့်ချမှတ်နိုင်ခဲ့ သည့် ဖြစ်စဉ်ကို ဥပဒေ စိုးမိုးမှုနှင့် လွတ်လပ်သော တရားစီရင်ရေးစနစ်၏ ပြယုဂ်အဖြစ်လည်း ထည့်သွင်းပြောဆို ခဲ့သည်။
တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ၎င်းကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဥပဒေပညာရှင်များ တက်ရောက်ခဲ့ပြီး ယခုတွေ့ဆုံပွဲသည် ပြည်ထောင်စု မြန်မာ နိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက် များတွင် ပါရှိသည့် 'ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဖွဲ့စည်းသည့်ပြည်ထောင်စု အဆင့်အဖွဲ့အစည်း' စကားရပ်သည် လွှတ်တော်များက ဖွဲ့စည်းသည့် ကော် မတီ၊ ကော်မရှင်နှင့် အဖွဲ့များကို မဆိုလို ကြောင်း၊ ချမှတ်ခဲ့သည့် စီရင်ချက်နှင့် ပတ်သက်၍ အဖွဲ့ဝင်ကိုးဦးပါ မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးအဖွဲ့တစ်ရပ် လုံးကို လွှတ်တော်မှ စွပ်စွဲပြစ်တင်ကာ ဆက်လက်တာဝန်ထမ်းဆောင်ရန် မသင့် ကြောင်း ဆုံးဖြတ်ချက် ချပြီးနောက် ပထမဆုံးပြုလုပ်သည့် လွှတ်တော်နှင့် ဥပဒေပညာရှင်များ တွေ့ဆုံပွဲဖြစ်သည်။
