အများလက်ခံနိုင်မည့် အချက်များကို စာနယ်ဇင်း ကောင်စီ(ယာယီ) တွင် ထည့်မည်

ကျော်ဆုမွန်
အတွဲ ၃၀ ၊ အမှတ် ၅၈၇ ( ၂၁ - ၂၇ ၊ ၉ ၊ ၂၀၁၂)

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)ကို ပြီးခဲ့သည့် စက်တင်ဘာလ ၁၇ ရက်နေ့က ဖွဲ့စည်းလိုက်ပြီးနောက် ယခင် ဖွဲ့ထားသည့် အမြုတေစာနယ်ဇင်းကောင်စီတွင် ပါဝင်သောအချက်များနှင့် မတူညီသည့် အများလိုလားချက်များကို ထည့်သွင်းနိုင်ရန် ဆောင်ရွက်သွားမည်ဟု ထိုကောင်စီ၏ ဒုတိယဥက္ကဋ္ဌ ဦးစိုးသိမ်း(မောင်ဝံသ)က ပြောသည်။

ပြန်ကြားရေးဝန်ကြီးသစ် ဦးအောင်ကြည် စတင်တာဝန်ယူပြီး တစ်လအတွင်း ယခင် ပြန်ကြားရေး ၀န်ကြီးဟောင်းလက်ထက်က ဖွဲ့စည်းခဲ့ပြီး အများလက်ခံနိုင် ခြင်းမရှိခဲ့သည့် အမြုတေ စာနယ်ဇင်း ကောင်စီအစား မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)ကို ပြန်လည်ဖွဲ့စည်းပေးခဲ့ရာ ဥက္ကဋ္ဌမှာ ယခင်အဖွဲ့ဥက္ကဋ္ဌ တရားရုံးချုပ် တရားသူကြီးဟောင်း ဦးခင်မောင်အေး ဖြစ်သည်။

အများဆန္ဒအရ မဲပေးရွေးချယ်ခဲ့ရာ တွင် ဦးစိုးသိမ်းက ဒုတိယဥက္ကဋ္ဌ ဖြစ်လာကာ၊ သည်ဗွိုက်စ်ဂျာနယ်မှ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက အတွင်းရေးမှူးနှင့် အေးရှားဖိမ်း မီဒီယာမှ ဒေါ်နန်းကလျာဝင်းက တွဲဖက်အတွင်းရေးမှူး ဖြစ်လာသည်။

"အခု ကောင်စီဖွဲ့ပြီးတော့ အများ လက်ခံနိုင်မယ့်အချက်တွေကို ပြန်လည်သုံးသပ် ထည့်သွင်းသွားဖို့ စီစဉ်နေပါတယ်" ဟု ဦးစိုးသိမ်းက ပြောသည်။

ယခုဖွဲ့စည်းလိုက်သည့် စာနယ်ဇင်း ကောင်စီ(ယာယီ)တွင်မူ ကောင်းဂုဏ် တစ်ခုခုဖြင့် ထင်ရှားသည့် နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ် ၁၀ ဦးကိုသာ ကောင်စီ၏ သုံးပုံတစ်ပုံအင်အားဖြင့် အမည်စာရင်းတင်သွင်းခဲ့ခြင်းဖြစ်ကာ၊ ကျန်သုံးပုံနှစ်ပုံအင်အားကို စာနယ်ဇင်းအဖွဲ့ အသီးသီးက တင်သွင်းခဲ့ခြင်းဖြစ်ပြီး အဖွဲ့ဝင် စုစုပေါင်း ၂၉ ဦး ပါဝင်သည်။