စောဒကတက်မှုများစွာနှင့် ဒဗ္ဗလျူဘီအို ၀ယ်လ်တာဝိတ် လက်ဝှေ့ချန်ပီယံသစ် တင်မို သီဘရက်ဒလေ

ကျော်ကျော်မင်း
အတွဲ ၂၉ ၊ အမှတ် ၅၇၄ (၂၂ - ၂၈ ၊ ၆ ၊ ၂၀၁၂)

ပက်ကွီယိုနှင့် ဘရက်ဒလေတို့ ယှဉ်ပြိုင်ထိုးသတ်နေစဉ်။
ဓာတ်ပုံ - အေအက်ဖ်ပီ

ကမ္ဘာ့လက်ဝှေ့ပရိသတ် စိတ်ဝင်စားတဲ့ WBO ၀ယ်လ်တာဝိတ်သရဖူ လုပွဲကြီး ကတော့ လာ့စ်ဗေးဂတ်စ်က MGM Grand Garden Arena မှာ ခြိမ့်ခြိမ်သဲသဲ ကျင်းပပြီးစီးခဲ့ပြီးဖြစ်ပေမယ့် ချန်ပီယံသစ် ပေါ်ထွက်လာမှုနဲ့ ပတ်သက်ပြီး ဝေဖန်စောကြောမှုများစွာ ကျန်ရှိနေသလို စောဒကတက်မှု များစွာကလည်း ပဲ့တင် ထပ်နေဆဲပဲဖြစ်ပါတယ်။

ကမ္ဘာကျော် ဖိလစ်ပိုင်ပြိုင်စံရှား လက်ဝှေ့ကျော် ပက်ကွီယိုပိုင်ဆိုင်ထားတဲ့ WBO ၀ယ်လ်တာဝိတ်သရဖူကို ပူပူနွေးနွေး လက်လွဲယူငင်သွားခဲ့ သူကတော့ အမေရိကန်စူပါစတားလက်ဝှေ့ကျော် တင်မိုသီ ဘရက် ဒလေပါပဲ။

ပရိသတ် တစ်သောင်းခွဲ ရှေ့မှောက်မှာ အကြိတ်အနယ် ပွဲချီပြည့် ၁၂ ချီ ထိုးသတ်ခဲ့တဲ့ ဒီသရဖူစိန်ခေါ်ပွဲမှာ ဒိုင်လူကြီးနှစ်ဦးက ဘရက်ဒလေကို (၁၁၅-၁၁၃) အမှတ်ပေးခဲ့ပြီး ကျန်အဖွဲ့ဝင်တစ်ဦးကသာ (၁၁၃- ၁၁၅) ရမှတ်ပေးခဲ့ တာမို့ အငြင်းပွားဖွယ်ရာ အခြင်းအရာများစွာ နဲ့ WBO ချန်ပီယံသစ် ထွက်ပေါ် လာခြင်းပဲဖြစ်ပါတယ်။

Desert Storm လို့ အမေရိကန် လက်ဝှေ့ ပရိသတ်တွေ အမည်သညာ ပေးထားခြင်းခံရသူ လက်ရှိ WBO ၀ယ်လ်တာဝိတ်ချန်ပီယံ တင်မိုသီ ဘရက်ဒလေဟာ ကယ်လီဖိုးနီးယား ဇာတိသားတစ်ဦးဖြစ်ပြီး Cathedral City မှာ မွေးဖွားကြီးပြင်းလာခဲ့သူ အားကစား ငွေကြယ်ပွင့်တစ်ပွင့်ပဲဖြစ်ပါတယ်။

သာမန်လက်လုပ်လက်စား မိဘနှစ်ပါးက ပေါက်ဖွားလာသူဖြစ်တာမို့ ဘရက်ဒလေ ဖြတ်သန်းခဲ့ရတဲ့ ဘ၀ခရီးလမ်းက အတန်ငယ် ကြမ်းတမ်းခဲ့တယ် လို့ ဆိုရမှာပဲပေါ့။

ပညာတစ်ပိုင်းတစ်စနဲ့ လူငယ်တစ်ယောက်အတွက် စားပွဲထိုး အလုပ်၊ ပန်းကန်ဆေးအလုပ်ကလွဲလို့ ရွေးချယ်စရာများများစားစား မရှိခဲ့ပါဘူးလို့ လက်ဝှေ့စတား ဘရက်ဒလေက ပွင့်ပွင့်လင်းလင်းစကားဆိုခဲ့ဖူးပါတယ်။

ဘ၀တက်လမ်းရှာသူလူငယ်တစ်ယောက် အတွက် လက်ဝှေ့ကြိုးဝိုင်းက စိတ်ဝင်စား စရာဖြစ်လာခဲ့ရပြီး သက်သတ်လွတ်စား သူ ဘရက်ဒလေဟာ ပရော်ဖက်ရှင်နယ် လက်ဝှေ့သမားဘ၀ကို အမေရိကမြေမှာပဲ စတင်ခဲ့သူဖြစ်ပါတယ်။

၂၀၀၄ ဩဂုတ် ၂၀ ရက်နေ့မှာ ပြိုင်ဘက် ဖရန် စစ္စကိုမာတီနက်ဇ်ကို ဒုတိယပွဲချီမှာ အလဲထိုးပြီး ပရော်ဖက်ရှင်နယ် လက်ဝှေ့ အောင်လံ စတင်လွှင့်ထူနိုင်ခဲ့သူ သံမဏိ လက်သီးပိုင်ရှင်ဟာ ယနေ့အချိန်ထိ စိန်ခေါ်ပွဲပေါင်း ၂၉ ပွဲ နွှဲထားပြီး ရှုံးပွဲမရှိ၊ အလဲထိုးပွဲ ၁၂ ပွဲ စံချိန်နဲ့အတူ ကမ္ဘာ့ လက်ဝှေ့ကောင်းကင်ယံမှာ ထွန်းလက် ကြွားဝင့်နေသူပဲဖြစ်ပါတယ်။

WBC လူငယ်ဝယ်လ်တာဝိတ် ချန်ပီယံနဲ့ လိုက်ဝယ်လ်တာဝိတ်သရဖူ တို့ကို အသီးသီးပိုင်ဆိုင်ခဲ့အပြီးမှာ အမေ ရိကန်လက်ဝှေ့စတား ဘရက် ဒလေကို မျက်စိကျသူတွေများလာ ခဲ့တာကတော့ အမှန်ပဲပေါ့။

IBF လိုက်ဝယ်လ်တာဝိတ် သရဖူကို ဆက်လက်ရယူခဲ့သလို ၂၀၀၉ ဧပြီ ၄ မှာ WBO ချန်ပီယံ ကင်ဒေဟို့လ်ကို ပွဲချိန်ပြည့် ၁၂ ချီ ထိုးသတ်ပြီး WBOသရဖူ ပိုင်ရှင်သစ်အဖြစ်နဲ့ မီဒီယာထက်မှာ တာစားခဲ့သူပဲ ဖြစ်ပါတယ်။

၂၀၁၁ နှစ်ဦးမှာလည်း ဘရက်ဒလေဟာ WBOလိုက်ဝယ်လ်တာဝိတ်သရဖူကာကွယ်ပွဲ နွှဲခဲ့ပြီး ပွဲချီ ၁၀ ချီမှာ စိန်ခေါ်သူ WBC ချန်ပီယံ ဒီမွန်အလက်ဇန်ဒါကို အလဲထိုးပြီး ခြွင်းချက်မရှိ သံမဏိလက်သီးပိုင်ရှင်အဖြစ် ရပ်တည်ခွင့်ရခဲ့တာ အားလုံးအသိပါပဲ။

WBA ချန်ပီယံ အမီရာခန်နဲ့ ထိုးသတ်ဖို့ ငြင်းဆိုခဲ့တာကြောင့် ဝေဖန်မှုတွေရှိခဲ့သလို သရဖူစွန့်ခဲ့ရပေမယ့် အချိန်ကာလတိုအတွင်းမှာပဲ ကြိုးဝိုင်းဘုရင်အသွင်နဲ့ သူပြန်လည်ထင်ပေါ်ခဲ့တာကတော့ မလျှော့တဲ့ဇွဲ၊ လုံ့လ၊ ၀ိရိယ အကျိုးဆက်ပဲလို့ ကောင်းချီးပေးရမှာပဲ မဟုတ်ပါလား။

King of the square Ring တစ်ယောက်ပါလို့ မီဒီယာတွေက တင်စား ညွှန်းဆိုနေရသူ ဘရက်ဒလေ ဟာ ပြိုင်ဘက်ကင်း ဖိလစ်ပိုင် စူပါ လက်ဝှေ့ကျော် ပက်ကွီယိုနဲ့ သရဖူလုပွဲနွှဲဖို့ ကမ်းလှမ်းချက်ကိုတော့ မဆိုင်းမတွ ခေါင်းညိတ်လက်သင့်ခံခဲ့တာကတော့ ရရှိမယ့် ဆုကြေးက ၇ ဒသမ ၅ သန်း ပမာဏရှိနေတာကြောင့်ပါလို့ တချို့က ဖွကြပေမယ့် လက်ရှိအချိန်မှာတော့ ခုနစ်နှစ်တာကာလ တစ်လျှောက် အရှုံးဆိုတာမကြားခဲ့ဖူးသူ ပက်ကွီယို တစ်ယောက် အရေးနိမ့်အောင် သူ စွမ်းဆောင်ပြနိုင်ခဲ့ပြီပဲမဟုတ်ပါလား။

ပက်ကွီယိုနဲ့ပွဲအပြီး ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ လမ်းမလျှောက်နိုင်တော့တဲ့အတွက် ၀ှီးချဲနဲ့ရောက်ရှိလာသူ WBO ချန်ပီယံသစ် ဘရက်ဒလေက အခုလို ၀မ်းမြောက်စကားဆိုခဲ့ပါတယ်။

"ဒိုင်လူကြီး သုံးဦးရဲ့အဆုံးအဖြတ်ကို စောဒကတက်စရာမရှိပါဘူး။ ဒီပွဲမှာ ကျွန်တော်နိုင်မယ်လို့ ယုံကြည်ပြီးသားမို့ စိတ်ဆောင်တဲ့ အတိုင်း ထိုက်ထိုက်တန်တန် နိုင်ခဲ့တာပါ။ ပက်ကွီယိုဟာ ကြောက်မက်ဖွယ်ကောင်းတဲ့ သံမဏိလူသား တစ်ဦးပါ။ ကျွန်တော်တို့ မကျေပွဲ ပြန်ဆုံ ခွင့်ရဖို့များပါတယ်"လို့ ၀မ်းမြောက် စကားဆိုသွားပါတယ်။

ပွဲချီကိုးလောက် အထိ အလဲလဲအပြိုပြိုနဲ့ ပက်ကွီယိုရဲ့ ထိုးနှက်မှုအောက်မှာရှိခဲ့သူဟာ နောက်ဆုံးပိတ် ပွဲချီသုံးချီမှာ မာန်တင်းထိုးသတ် နိုင်ခဲ့ပြီး အခုလို ရမှတ်နဲ့နိုင်ခဲ့တာကို ဖိလစ်ပိုင်ပရိသတ်အများစုက မကျေ မချမ်းဖြစ်နေကြသလို ကမ္ဘာ့လက်ဝှေ့ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဗာကာဆယ်ကလည်း သရဖူလုပွဲ ဒုအကျော့ပြန်ကျင်းပပေးဖို့ စီစဉ်နေကြောင်း သတင်းထုတ်ပြန်လာပါတယ်။

စိန်ခေါ်ပွဲပေါင်း ၅၄ ပွဲ နွှဲထားပြီး အလဲထိုးပွဲ ၃၈ ပွဲနဲ့အတူ ရှုံးပွဲနှစ်ပွဲသာ ကြုံဖူးသူ ပက်ကွီယိုကလည်း "ဘရက်ဒလေနဲ့ ဒုအကျော့ ပြန်ဆုံရမှာ သေချာပါတယ်။ ဒီတစ်ခါတော့ သူ့ကို ပွဲချီပြည့် ထိုးသတ်ဖို့ အခွင့်အရေး ကျွန်တော်ပေးမှာမဟုတ်တော့ပါဘူး"လို့ ဆိုထား ပါတယ်။

လာမယ့် နိုဝင်ဘာထဲမှာ ကျင်းပ ဦးမယ့် WBO သရဖူလုပွဲကို လက်ရှိ ချန်ပီယံသစ် ဘရက်ဒလေ အောင်အောင် မြင်မြင်ကာကွယ်နိုင်ပါ့ မလားဆိုတာကတော့ စိတ်ဝင်စားစရာ ပုစ္ဆာတစ်ပုဒ် မဟုတ်ပါလား။