အားကစားအဖွဲ့များ နေပြည်တော်သို့ ပြောင်းရွှေ့ကြရန် ၀န်ကြီးဌာန၏ ညွှန်ကြားချက် လက်တွေ့နှင့်ကင်းကွာ
အတွဲ ၂၉ ၊ အမှတ် ၅၇၄ (၂၂ - ၂၈ ၊ ၆ ၊ ၂၀၁၂)

ဆီးဂိမ်းပြိုင်ပွဲအတွက် နေပြည်တော်တွင် တည်ဆောက် လျက်ရှိသော ဘောလုံးကွင်းတစ်ကွင်း။
ဓာတ်ပုံ - အေအက်ဖ်ပီ
မြန်မာနိုင်ငံတွင် လက်ခံကျင်းပမည့် (၂၇)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၏ ပွဲအများစုကို နေပြည်တော်၌ ကျင်းပမည်ဖြစ်ရာအားကစားအဖွဲ့ချုပ်များ အနေဖြင့် နေပြည်တော်သို့ ဆောလျင်စွာ ပြောင်းရွှေ့ကြရန် အားကစား ၀န်ကြီး ဌာနက ညွှန်ကြားထားသည်။
သို့သော် အားကစားအဖွဲ့ချုပ်များသည် ၀န်ကြီး ဌာန၏ ညွှန်ကြားချက် နှင့် အညီ ပြောင်း ရွှေ့ရန် အဆင်သင့်မဖြစ်သေးသလို အဆင်ပြေ ချောမွေ့ခြင်းလည်း မရှိချေ။
အားကစားအဖွဲ့ချုပ် အားလုံးသည် စတင်ဖွဲ့စည်းသည့် အချိန်မှစ၍ မြန်မာနိုင်ငံ၏ မြို့တော်ဟောင်းနှင့် စီးပွားရေး မြို့ဖြစ်သော ရန်ကုန်မြို့တွင် အခြေစိုက် ခဲ့သည်။
ဆီးဂိမ်းတွင် ကျင်းပမည့် အားကစား အလိုက် ပြိုင်ပွဲများ၏ လေးပုံ သုံးပုံခန့် သည် မြန်မာနိုင်ငံ၏မြို့တော်သစ် နေပြည်တော်တွင် ကျင်းပမည်ဖြစ်၍ အားကစားရုံများနှင့် အားကစားကွင်း များကို နေပြည်တော်တွင် တည်ဆောက် လျက်ရှိသည်။
ထိုကဲ့သို့ နေပြည်တော်ရှိ ပြီးမြောက်သွားသော အားကစားရုံများ သို့ ပြောင်းရွှေ့ခြင်းအားဖြင့် ဆီးဂိမ်းတွင် မိမိတို့ ယှဉ်ပြိုင်ရမည့် ကွင်းများ၏ ပထ၀ီ အနေအထားနှင့် ရေလေကို ပို၍ အကျွမ်းတ၀င် သိထားနိုင်သဖြင့် အခွင့်အလမ်း သာမည် ဖြစ်သည်။
ယခုကဲ့သို့ အခွင့်အရေးများ ရှိသော် လည်း နေပြည်တော်သို့ အဆောတလျင် ပြောင်းရွှေ့ခြင်းအားဖြင့် အားကစား တိုးတက်ရေးကို တစ်မျိုးတစ်ဖုံ ထိခိုက်စေ နိုင်သည်ဟု အားကစားအဖွဲ့ချုပ်တချို့ က ထင်မြင်ကြသည်။
အချို့အားကစား အဖွဲ့များသည် မိမိတို့ အားကစား လေ့ကျင့်ခန်းများအတွက် လိုက်လျော ညီထွေဖြစ်ပြီးသော ပတ်ဝန်းကျင်အား စွန့်လွှတ်ကာ ပတ်ဝန်းကျင်သစ်တွင် လုပ်ငန်းစရမည်ဖြစ်၍ အခက်အခဲ ဖြစ်လျက်ရှိသည်။
"ဒီက အဆောက်အအုံ အနေအထားနဲ့ လေ့ကျင့်ရေးဆင်းရတာ တော်တော် အဆင်ပြေတယ်။ ဒီက လှေကားတွေက ခုန်တက်၊ ခုန်ဆင်း လေ့ကျင့်ခန်းလုပ်ဖို့ အတော် အဆင်ပြေတယ်။ နေပြည်တော်မှာကျတော့ နေရာသစ်ဆိုတော့ ကျွန်တော်တို့ရဲ့ လေ့ကျင့် ခန်းတွေ အတွက် အခုလောက်အဆင်ပြေမှာ မဟုတ်ဘူး"ဟု မြန်မာတိုက်ကွမ်ဒို အဖွဲ့ချုပ်မှ နည်းပြဖြစ်သူ ဦးကျော်သန်း ဦးက ပြောသည်။
ရန်ကုန်မှာကဲ့သို့ အဖွဲ့ချုပ်နှင့် လေ့ကျင့်ရေးကွင်းတို့ တွဲဖက်ရှိမနေဘဲ လေ့ကျင့်ရန် လေ့ကျင့်ကွင်းသို့ သွားရ သည့်ခရီး ဝေးကွာသော အဖွဲ့ချုပ်များ လည်းရှိသည်။
"ကျွန်တော်တို့ လှေလှော်သမားတွေ တည်းတဲ့ အဆောင်က လေ့ကျင့်ရေး ဆင်းတဲ့ ပေါင်းလောင်းဆည်နဲ့ တော် တော်ဝေးတယ်။ ကားနဲ့ ၄၅ မိနစ်လောက် သွားရတယ်။ အဲဒီလို အသွားအပြန် ခရီးသွားနေရတာနဲ့ အားတော်တော် ကုန်သွားပြီ။ ရန်ကုန်မှာဆိုရင်တော့ အဆောင်က ဆင်းလိုက်တာနဲ့ အင်းလျားကန်ပဲ"ဟု မြန်မာနိုင်ငံ လှေလှော်အဖွဲ့ ချုပ် အတွင်းရေးမှူး ဦးဖေ၀င်းက ပြောသည်။
အချို့သော အဖွဲ့ချုပ်များကမူ နေပြည်တော်သို့ အချို့ ကိရိယာများကို သယ်ဆောင်မသွားနိုင်ဘဲ အခက်အခဲ တွေ့နေကြသည်။
"ကျွန်တော်တို့ မြင်းစီးအဖွဲ့ချုပ်က ဒီနှစ်ကုန်ပိုင်းလောက်မှာ နေပြည်တော်ကို ပြောင်းမှာ။ အခု နေပြည်တော်မှာ မြင်းရုံတွေ၊ တင်းကုပ်တွေ ဆောက်နေပြီ။ ၀န်ကြီးဌာနက ဖြစ်စေချင်တယ် ဆိုတော့ ကိုယ့်ဘက်က တာဝန်ကျေအောင် လုပ် ပေးရတာပေါ့။ ဒါပေမယ့် လက်ရွေးစင် ကစားသမားတွေနဲ့ မြင်းတွေပဲ ပြောင်းမှာ ပါ။ အဖွဲ့ချုပ်က ရန်ကုန်မှာ ကျန်ခဲ့မယ်။ အဲဒီတော့ မြင်းစီး အားကစားနဲ့ ပတ်သက်တဲ့ ကိရိယာ တန်ဆာပလာတွေပိုင်းမှာ အခက်အခဲရှိနိုင်တယ်။ အဲဒါတွေ အကုန်လုံး နေပြည်တော်ယူသွားလို့ မဖြစ်နိုင်ဘူး"ဟု မြန်မာနိုင်ငံ မြင်းစီး အဖွဲ့ချုပ်၏ မန်နေဂျာ ဦးဇော်ဇော်ရဲက ပြောကြားသည်။
